တရားမျှတမှု ပြန်ပေးပါ


ဘဝကဒီလောက်တိုမှန်းသိခဲ့မယ်ဆိုရင် မင်းတို့ကိုငါပိုချစ်ခဲ့ပါတယ်… မင်းတို့ကိုချစ်တဲ့အကြောင်းတွေလည်း.. မကွယ်မဝှက် အများကြီး ပြောခဲ့ချင်တယ်…….
ဒါပေမယ့်…….. ခုတော့…

မနေ့က ငါမီးရှို့ခံလိုက်ရတယ်
ငါလာတဲ့လမ်းမှာ စောင့်ဖမ်းပြီး ဆိုင်ကယ်ပေါ်ကဆင်းခိုင်း.. ဆိုင်ကယ်ကိုကန်မှောက်… သေနတ်ဒင်နဲ့ငါ့ကျော၊ ခေါင်းကိုရိုက်၊ damper ကားပေါ်အတင်းနှင် တက်ခိုင်းခဲ့တယ်…

ငါအဖမ်းခံလိုက်ရပြီ…
ငါစဉ်းစားရင်း ဖြေသိမ့်ခဲ့မိတာတော့
ဪ… ငါတို့ကိုဖမ်းပြီး အေးဆေးစစ်မေး အဆိုးဆုံးမှ နည်းနည်းလောက် ရိုက်ပုတ်အနိုင်ကျင့်နဲ့ဆို ပြီးသွားလောက်မှာပါပေါ့… သူများတွေလုပ်တဲ့အတိုင်းဆို ရင်လေ… တော်ပါသေးတယ် တွေ့တာနဲ့ တစ်ခါတည်း ပစ်သတ်ခံရတဲ့သူတွေနဲ့စာရင် ငါတို့အဆင်ပြေလောက်မှာပါ (ငါ့ကိုငါဖြေသိမ့်နိုင်သလောက် ဖြေသိမ့်ခဲ့ပါတယ်)
“တက်.. ကားပေါ်တက်…
ဟိုအဒေါ်ကြီး ခင်ဗျားကလေးကော ခေါ်တက်လေ ဒီမှာတစ်ခါတည်း ပစ်သတ်လိုက်ရမလား? ”

တစ်ခုထပ်တွေးလိုက်မိတာလည်း… ‘သြော်…. ကလေးငယ်လေးတွေ အဒေါ်ကြီးတွေပါတော့ ငါတို့အဖွဲ့ကို နည်းနည်းလေး သက်ညှာနိုင်မှာပါလေ’ ဆိုပြီး ဖြေတွေးလိုက်ရသေးတယ်….
ကားပေါ်ရောက်တုန်းပဲရှိသေးတယ်… “ဟျောင် ထွန်းမင်း  အဲ့ဆိုင်ကယ် ကားတွေ ဆီတိုင်ကီအကုန်ဖွင့်…
မီးပစ်ထည့်လိုက်…. အကုန်ရှို့ပစ်”
“ဟုတ်… ဆရာ”
တဲ့….
ဪ… သူ့ဆရာအမိန့်ကို မတွန်းလှန်နိုင်ပဲ ခိုင်းတဲ့အတိုင်းလုပ်ရမှာပေါ့ ကြည့်ရတာ…
ဒါပေမယ့် ငါ့ဆိုင်ကယ်တစ်စီးက အရင်တစ်လ ငါ့မွေးနေ့မှ လွိုင်ကော်မှာအလုပ်လုပ်နေတဲ့ ငါ့အစ်မ လက်ဆောင်ဝယ်ပေးထားတာ အသစ်တိုင်းပဲရှိသေးတယ်လေကွာ…
ဟူး…..
ခုမှတော့ ဘားမှတတ်လည်းမတတ်နိုင် ပြောလည်းရမှာမဟုတ်ပါဘူးလေ……
အသက်ကိုတော့ရန်မပြုသေးတာပဲ ဆက်ဖြေသိမ့်ရတာပေါ့….
ဟူး….. (နောက် သက်ပြင်းတစ်ချက်ချလိုက်မိတယ်)
……………
ဟိုကောင် သိန်းဝင်း….
မျက်ခြေမပြတ်စေ…
လာတဲ့သူအကုန်ဖမ်း…
ထွက်ပြေးရင် အသေသာပစ်..
တစ်ယောက်မှ အလစ်မပေးနဲ့…. ခွေးမသားတွေ (ဘာကြောင့်ဆဲရတာလည်း မသိ)…
အင်း… သူ့အကြောင်းနဲ့ သူရှိမှာပါလေ…..
“အောင်ကျော် မင်းနဲ့တစ်ယောက်ခေါ်သွား အိမ်တွေဝင်မွေ တွေ့တဲ့သူ အကုန်ခေါ်ထုတ်လာခဲ့….
ကားပေါ်မှာ အကုန်တင်စုထား…. ”
ဘာအဆင့်ရှိတဲ့ ဗိုလ်လဲတော့မသိပါဘူးကွာ…. သူ့တပည့် တစ်ယောက်ပြီးတစ်ယောက် အမိန့်တွေတစ်ခုပြီးတစ်ခုပေး… ကျနော့်ဘေး ကားပေါ်ကလူတွေတော့ မျက်နှာမှာပူဆွေးမှုတွေအပြည့်…. တချို့ ကလေးတွေ ကြောက်လို့အမေ့ပေါင်ကိုဖက်ပြီး ငြိမ်နေကြတယ်… ထမိန်ကြားမှာအပ်ထားတဲ့ သူတို့မျက်နှာတွေ ဘယ်လိုစိုးရိမ်သောကတွေနဲ့ ပြည့်နေမလဲမသိ ….
သူ့အမေကတော့ စိုးရိမ်သောကတွေအပြည့်နဲ့ တောင်ကြည့်မြောက်ကြည့်…
နောက်ထပ်ရောက်လာတဲ့သူတွေကြည့် တချို့ဆိုမျက်ရည်လေး တဝဲဝဲ.

‘အင်း… ကလေးလေးတွေရယ်
မင်းတို့နဲ့သိပ်မသက်ဆိုင်ပေလို့…
ခနပဲအောင့်ထားပါအုံး…
မြန်မြန်ပြန်လွတ်တန်ကောင်းပါရဲ့…
အားတင်းထားပါကွာ….”
ဒီလိုနဲ့ ကားပေါ် လူ ၃၀ လောက်ပြည့်လာတယ်….
“သိပ်မဆန့်တော့ဘူး ဆရာကြီး (ဘာနာမည်လည်းတော့မသိပါ)… တပည့်တစ်ယောက်မှ လှမ်းပြောလိုက်တော့….
ဟျောင့်… ကြည့်လုပ်လေကွာ
မဆန့်ရင် ဟိုကားဘေးတွေနားချည်ထား….
ကားငယ်ပေါ်တွေတင်ထား…
မကြာဘူးရှို့ပစ်ရမယ် အားလုံးကို…

“ ဟင်……
နားကြားမှားတာများလား?
ရှို့စရာရှိတဲ့ ကားတွေဆိုကယ်တွေ လည်းရှို့နေပြီဟာကို…
အနားမှာလည်း သိပ်မကျန်တော့ဘူးလေ…
ဘာကိုရှို့အုံးမှာလည်း…
လူတင်ထားတဲ့ကားတွေပဲ ကျန်တော့တာလေ….
အင်း… ငါပဲ နားကြားလွဲတာဖြစ်မှာပါ…..

တစ်ခုပြောရအုံးမယ်…
ကျနော့်သူငယ်ချင်းလည်း ဘေးနားမှာ… ရွာမှာစစ်ဘေးရှောင်နေတဲ့ ကျွန်တော်တို့မိသားစုတွေဆီ Christmas အချိန် တူတူသွားကုန်ဆုံးဖို့…
မစ္ဆာတရားနာဖို့… ပြီးတော့
ဟိုမှာရှိတဲ့ ညီမလေးတွေအတွက် ဆိုပြီး… မရှိတဲ့ကြားက စုထားတဲ့ငွေနည်းနည်းလေးနဲ့ လက်ဆောင် ဦးထုပ်နွေးလေးတွေ ဝယ်လာတာရှိတယ်… အဲ့တာ သွားပေးမယ်ပေါ့…
ကျနော့်သူငယ်ချင်းလည်း သူ့ဟာနဲ့သူဝယ်လာတာ တချို့ရှိတယ်…
ဆိုင်ကယ်တော့တစ်စီးတည်းတူတူစီးရင်း…
ခနကတော့ တူတူဖမ်းခံထိသွားတာ..
“ဟေး… ရှားရယ် ..မင်းလက်ဆောင်ထုပ်ကော? ကျန်ခဲ့ပြီလား? ”
“ဟင့်အင်း… ငါခန သူတို့တစ်ချက်လစ်တော့ ဟိုးဘေးနားက ချုံနောက်မှာပစ်ထားလိုက်တယ်… ပြန်လွတ်ရင် ပြန်လာရှာပြီး ငါ့ညီလေးအတွက် အနွေးဦးထုပ်နဲ့ အမေအတွက် ခေါင်းပေါင်းနွေးလေးတစ်ထည် ပြန်သွားပေးရမယ်…
ငါ့မုန့်ဖိုးထဲက တချို့စုပြီး ဝယ်ထားတာလေ…. တစ်ယောက်ယောက် မယူသွားဖို့ပဲ မျှော်လင့်တယ်…..
ဒါနဲ့မင်းဟာကော…?”

“ငါ့ဟာဒီမှာ ပါလာတယ်လေ…. ငါလည်း… ပစ်ထားအုံးမှပါ.. တော်ကြာသူတို့ယူသွားအုံးမယ်”
ထိုချိန် ဒန်ဘာနံဘေးတွင် စစ်သားသုံးယောက် အစောင့်နဲ့ သေချာစောင့်ကြည့်ထားတာ…
ညာဘက် ကားငယ်တစ်စီးဘေးမှာတော့ နှစ်ယောက်၊ သေနတ်တွေအဆင်သင့်မောင်းတင်ထားပြီး…
လူရှိတဲ့ဘက်ကို ချိန်ထားကြတာ…
” ဖမ်းပြီးပြီလေ
ဘာထပ်ချိန်ထားစရာလိုသေးလဲ
မင်းတို့ကို ပြန်လုပ်နိုင်မယ့် လက်နက်လည်းငါတို့မှာ ဘာမှမရှိ …
လက်နက်ကိုင်တပ်သားလည်း တစ်ယောက်မှမပါ… မင်းတို့ ဘာစိုးရိမ်နေတာလည်း….
အဲ့လိုနဲ့ တစ်ချက်သူတို့အလစ်မှာ ကျနော့်အထုတ်လည်း ခြုံကွယ်တစ်နေရာကို မသိမသာပစ်လိုက်တယ်….
” ဒိုင်း…. ဒိုင်း… ဒိုင်း….
သူတို့လက်ထဲမှာရှိတဲ့ MA1 နဲ့ လေးငါးချက် ဆက်တိုက်ပစ်လိုက်တယ်…
“ဟိတ်ကောင်… မင်းဘာလျှောက်ပစ်တာတုန်း.”
“အသံကြားလို့ဗိုလ်ကြီး… ခြုံနောက်မှာ”
“အေ… နည်းနည်းသေချာသွားအောင် တစ်ဘောက်လောက် ထပ်ဆွဲထည့်လိုက်”
“ဟုတ်… ဗိုလ်ကြီး
ဒိုင်း… ဒိုင်း…. ဒိုင်း……”
ကျနော့်ဘေးက သူ့အမေပေါင်ကြား ခေါင်းအပ်ထားတဲ့ကလေးကတော့ စောစောက နည်းနည်းရှိုက်သံထွက် နေခဲ့ပေမယ့် ခုတော့… အသံကို တိတ်လို့……
လက်နှစ်ဖက်ကတော့ အမေ့ထဘီလေးကို ကျစ်ကျစ်လေးဆုပ်ဆွဲ…. သူ့အမေကလည်း ခေါင်းလေတဖွဖွပွတ်ပေးရင်း…
မျက်ရည် တဝဲဝဲ…..
ခြုံနောက်ကအသံတိတ်သွားတော့ စစ်သားလည်းသိပ်ဂရုမစိုက်တော့ပဲ သူ့အာရုံကို ဖမ်းထားတဲ့ကျနော်တို့ဆီ ပြန်လှည့်လာတယ်….
“ခုန်ဆင်းမယ် ပြေးမယ်မကြံနဲ့နော် မင်းတို့ခေါင်းပွင့်သွားမယ်”
“ဟိတ်ကောင်… ရှေ့နားကပ်နေ နောက်ဖင်နားလာကပ်မနေနဲ့ ငါပစ်လိုက်မယ်နော်..

“ရှားရယ် မင်းကိုပြောနေတာ …နောက်နည်းနည်းဆုတ်လိုက်လိုက်အုံး… လာ.. ငါ့နားတိုးလာ…..!”
ကျနော်.. ရှားရယ်ကို နည်းနည်းဆွဲကပ်လိုက်တယ်…
တကယ်ဆိုသူလည်း ကျနော့်လို ၁၄ နှစ်လောက်ပဲရှိသေးတယ်လေ… လူငယ်လည်းမဟုတ် ကလေးလည်းမဟုတ်ပေမယ့်… ခံစားချက်တွေကမရင့်ကျက်နိုင်သေးတော့… အန္တရာယ်တစ်ခုခုဆို ဘာလုပ်လို့ဘာကိုင်ရမှန်း မသိဖြစ်ပြီး…. တုန်တုန်ရီရီဖြစ်နေတာမဆန်းပါ…..”
ထိုချိန်တွင်…..
“ဒိုင်း… ဒိုင်း……..
အဝေးကလာတဲ့ Vigo ကားတစ်စီး… ရှေ့မှာစစ်နေ ဖမ်းနေတာတွေ့တော့ နောက်ပြန်ဆုတ်ဖို့ထင်ရဲ့… ကားကိုမြန်မြန်ပြန်ကွေ့တော့…
မြန်တာတော့ တော်တော်မြန်ခဲ့တယ်.. ဒါပေမယ့် ကွေ့နေတုန်း ကျန်ဆံတွေဆက်တိုက် သွားမှန်သွားတော့….. ဘီးလည်းထိ ဆီတိုင်ကီလည်းထိ…
ကားရပ်သွားကာ….
“ဟျောင်တွေ… မြန့်မြန်သွားကြည့် ရုတ်ရုတ်လုပ်ရင် ပစ်သတ်… မလုပ်ရင်ဒီကားပေါ် လာခေါ်တင်ထား… မြန်မြန်သွား….
သူ့တပည့်ကို ညွန်ကြားကာ… သွားကြည့်ကြသည်….
ဒိုင်း…. ဒိုင်း…..
သေနတ်သံနှစ်ချက်ထွက်လာသည်…
တစ်ယောက်ယောက်တော့ သေသွားပြီထင်ရဲ့…
ပြီးမှ ကားပေါ်မှ လူလတ်ပိုင်း နှစ်ယောက်ကို ဆွဲခေါ်လာသည်…
သေနတ်ပြောင်းဝကနေကိုင်ပြီး ဒင်နှင့်ထုလိုထု…. ခြေထောင်နဲ့ကန်လိုကန်…
ဖမ်းခံလာရတဲ့သူတွေလည်း ဘာသံမှမထွက်ရဲ လှဲလိုက်ပြန်ဆွဲထခံရလိုက်.. မထရင် ရိုက်လိုက်ပုတ်လိုက်နှင့်……..
“သား…. မကြည့်နဲ့…..” (ကယောလေသံနှင့်) ဆိုပြီး… ဘေးကအမေတစ်ယောက် သူ့ကလေးကို ရင်ဘတ်ထဲဆွဲလှည့်လိုက်လေသည်……
“ခွေးသားတွေ… ကောင်းကောင်းဖမ်းတာမခံဘူး… တက်… ကားပေါ်တက်….” ဆိုကာ ထိုနှစ်ယောက်အား ဘေးမှတစ်စီးကားပေါ်သို့ တွန်းတက်လိုက်လေတော့သည်…
ထိုသူနှစ်ယောက် အနီးကပ်တွေ့တော့မှ သွေးသံတချွဲချွဲ…. ခေါင်းမှာလည်း အပေါက်အပြဲ….
သွေးစက်တွေလည်း တီရှပ်အင်္ကျီဖြူပေါ်မှာ… ပေကျံလို့…..
ယောကျာ်းတန်မဲ့ တစ်ယောက်က ရှိုက်ငိုနေလေရဲ့….
“ငါ့ညီလေး… ငါ့ညီလေး……
ကားဘေးကပေမယ့်… တချက်တချက် မပီမပြင်လေးကြားလိုက်မိသည်…
ဪ..
ကားပေါ်မှာတုန်းကကြားရတဲ့ ကျည်နှစ်ချက်က သူ့ညီလေးအား… ဇီဝိန်ကြွေသွားစေခဲ့ပြီပဲ…..
“အောင်ကျော်….
“ဟုတ်ဆရာ…
“အဲ့ကားပေါ်မှာပါလာတဲ့ဆီကို အကုန်ဖောက်ထုတ်…. ဟို..ဘေးကအိမ်မှရှိနိုင်တဲ့ ရေပုံးနဲ့ခံ… မြန်မြန်လုပ်…. တော်ကြာမင်းအဖေတွေ အရင်ရောက်လာလိမ့်မယ်
“ဟုတ်ဆရာ….
ဟာ…. ကားပေါ်တင်ပြီး စခန်းကိုမောင်းသွားရမှာမလား?
ဆီတွေအကုန်ထုတ်ပြီး ဘယ်လိုလုပ်ကားမောင်းလို့ရတော့မလဲ…
ဘာတွေဖြစ်တာလဲ?????
သူတို့ ဘယ်လိုလုပ်မလို့လဲ?????
ဘယ်လိုစီစဉ်မလို့လဲ????
ကျနော်က… ရှားရယ်အား
“ဟျောင်.. သူငယ်ချင်း
ကားဆီတွေထုတ်ပြီး ငါတို့ကားမီးရှို့မို့လားမသိ…”
“အေ.. ဟုတ်မယ်ထင်တယ်နော်..”

“ဟာ.. အဲ့လိုဆို ငါမီးရှို့တာမခံနိုင်ဘူးဟျောင်… ငါခုန်ပြေးဆင်းတော့မယ်….. မင်းလိုက်မလား.?????
“ဟျောင် ‘ရှား’.. ကြည့်အုံး… ငါတို့ကားပတ်လည်မှာ စစ်ခွေးတွေချည်းပဲကွ… ခုန်ထွက်လည်း ပစ်သတ်ခံရမှာပဲ.. ငါထင်တာပဲဖြစ်မှာပါ တစ်ချက်စောင့်ကြည့်အုံးမယ်လေ….”
“မင်းလည်း စောင့်ကြည့်စရာလား အရင်သေသွားမှာပေါ့… သူတို့လုပ်တာရှင်းနေပြီပဲဟာ… ကားပေါ်တင်ထားပြီး ဆီအကုန်ထုတ်တယ်… ငါတို့ကိုဒီတိုင်းပဲထားမယ်ထင်လားကွ…
မင်းမပြေးလည်း ငါအရင်ပြေးမယ်ကွာ.. ငါ့ကိုလိုက်လို့ သူတို့အလုပ်ရှုပ်နေချိန် မင်းတစ်ဘက်မှာ သပ်သပ်ပြေးပေါ့…”
“ဟျောင်… အန္တရာယ်များတယ်လေကွာ… တစ်ချက်စောင့်ပါအုံး…
“မစောင့်နိုင်တော့ဘူးသူငယ်ချင်း… ငါခုန်ပြီ….
“ဟျောင့်… နေအုံး…..
ကျနော်စကားမဆုံးခင်ပဲ ဒန်ဘာညာဘက်လက်ရမ်းကိုကျော်ပြီး တစ်ဘက်ကိုခုန်ဆင်းသွားတာ….
“ဒိုင်း….
“အား……..
“ရှားရယ်…..
“ဟိတ်ကောင်… ရှေ့မတိုးလာနဲ့နော် မင်းခန္ဒာကိုယ် ဇကာပေါက်ဖြစ်သွားချင်လား.???
ရှားရယ်…. ရှားရယ်……
ကျနော်အနောက်ပေါက်ကနေခုန်ဆင်းကြည့်မို့… ကျ​နော့်ကို တည့်တည့်ချိန်ပြီးပြောလိုက်တဲ့စကားကြောင့်….
ညာဘက်လက်ရမ်းဘက်ပဲတိုးပြီး အပေါ်ကနေလှမ်းကြည့်တော့…
“သူငယ်ချင်း…..
သူငယ်ချင်း… ရှားရေ”
ကျနော့်သူငယ်ချင်း ကားပေါ်ကခုန်ခုန်ချင်း တစ်ဘက်မှာစောင့်နေတဲ့ စစ်သားတစ်ယောက် တစ်ချက်ပင်ပစ်လိုက်ရသည်….
ရင်ဘတ်တည့်တည့်,….
သွေးတွေ ကျနော့်သူငယ်ချင်းပတ်လည်မှာ အိုင်နေတယ်….
“အား….. အား…..
နာတယ်….. နာတယ်…..
အသံတောင်အပြည့်ထွက်အောင် နာကျင်ကြောင်း ပြောမထွက်နိုင်တော့…..
ဪ…. သူငယ်ချင်းရယ်….
ကျနော့်ရင်တွေဆို့လာခဲ့တယ်….
ဆုံးရှုံးမှုတစ်ခုခုကြောင့် တစ်ခါမျှမျက်ရည်မကျဖူးတဲ့ကျနော်….
ပါးပြင်မှာ…. နွေးနွေးလေးစီးကျလာတာ တစ်ခုခုခံစားမိလိုက်တယ်…..
မျက်ရည်….
မျက်လုံးထဲမှာ မျက်ရည်တွေကျလာတယ်….
နှလုံးသားထဲမှာ ဆို့ဆို့နင့်နင့်….
“သူငယ်ချင်း…..
ရှားရယ်…..”
“ဒိုင်း….
သူတို့နောက်တစ်ချက် ထပ်ဖောက်လိုက်ပြီး….
“ဟိုကောင် အလယ်စုနေ… လက်ရန်းဘေးကနေခွာစမ်း….
ကျနော့်ကို လှမ်းပြောနေသည်သာ…
ကျနော်ထိုင်ချလိုက်သည်….
မှိုင်ချလိုက်သည်……..
ဘေးနားက ဆီဖောက်ထုတ်သံကြားနေရပြီး…
“ဆီ.. အဆင်သင့်ဖြစ်ပြီ ဗိုလ်ကြီး…
“အေး… ကားပေါ်ကို ဖျန်းလိုက်…. ဟိုးဘက်ကကားပေါ်ကိုလည်း ဖျန်းလိုက် အကုန်စိုအောင်ဖျန်း….
“ကျနော် ဒီဇယ်လား ဓာတ်ဆီလားသိပ်မခွဲခြားတတ်တဲ့ အနံ့လေးတွေ ရလာတယ်…
ကျနော့်ကိုယ်ပေါ်ကို… လာစိုလာတယ်….
ကျနော်တို့ကားပေါ်ကလူတွေအခြေနေတွေ တဖြည်းဖြည်းနားလည်လာ ကြပြီ…
သူတို့ ကျနော်တို့ကိုဘာလုပ်မလဲပေါ့..
“ဟာ… ဆရာတို့ ကျနော်တို့ကိုမီးရှို့မလို့လား? မလုပ်ပါနဲ့ဆရာရယ် … ဖမ်းသွားရင်လည်းစခန်းကိုဖမ်း… ထောင်ထဲထည့်ထားလည်းအဆင်ပြေပါသေးတယ်…
မီးတော့မရှို့သတ်လိုက်ပါနဲ့ဗျာ…”
နည်းနည်းလည်လည်ဝယ်ဝယ်နဲ့ စကားပြောတတ်တဲ့ လူကြီးတစ်ယောက်ကပြောတော့ …
“ဟိတ်.. စောက်လုံးမရှည်နဲ့ အဘိုးကြီး… နောက်ဆုတ်နေ… ပစ်ထည့်လိုက်မယ်… အရင်သေသွားမယ်….
ထိုအချိန်တွင်… ကျနော့်လိုအရွယ်နဲ့ လူငယ်နှစ်ယောက် ထပ်ခုံချဖို့ကြိုးစားချိန် သေနတ်သံဆက်တိုက်ကြားလိုက်သည်….
လက်ရမ်းတောင်မကျော်သေးပဲ အပစ်ခံလိုက်ရတော့ ကားထဲပဲပြန်ကျလာသည်…
အသက်ပင်မရှိတော့…
ခန္ဒာကိုယ်မှာလည်း ကျည်ဆံပေါက်တွေနှင့်….
ကားပေါ်မှာ ငိုတဲ့သူကငို

ဂဏာမငြိမ်တဲ့သူက လှုပ်လှုပ်ရွရွ…
အပေါ်မှာနေလည်းသေ..
အောက်ဆင်းရင်လည်းသေရတော့မယ်….
ဪ… ငါနင့်ဆီလိုက်သွားရတော့မယ် ရှားရယ်… ခဏပဲစောင့်
ငါလိုက်လာရတော့မယ်….
ထိုအချိန်တွင်ပင်… မဝေးသောနေရာမှ သေနတ်သံလေးချက် ဆက်တိုက်ကြားလိုက်ရသည်…
ဒိုင်း….
ဒိုင်း….
ဒိုင်း… ဒိုင်း….
“ ဟ… ငါတို့ကိုလာကယ်ဖို့ စကားလာပြောတဲ့ နယ်ခြားစောင့်တပ်လည်း အသတ်ခံလိုက်ရပြီ….”
သွားပြီ….. ငါတို့တော့သေတော့မယ်… ”
ဘေးမှ ဦးလေးတစ်ယောက် ညဉ်းသံ
…..
“မီးပစ်ထည့်လိုက်….”
…..
အမိန့်ပေးသံတစ်ချက်ကြားလိုက်သည်….
……….
သွားပြီ…
ပူလာပြီ…
တဖြည်းဖြည်းနဲ့ပိုပူလာပြီ…
ဘေးနားက အဒေါ်လည်း… မအောင့်နိုင်တော့ပဲ… သူ့ကလေးနဲ့အတူ သံကုန်အော်နေကြပြီ…
ငိုနေကြပြီ…..
‘ရှားရယ်.. ငါလာပြီ…ကျနော်… တစ်ခုခုတော့လုပ်သင့်သေးတယ်.. နောက်ဆုံးချိန်ထိ တစ်ခုခုတော့ကြိုးစားရအုံးမယ်…
ပိုပူလာပြီ…
ကျနော့်ခြေထောက်မီးစဆွဲလာပြီ…
လှောင်တဲ့သူကလှောင်နေပြီ…..
ပူလိုက်တာ… ပူလိုက်တာ…..
ငယ်ငယ်က မီးခဲပြာဖုံးပုံပေါ် တစ်ခါတက်နင်းတုန်းက ခံစားဖူးတဲ့ မီးရဲ့ပူလောင်မှု….
ဒါပေမယ့် အခုကိုဘယ်မှီပါ့မလဲ….
ငါနောက်ဆုံးအနေနဲ့ ခုန်ဆင်းဖို့ကြိုးစားကြည့်ပြီး အဝနား နည်းနည်းကပ်သွားလိုက်တယ်….
ဒိုင်း…..
“အား….
ကျနော့်….
ကျနော့်… ဗိုက်…
“အား… နာလိုက်တာ…
နာကျင်မှုက မီးကလာလား,? ဗိုက်ထဲ ဝင်သွားတဲ့ကျည်ဆံတစ်တောင့်က လာတာလား?
နှစ်ခုပေါင်းပြီး…. ပိုပြင်းထန်တဲ့ နာကျင်မှုလား??
” အပြင်းထန်ဆုံးနာကျင်မှုထက် ပိုပြင်းတဲ့ နာကျင်မှုဟာ… သေခြင်းပဲ ဖြစ်တယ်တယ်…”
ဘယ်သူပြောလဲ.. သေချာမမှတ်မိတော့ပါ…
အင်ပေါ့… မှတ်မိအောင်တွေးနေဖို့လည်း အခြေနေမဟုတ်တော့ဘူး
ဒါပေမယ့်..
တစ်ခုတော့ သေချာပြီ..
ဒီထက်လျှော့တဲ့ နာကျင်မှုကို မမျှော်လင့်နိုင်တော့မှ
ကျွန်တော်….
‘သေရတော့မယ်’…
“အား… ”
နာလိုက်တာ…. မဟုတ်ဘူး..
ပူလည်းပူလိုက်တာ….
ကျနော့်ဘေးနားမှာလည်း အော်တဲ့သူကအော်နေတုန်း….
ညဉ်းနိုင်တဲ့သူလည်း .. ညဉ်းတုန်း…
နားလည်ပါတယ်…
ကိုယ်ချင်းလည်း စာတာပေါ့….
ဒါပေမယ့် ခင်ဗျားတို့နဲ့တူတူကျနော် ရှိပါတယ်… ကျနော့်ဘေးနား ခင်ဗျားတို့ရှိတာလည်း…
အမ်… ဆွဲတွေးကြည့်မယ်ဆို ဖြေသာပါတယ်…
လူဆိုတာ တစ်ယောက်တည်းနေတတ်တဲ့ သတ္တဝါမဟုတ်ဘူးလို့ပြောကြတယ်…
အဲ့တာလည်းမှန်တာပဲ…
ဘာလို့ဆို.. နောက်ဆုံး ဒီလိုအခြေနေမှာတောင်မှ အဖော်ရှိတော့… အဆုံးစွန်ထိနာကျင်နေတဲ့တိုင်
ဖြေသာစရာလေးတွေ့နေရပြန်သေးတယ်..
ဘေးနားက ကလေးအသံလည်းတိတ်သွားပြီ…
“အကုန်ရှို့ပြီးပြီလား???
“ပြန်ဆုတ်မယ်….
“ယူစရာရှိတာတွေ ယူခဲ့ကြ…..
လူတစ်ယောက်သေရင် နောက်ဆုံးမှသေတာက သူ့ရဲ့အကြားအာရုံလို့ သိပ္ပံတွေ့ရှိချက်အရဖြစ်တယ် ဆိုတာကို စာထဲမှာဖတ်ဖူးတယ်….
ဪ… ငါနောက်ဆုံးကြား နေရတဲ့အသံက
ငါချစ်ရတဲ့သူတွေရဲ့ အသံမဟုတ်ဘူးပဲ…
အမ်း… ပြောသာပြောရတာ..
ငါချစ်တဲ့သူတွေအများကြီးရှိတယ်…
…….
ငါ့မိဘ…
ငါ့ညီကိုမောင်နှမ….
ငါ့သူငယ်ချင်းတွေ… ဒါနဲ့ ခနက ရှားရယ်တောင် မနှုတ်ဆက်သွားလိုက်ရဘူး… ဒါပေမယ့်ကိစ္စမရှိပါဘူးလေ.. ခဏနေ ပြန်တွေ့ရမှာပဲလေ…
…..ငါလာပြီ ရှားရယ်….
ခနနေအုံး…
ဖွင့်မပြောလိုက်ရတဲ့ ငါတစ်ဖက်သတ် ကြိုက်ခဲ့တဲ့ကောင်မလေး…..
အင်း….
ငါချစ်တာကို ချစ်တယ်လို့ဖွင်မပြောလိုက်ရတဲ့သူတွေအများကြီး ရှိခဲ့ပါလား!!!!!!
ခုလိုမသိမသာပဲ နှုတ်ဆက်ခွဲခွာရမှန်းသာ သိခဲ့ရင်….
အင်း….
ခင်ဗျားတို့အားလုံးကို…
အရမ်းချစ်တယ်လို့ကျနော်ပြောခဲ့ချင်တယ်…
ကျနော်အခု…
ဝိဉာဉ်ဘဝမှာပါ…
ပြီးတော့ ပြောရအုံးမယ်…
ကျနော်တို့ဝိဉာဉ်တွေက လွတ်လွတ်လပ်လပ်သွားလို့ရတယ်…
ပြီးတော့ ဝိဉာဉ်တွေလည်း အများကြီးပဲဗျ…
ဘာကိုမှလည်းကြောက်စရာမလိုတော့တာ… တကယ်ပါ…
တစ်ဖက်ကကြည့်ရင်လည်း ကျနော်လွတ်လပ်သွားပြီ … ဟုတ်ပြီ…
ကျနော်လွတ်လပ်သွားပြီ….
…………
အမ်… ဒါပေမယ့်
ကျနော့်နောက်မှာ
မျှော်ကျန်ရစ်တဲ့သူတွေ
ငိုကျန်ရစ်တဲ့သူတွေ
ရင်ကွဲပက်လက်ကျန်ခဲ့သူတွေ
နာကျည်းမှုနဲ့ ခံပြင်းကျန်ခဲ့ကြတဲ့သူတွေ
ဒီလောက်ထိရက်စက် လုပ်ရက်ကြတဲ့လုပ်ရပ်ကို တတ်နိုင်တဲ့ဘက်က ရှုံချ၊ အမှန်တရားနဲ့ မျှတမှုအတွက် တောင်းဆိုပေးတဲ့သူတွေ…
ဪ… ပြီးတော့ ရှိအုံးမယ်…
ကျနော်တို့ကို RIP ဆိုပြီး ဆုတောင်းပေးကြသူတွေ…

ကျနော်တို့မိဘတွေ…
မောင်နှမတွေ…
ချစ်ခင်ရတဲ့မိတ်ဆွေတွေ….
အမှန်တရားဘက်မှ နာကြဉ်းပေးကြသူတွေ….
…………….
ပြီးတော့…

ဆောရီးပါ အမိုး….
အမိုးဆီပေးမယ့် ခရစ်စမတ်လက်ဆောင်လေး…..
အမ်…. ဒီလို ခက်ခဲပင်ပန်းပြီး စိုးရိမ်စိတ်တွေနဲ့ မောပန်းနေတဲ့ အချိန်…
ချမ်းပြီးအေးမြလွန်းတဲ့
ဒီခရစ်စမတ် ကာလလေးမှာ…..
ခဏလေးဖြစ်ဖြစ်..
တစ်ညတာလေးဖြစ်ဖြစ်…
မိသားစုရဲ့ နွေးထွေးမှုလေးကို
ခံစားချင်ခဲ့တာ…. ခိုလှုံချင်ခဲ့တာ..
ခုတော့…..
အင်း….
အေးလိုက်တာ…..
ဟင့်အင်း….. မဟုတ်ဘူး
လွမ်းလိုက်တာ….
နှမြောတာ….
ဝမ်းနည်းတာ…
ဟင့်အင်း…. ဒီထက်ပိုတဲ့ စကားလုံးများရှိမလား????????
အင်… မရှိလောက်ဘူး
မရှိလောက်ဘူး…..
ကြားလည်းမကြားဖူးဘူး….
ဘယ်သူမှလည်းမကြားဖူးလောက်ဘူး ထင်ရဲ့….
……
ချို့ယွင်းချက် အနေနဲ့တော့.. ရှိနိုင်မလား???
အင်း….. တချို့တော့ရှိနိုင်တယ်…
အမ်…. ဘယ်သူလဲ…
သိပြီ…
သိပြီ…
ရူးသွပ်သွားတဲ့ သူတွေပေါ့….
ခံစားရတဲ့ဝေဒနာက ပြင်းထန်လွန်းလို့…….. မခံနိုင်တဲ့အဆုံး ရူးသွပ်သွားခဲ့သူတွေ…
…….
…….
အင်း… အဲ့ဆိုကျနော်လည်း ဝိညာဉ်ဘဝမှာတောင်ရူးသွပ်နေပါရောလား
ရူးပါစေ…
ရူးပါစေ…
သြော်… ရူးသွားပါစေ… !!!!!

စာရေးသူမှတ်ချက်။    ။

– ဒီဇင်ဘာလ (၂၄) ရက်နေ့တွင် ဖရူဆိုမြို့အနီး မူဆိုကျေးရွာတွင် ဖမ်းဆီးမီးရှို့သတ်ဖြတ်ခံရသည့် ပြည်သူ (၃၀) ဦးထက်မနည်း) တို့အား ခံစားမျှဝေသောအားဖြင့် မပြည့်စုံသောအတွေး၊ခံစားချက်၊အချက်အလက်များဖြင့် ချရေးမိခြင်းသာဖြစ်၍ တစ်စုံတစ်ရာသောအမှားများရှိခဲ့လျင် ခွင့်လွတ်ပေးပါရန် သက်ဆိုင်သူအသီးသီးသို့ မေတ္တာရပ်ခံရင်း…..