တန်ဆောင်တိုင်ပွဲတော်နေ့တွင် မြောက်ပိုင်း မဟာမိတ်ညီနောင်သုံးဖွဲ့မှ တစ်နိုင်ငံလုံး အတိုင်းတာဖြင့် ထိုးစစ်စတင်မည်

Author ဇက်
Categories
Published on Nov 25, 2023

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်မှ စ၍ ဖြစ်ပွားလျက်ရှိသော ၁၀၂၇ စစ်ဆင်ရေး တစ်လပြည့်တွင် တစ်နိုင်ငံလုံးအတိုင်းအတာနှင့် စစ်ဆင်ရေး (Nationwide Operation) ကို စတင်မည်ဟု ညီနောင်မဟာမိတ် သုံးဖွဲ့မှ ယမန်နေ့က ထုတ်ပြန်ကြေညာလိုက်သည်။

 

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ်သုံးဖွဲ့မှ ဦးဆောင်၍ မဟာမိတ်တပ်များနှင့်အတူ ပူးပေါင်းတိုက်ခိုက်နေသည့် ၁၀၂၇ စစ်ဆင်ရေး တစ်လပြည့်မည့် နိုဝင်ဘာ ၂၇ ရက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာနှင့် စစ်ဆင်ရေး (Nationwide Operation) စတင်အထောက်အထည်ဖော်မည် ဖြစ်ပြီး အကြမ်းဖက်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေးအား အဆင့်တက် ဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ခြင်း ဖြစ်သည်။

 

ထုတ်ပြန်ချက်အတွင်းတွင် ညီနောင်မဟာမိတ်များအနေဖြင့် ၁၀၂၇ စစ်ဆင်ရေး စတင်သည့်အချိန်မှ စ၍ လက်ရှိအချိန်ထိ ၎င်းတို့ စစ်ရေးလှုပ်ရှားရာဒေသများတွင် စစ်ရှိန်ဆက်လက်မြင့်တက်လျက်ကာ စစ်ကောင်စီ၏ အရေးပါသော နေရာများ၊ စစ်ဆင်ရေးကို အနှောင့်အယှက်ပေးနေသောနေရာများ၊ ရန်သူ့လက်နက်ကြီးကုန်းများအား ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်ဟု ကနဦး ဖော်ပြထားသည်။

 

“Nationwide Operation သည်လည်း မိမိတို့ စစ်ဆင်ရေး တစ်လပြည့်သည့် နိုဝင်ဘာလ (၂၇) ရက်နေ့တွင် နောက်တစ်ဆင့် တက်ရန် အသင့်ဖြစ်နေပြီဖြစ်သည်။” ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က ပြောသည်။

 

ဟန်ချက်ညီစစ်ဆင်ရေးမှ တစ်ဆင့် ပြည်သူကို လက်နက်ကြီးများဖြင့် ပစ်ခတ်သတ်ဖြတ်နေသော ရန်သူ၏ စစ်စခန်းများ၊ မဟာဗျူဟာမြောက် အချက်အချာကျသောကုန်းများအား အပြီးသတ် ချေမှုန်းတိုက်ခိုက်သည့် စစ်ဆင်ရေးတိုင်းတွင် မိမိတို့တပ်ဖွဲ့ဝင်များ၏ အသက်၊ သွေး၊ ချွေး၊ အရင်းအနှီး၊ ပေးဆပ်မှုများစွာဖြင့် ရယူနိုင်ခဲ့ကြသည် ဟု ၎င်းတို့က ဆိုသည်။

 

၎င်းထုတ်ပြန်ချက်အတွင်းတွင် “စစ်ဆင်ရေး အောင်မြင်မှုများနှင့်အတူ ဟန်ချက်ညီ စစ်ဆင်ရေးမှသည် Nationwide Operation တစ်နိုင်ငံလုံးမှ လူတိုင်း ပါဝင်သော စစ်ဆင်ရေးကြီး ဖြစ်ပေါ်လာမှသာလျှင် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်နိုင်မည်ဖြစ်သောကြောင့် ဤစစ်ဆင်ရေးကြီးထဲတွင် လူတိုင်း၊ တစ်ယောက်ချင်းစီတိုင်း ပါဝင်ကြရန် တိုက်တွန်းနှိုးဆော်ပါသည်” ဟူ၍လည်း ရေးသားထားသည်။

 

၁၀၂၇ စစ်ဆင်ရေးအနေဖြင့် စစ်ဆင်ရေးစတင်သည့် အချိန်မှစ၍ လက်ရှိအချိန်အထိ သမိုင်းဝင်စစ်ဆင်ရေးများအား တစ်ခုပြီးတစ်ခု ဆင်နွှဲခဲ့ပြီးဖြစ်ကြောင်း၊ စစ်ဆင်ရေးကာလများအတွင်း ပေးဆပ်မှုများစွာဖြင့် နေ့ရက်တိုင်းကို ကျော်ဖြတ်ပြီး တစ်ဖွဲ့ချင်းစီ၏ ရည်မှန်းချက်၊ ဘုံရည်မှန်းချက်များကို စည်းလုံးညီညွတ်စွာဖြင့် တစ်ဆင့်ချင်း အထောင်အထည်ဖော်၍ ဆောင်ရွက်သွားမည်ဟု ဆိုသည်။

 

ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သည့် ကိုးကန့် တပ်မတော် (MNDAA)၊ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နဲ့ ရက္ခိုင့် တပ်တော် (AA) တို့ အပါအဝင် ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့ အင်အားစုများအနေဖြင့် ၁၀၂၇ စစ်ဆင်ရေး စတင်သည့် အချိန်မှစ၍ တစ်လပြည့်ခါနီးအချိန်အတွင်း စစ်ကောင်စီ၏ တပ်စခန်း ၁၇၀ ခန့်ကို သိမ်းပိုက်ရရှိနိုင်ခဲ့သည်ဟုလဲ ထုတ်ပြန် ဖော်ပြထားသည်။

 

၎င်းတို့အနေဖြင့်လည်း ရည်မှန်းထားသည့် စစ်ဆင်ရေးများကို တစ်ခုပြီးတစ်ခု ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး အခြား မိတ်ဖက်အဖွဲ့အစည်းများ၊ နွေဦးတော်လှန်ရေးအဖွဲ့အစည်းများနှင့် ဘုံရည်မှန်းချက် တူညီသော အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စစ်အာဏာရှင်အမြစ်ဖြတ် ချေမှုန်းရေးအား ဆင်နွှဲလျက်ရှိကြောင်း သိရသည်။

 

“၁၀၂၇ စစ်ဆင်ရေးက စတင်တဲ့ အချိန်ကနေစလို့ မြန်မာ့အိမ်နီးချင်း နိုင်ငံတွေ အပါအဝင် ကမ္ဘာ့နိုင်ငံအတော်များများက လက်ရှိ အခြေအနေနဲ့ ပတ်သက်လို့ ဒီစစ်ဆင်ရေးဟာ သီးခြားကွဲထွက်နေတဲ့ စစ်ဆင်ရေးလား၊ NUG အပါအဝင် တိုင်းရင်းသားအင်အားစုတွေ ပူးပေါင်းပါဝင် ဆင်နွှဲနေတဲ့ စစ်ဆင်ရေးလားဆိုတာကို အတော်လေး စိတ်ဝင်စားနေကြသလို မေးခွန်းထုတ်မှုတွေလဲ ရှိနေပါတယ်၊ ကျွန်မတို့ အနေနဲ့ လက်ရှိ ဆင်နွှဲနေတဲ့ စစ်ဆင်ရေးဟာ NUG အပါအဝင် တိုင်းရင်းသား လက်နက်အင်အားစုတွေနဲ့ မဟာမိတ်အဖြစ် ပူးပေါင်းဆောင်ရွက်နေတာဖြစ်ကြောင်း ရှင်းပြချင်ပါတယ်။ နောက်ထပ်နောက်ထပ် နိုင်ငံအတော်များများကလဲ ဒီစစ်ဆင်ရေး အခြေအနေနဲ့ ပတ်သက်လို့ အံ့ဩတကြီး ဖြစ်တာမျိုးတွေ ရှိလာနေပါတယ်။ နောက်ထပ် ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာကိုလဲ သိချင်ကြပုံပါပဲ၊ အိမ်နီးချင်းနိုင်ငံတွေ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေကနေပြီး စိတ်ဝင်စားမှု မြင့်တက်တဲ့ မေးခွန်းတွေ အပါအဝင် ချိတ်ဆက်မှု အများအပြား ကျွန်မတို့ဆီ ရရှိနေပါတယ်” ဟု နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်မှ ပြီးခဲ့သည့် နိုဝင်ဘာ ၂၄ ရက်၊ ဂျပန်နိုင်ငံတွင် ကျင်းပသည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။