တန့်ယန်းတွင် စစ်ကောင်စီတပ်က နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်မှုကြောင့် လူသုံးဦးသေဆုံး

Author ခေတ်နီ
Categories
Published on Feb 24, 2023

 

ရှမ်းပြည်နယ် လားရှိုးခရိုင် တန့်ယန်းမြို့နယ်အတွင်းရှိ နေအိမ်တလုံးကို စစ်ကောင်စီ တပ်ဖွဲ့မှ ဝင်ရောက် ပစ်ခတ်ခဲ့တာကြောင့် အမျိုးသား ၃ ဦး သေဆုံးခဲ့ရကြောင်း သိရသည်။

တန့်ယန်းမြို့နယ် မိုင်းပတ်ကျေးရွာအုပ်စု မန်လွယ်ကျေးရွာရှိ နေအိမ်တစ်လုံးကို စစ်ကောင်စီတပ်ဖွဲ့မှ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် စစ်ကားလေးစီးဖြင့် ပိတ်ဆို့ပစ်ခတ်ခဲ့တာကြောင့် အိမ်အတွင်းရှိ အမျိုးသား ၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့ရတာပဲ ဖြစ်သည်။

ထိုသို့ ပစ်ခတ်ခံရသည့် နေအိမ်တွင် လက်လုပ်သေနတ်များ ရှိသည့်ဆိုသည့် အကြောင်းပြချက်ဖြင့် စစ်ကောင်စီတပ်မှ ပစ်ခတ်ခဲ့တာဖြစ်ပြီး ပစ်ခတ်ခံရသည့် နေအိမ်သည် SSPPတပ်ဖွဲ့ဝင်၏ နေအိမ်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေတာကြောင့် SSPPပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန် ထံ ဆက်သွယ်မေးမြန်းရာတွင် SSPPတပ်ဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်ကြောင်း အတည်ပြုဖြေကြားသည်။

” တပ်ဖွဲ့ဝင်ဟောင်းပါ လက်လုပ်သေနတ်ရှိတယ်ဆိုတဲ့ အနေနဲ့အိ မ်ကိုဝင်စီးတယ် ပြောပါတယ်”ဟု ဗိုလ်မှူး စိုင်းဖုန်းဟန်က ပြောသည်။

ထို့သို့ နေအိမ်ပစ်ခတ်ခံမှုသည် ဒေသခံများအပေါ် လူသားမဆန်ပဲ နိုင်ထက်စီးနင်း ပြုလုပ်သည့် လုပ်ရပ်ဖြစ်ကြောင်းလည်း ဗိုလ်မှူးစိုင်းဖုန်းဟန်က ဆိုထားသည်။

“ဘာပဋိပက္ခ မယ်မယ်ရရမရှိဘဲနဲ့ ရွာကလူတွေကို ဒီလိုမျိုး ရက်ရက်စက်စက် ပစ်သတ်သွားတာကတော့ လူသားမဆန်သော လုပ်ရပ် နိုင်ထက်စီးနင်းသော လုပ်ရပ်လို့ ပြောချင်ပါတယ်၊ ရှမ်းပြည်မှာ တခြားနေရာဒေသတွေနဲ့ မတူဘူး ကိုယ်ပိုင်တူမီးသေနတ် အိမ်တိုင်းလိုလိုရှိတယ်၊ ဒေသလုပ်သေနတ်ရှိလို့ ဝင်ဖမ်းနေရင်တော့ ကိုယ့်ရန်ကိုရှာတာပဲ တူမီးက ကျည်မရှားဘူးလေ ရွာသားတွေ အသားလွတ်သွားထိရင်တော့ ကိုယ့်မှာလဲ သွေးနဲ့သားနဲ့ မိသားစုနဲ့ဆိုတာကို သတိရဖို့လိုတာပေါ့နော့၊ သူများအသက်အိုးအိမ်ကို ချမ်းသာခွင့်မပေးရင် ကိုယ်ကလည်း မလုံခြုံပါဘူး ၊ရွာသားတွေကို လျှေ့ာမတွက်ဖို့ သတိချပ်သင့်ပါတယ်”ဟု ဗိုလ်မှူးစိုင်းဖုန်းဟန်က ပြောသည်။

ထိုသို့ ပစ်ခတ်မှု ဖြစ်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်သည် သေဆုံးသူများ၏ ရုပ်အလောင်းများအား သယ်ဆောင်သွားပြီး နေအိမ်အတွင်း မွှေနှောက်ရှာဖွေမှုများလည်း လုပ်ဆောင်သွားခဲ့သည်။

ဓာတ်ပုံ- Shan news( Burmes version)
#CjPlatform #ရှမ်းပြည်နယ် #လားရှိုး #တန့်ယန်းမြို့နယ်