တစ်ပတ်အတွင်း NUG မိုးလေဝသခန့်မှန်းချက်

Published on Jan 22, 2024

ယခု အပတ်အတွင်း ပြည်တွင်း မိုးလေဝသထူးခြားချက်အနေဖြင့် လာမည့် ဇန်နဝါရီဘာ ၂၂ ရက်နေ့နှင့် ဇန်နဝါရီ ၂၈ ရက်အတွင်း တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ မန္တလေးတိုင်း၊ နေပြည်တော်နှင့် ရှမ်းပြည်နယ်တို့၌ အချိန်အခါ မဟုတ်သော ဆောင်းမိုး ရနိုင်မည့် ရက်သတ္တပတ်ဖြစ်ကြောင်း NUG၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

 

ယခု တစ်ပတ်အတွင်း ထူးခြားချက်မှာ မြန်မာနိုင်ငံ အနောက်မြောက်ဘက်မှ လေအေးများသည် အနောက်ဘင်္ဂလားနယ်မှ တဆင့် မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အောက်ပိုင်းများသို့ ထိုးဆင်းလာခဲ့ပြီး တောင်ဘက်ပိုင်းပင်လယ်မှ လေနွေးများနှင့်ပေါင်းဆုံ၍ အချိန်အခါမဟုတ် မိုးရွာစေသော ဖြစ်စဉ်ကြောင့် ဇန်နဝါရီလ ၂၅၊ ၂၆ ၊ ၂၇ ၊ ၂၈ရက်များတွင် တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ မန္တလေးတိုင်း၊ နေပြည်တော်နှင့် ရှမ်းပြည်နယ်တို့၌ အချိန်အခါ မဟုတ်သော ဆောင်းမိုး ရနိုင်မည့် ရက်သတ္တပတ် ဖြစ်လာနိုင်ကြောင်း ယင်း၀န်ကြီးဌာနက ထုတ်ပြန်သည်။

 

ယခု တစ်ပတ်တွင် ညအခါ ဆောင်းရာသီ၏ အအေးပိုလာနိုင်မှုသည် အိန္ဒိယဘက်မှ အအေးလှိုင်းအင်အား ချဲ့ထွင်မှုနှင့် အင်အားလျော့ကျမှု တို့ပေါ်မူတည်၍ မြန်မာနိုင်ငံအထက်ပိုင်းနှင့် အလယ်ပိုင်းတို့တွင် အအေးပိုမှု အတက်အကျ ခံစားရလာနိုင်ပြီး နံနက်ပိုင်းတွင် မြူထူများလည်း ကျဆင်းနိုင်ကြောင်း ယင်း၀န်ကြီးဌာနက ခန့်မှန်းထုတ်ပြန်ထားသည်။