တစ်ပတ်အတွင်း မိုးလေ၀သ ခန့်မှန်းချက် (နို၀င်ဘာလ ၁၃ ရက်နေ့မှ ၁၉ ရက်နေ့အထိ)

Published on Nov 14, 2023

ယခုအပတ်အတွင်း ပြည်တွင်း မိုးလေဝသ ထူးခြားချက်အနေဖြင့် လာမည့် နိုဝင်ဘာလ ၁၈ ရက်နှင့် ၁၉ ရက်ဝန်းကျင်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဖြတ်ကျော်ဝင်ရောက်နိုင်သော မုန်တိုင်းငယ်သည် မြန်မာနိုင်ငံသို့ တိုက်ရိုက် မထိခိုက်နိုင်သော်လည်း မြန်မာနိုင်ငံအထက်ပိုင်းတွင် မုန်တိုင်းကြောင့် မိုးထစ်ချုန်း ရွာနိုင်ပါကြောင်း  NUG၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

 

နို၀င်ဘာလ ၁၃ ရက်နေ့မှ ၁၉ ရက်နေ့အထိ တစ်ပတ်အတွင်းထူးခြားချက်မှာ နိုဝင်ဘာလ (၁၃-၁၄-၁၅) ရက်များတွင် ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်း (သီရိလင်္ကာ)အနီးမှ အစပျိုးဖြစ်ပေါ်လာနိုင်သော လေဖိအားနည်းရပ်ဝန်းတစ်ခုသည် နိုင်၀င်ဘာလ ၁၆ ရက်နှင့် ၁၇ ရက်များတွင် မုန်တိုင်းငယ် အဆင့်သို့ ရောက်ရှိလာနိုင်ပြီး အိန္ဒိယနိုင်ငံ အရှေ့ဘက်ကမ်းခြေအနီးမှ ကပ်လျက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နိုဝင်ဘာလ ၁၈ရက်နှင့် ၁၉ ရက်ဝန်းကျင်တွင် ဖြတ်ကျော်ဝင်ရောက်နိုင်ပါသည်။ အဆိုပါ မုန်တိုင်းငယ်သည် မြန်မာနိုင်ငံသို့ တိုက်ရိုက် မထိခိုက်နိုင်သော်လည်း မြန်မာနိုင်ငံအထက်ပိုင်းတွင် မုန်တိုင်းအရှိန်ကြောင့် မိုးထစ်ချုန်းရွာနိုင်ပါကြောင်း ထို၀န်ကြီးဌာနမှ သိရသည်။

 

နိုဝင်ဘာလ ၂၀ ရက် နောက်ပိုင်းတွင် မြန်မာနိုင်ငံပေါ်တွင် ဆောင်းအအေးဓါတ် ပြန်လည် ကျရောက်လာနိုင်ပါကြောင်း၊ မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အထက်ပိုင်းတို့တွင် နံနက်ပိုင်း၌ မြူထူများလည်း ကျဆင်းလာနိုင်သကဲ့သို့ ညအပူချိန်များလည်း သိသာစွာ အေးလာနိုင်ကြောင်း ယင်း၀န်ကြီး ဌာနက ခန်းမှန်းထုတ်ပြန်ထားသည်။