တစ်ပတ်အတွင်း ဈေးကွက်သတင်း (အောက်တိုဘာ ၁၆ မှ ၂၁ အထိ)

Author ကိုထားဝယ်
Categories
Published on Oct 21, 2023

ယခုတစ်ပတ်(အောက်တိုဘာ ၁၆ မှ ၂၁ အထိ)ပြည်တွင်းဈေးကွက်အခြေအနေကတော့ ရွှေ၊ ငွေ၊ စက်သုံးဆီဈေးနှုန်းတွေအေးတယ်လို့ ပြောရပါမယ်။ ကမ္ဘာ့ရေနံစိမ်းဈေးကတော့ ပဋိပက္ခတွေကြောင့် အတက်ဘက်ကိုရောက်သလို ကမ္ဘာ့ရွှေဈေးကလည်း တက်မြဲတက်ဆဲပါပဲ။

 

စုစည်းရေးသားသူ – ကိုထားဝယ်

 

ကမ္ဘာ့ရွှေဈေးတက်ပေမယ့် အေးနေတဲ့ ပြည်တွင်းဈေးကွက်

 

ယခုအပတ် ပြည်တွင်းရွှေဈေးကွက်မှာ ကမ္ဘာ့‌ရွှေဈေးတက်နေဆဲဖြစ်ပေမယ့် မြန်မာ့‌ရွှေဈေးကတော့ အနည်းငယ်သာတက်ပါတယ်။

 

ကမ္ဘာ့ရွှေဈေးနှုန်းဟာ အောက်တိုဘာ ၁၆ တနင်္လာ အဖွင့်နေ့မှာတော့ ယခင်အပတ်ကထက် လျော့ဖွင့်ခဲ့ပေမယ့် နောက်ပိုင်းရက်တွေမှာတောက်လျှောက်မြင့်တက်ခဲ့တာပါ။ တစ်ပတ်အတွင်း ကမ္ဘာ့ရွှေတစ်အောင်စကို အမေရိကန်ဒေါ်လာ ၇၀ အထိမြင့်တက်ခဲ့ပါတယ်။

 

အရောင်းအဝယ်‌အဝယ်အေးနေတဲ့ ပြည်တွင်းရွှေဈေးကွက်ထဲမှာတော့ အခေါက်ရွှေ ၁၆ ပဲရည် တစ်ကျပ်သားကို ၂၅,၀၀၀ ပဲတက်ပါတယ်။

 

အောက်တိုဘာ ၂၁ ရက် ရွှေဈေးကွက်ထဲ ကမ္ဘာ့ရွှေတစ်အောင်စကို အမေရိကန်ဒေါ်လာ ၁၉၈၁ ဒေါ်လာဖြစ်ပြီး ပြည်တွင်းရွှေဈေးကွက်ထဲ အခေါက်ရွှေ ၁၅ ပဲရည်တစ်ကျပ်သားကို ၃,၂၇၀,၀၀၀ ကျပ်နဲ့ အခေါက်ရွှေ ၁၆ ပဲရည်တစ်ကျပ်သားကို ၃,၄၇၅,၀၀၀ ကျပ်ဈေးရှိခဲ့ပါတယ်။

 

ကန်ဒေါ်လာ၊ ဘတ်နဲ့ မလေးရှားရင်းဂစ်တို့ ဈေးအနည်းငယ်ကျ

 

ယခုအပတ် ငွေကြေးဈေးကွက်ထဲ အမေရိကန်အပါအဝင် နိုငံခြားငွေကြေးအချို့ ဈေးအနည်းငယ်လျော့ကျသွားတာကိုတွေ့ရပါတယ်။

 

အလျင်လိုသည့်အဝယ်မရှိခြင်းနဲ့ ကမ္ဘာမှာကိုက ကျဆင်းနေတာကြောင့် နိုင်ငံခြားငွေကစားသူတွေ ဈေးစွဲတင်မရလို့ ငွေကြေးဈေးတွေငြိမ်နေတာ လအတန်ကြာနေပါပြီ။

 

ဒီတစ်ပတ်ထဲ အမေရိကန်တစ်ဒေါ်လာကို ၅၀ ကျပ်အထိကျခဲ့ပေမယ့် ထိုင်းတစ်ဘတ်ကို ၂ ကျပ်၊ မလေးရှားတစ်ရင်းဂစ်ကို ၅ ကျပ်နဲ့ တရုတ်တစ်ယွမ်ကို ၆ ကျပ်လောက်သာကျခဲ့တာပါ။

 

ဒီလို‌ကျတယ်လို့ဆိုပေမယ့် လွန်ခဲ့တဲ့ ၆ လဖြစ်တဲ့ ဧပြီလကထက် နိုင်ငံခြားငွေကြေးဈေးနှုန်းတွေဟာ ၁၅ ရာခိုင်နှုန်းခန့်မြင့်တက်နေဆဲဖြစ်ပါတယ်။

 

အောက်တိုဘာ ၂၁ ရက် နိုင်ငံခြားငွေကြေးဈေးကွက်ထဲ အမေရိကန်တစ်ဒေါ်လာကို ၃၃၀၀ ကျပ်၊ တစ်ယူရိုကို ၃၅၂၈ ကျပ်၊ စင်ကာပူတစ်ဒေါ်လာကို ၂၄၂၀ ကျပ်၊ ထိုင်းတစ်ဘတ်ကို ၉၀ ကျပ်၊ ဂျပန်တစ်ယမ်းကို ၂၂ ကျပ်၊ မလေးရှားတစ်ရင်းဂစ်ကို ၇၁၅ ကျပ်၊ တရုတ်တစ်ယွမ်ကို ၄၅၄ ကျပ်ဈေးရှိကြောင်း သိရပါတယ်။

 

 

တနင်္လာအတက်ဈေးနဲ့ပဲငြိမ်သွားတဲ့ ပြည်တွင်းစက်သုံးဆီဈေး

 

ကျသင့်တဲ့ပြည်တွင်းစက်သုံးဆီဈေးဟာ ဝိသမဆိုင်တွေရဲ့လောဘကြောင့် မကျဘဲ တင်းခံလို့နေပါတယ်။ ကျန်ခဲ့တဲ့အပတ်ထဲ အောက်တိုဘာ ၁၆ က အောက်တိန်း 92 နဲ့ 95 တစ်လီတာကို ၄ဝ ကျပ်စီနဲ့ ရိုးရိုးဒီဇယ်နဲ့ အဆင့်မြင့်ဒီဇယ်တစ်လီတာကို ၆၅ ကျပ်စီစွဲတင်ထားတဲ့ဈေးနှုန်းနဲ့ တစ်ပတ်လုံးငြိမ်သက်သွားခဲ့တာပါ။

 

အခုတော့ ကျနေတဲ့ကမ္ဘာ့ရေနံစိမ်းဈေးက ရေနံစိမ်းအထွက်များတဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေရဲ့ ပဋိပက္ခတွေကြောင့် ပြန်တက်ဖို့ပြင်နေပါပြီ။

 

ပြင်သစ်အခြေစိုက် နိုင်ငံတကာ စွမ်းအင်အေဂျင်စီ IEA က လက်ရှိ အရှေ့အလယ်ပိုင်းဒေသမှာဖြစ်နေတဲ့ တင်းမာမှုကြောင့် ကမ္ဘာတဝန်း ရေနံဖြန့်ဖြူးမှု ထိခိုက်နိုင်ပြီး ဈေးတက်နိုင်တယ်လို့ သတိပေးလိုက်ပါတယ်။ ဒါပေမဲ့ အရင်သမိုင်းမှာဖြစ်ခဲ့သလိုတော့ မတန်တဆဈေးတက်တာမျိုး ဓါတ်ဆီဆိုင်တွေမှာ တန်းအရှည်ကြီး စောင့်ဆိုင်းရတာမျိုးတော့ ဖြစ်မှာ မဟုတ်ဘူးလို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

 

နိုင်ငံတကာရေနံစိမ်းဈေးကွက်မှာ Brent ရေနံစိမ်းဈေးဟာ အစ္စရေး-ဟားမက်စ် ပဋိပက္ခမစခင် တစ်ရက်အလို အောက်တိုဘာ ၆ ရက်နေ့က တစ်စည်ကို ၈၅ ဒေါ်လာရှိခဲ့ရာက အောက်တိုဘာ ၂၁ ရက်က ၉၂ ဒေါ်လာအထိ ဈေးတက်သလို တချို့ရက်တွေမှာ ၉၆ ဒေါ်လာအထိ ဈေးတက်ခဲ့ပါတယ်။

 

လက်ရှိပြည်တွင်းစက်သုံးဆီဈေးကွက်အတွင်း အောက်တိန်း 92 တစ်လီတာကို ၂၀၁၅ ကျပ်၊ အောက်တိန်း 95 တစ်လီတာကို ၂၁၁၅ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာကို ၂၂၅၅ ကျပ်၊ အဆင့်မြင့်ဒီဇယ်တစ်လီတာကို ၂၃၇၀ ကျပ်ဈေးရှိကြောင်း စက်သုံးစီဆိုင်တွေဆီက သိရပါတယ်။