တစ်ပတ်အတွင်း ဈေးကွက်သတင်း (အောက်တိုဘာ ၈ မှ ၁၄ ရက်အထိ)

Author ကိုထားဝယ်
Categories
Published on Oct 14, 2023

ဒီတစ်ပတ်(အောက်တိုဘာ ၈ မှ ၁၄ ရက်အထိ)ရဲ့ ရွှေ၊ နိုင်ငံခြားငွေ၊ စက်သုံးဆီဈေးကွက်အတွင်း နိုင်ငံခြားငွေဈေးနှုန်းတွေအလှုပ်အခတ်သိပ်မဖြစ်သလို ပြည်တွင်းရွှေဈေးဟာလည်း တည်ငြိမ်နေဆဲပါပဲ။ စက်သုံးဆီဈေးကွက်မှာတော့ လူသုံးများတဲ့ အောက်တိန်း 92 နဲ့ 95 ဈေးနှုန်းတွေအတက်အကျဖြစ်ခဲ့ပါတယ်။

စုစည်းရေးသားသူ – ကိုထားဝယ်

“ကမ္ဘာ့ဈေးတက်ပေမယ့် ငြိမ်သက်နေဆဲ ပြည်တွင်းရွှေဈေး”

ကမ္ဘာ့ရွှေဈေးနှုန်းတွေ ဒီတစ်ပတ်ထဲ တောက်လျှောက်မြင့်တက်လာခဲ့ပေမယ့် ပြည်တွင်းရွှေဈေးကွက်ဟာ တည်ငြိမ်နေဆဲဖြစ်ပါတယ်။

ကမ္ဘာ့ရွှေဈေးဟာ အောက်တိုဘာ ၈ ရက်က တစ်အောင်စကို အမေရိကန်ဒေါ်လာ ၁၈၃၂ ကျပ်နဲ့ဖွင့်ခဲ့ပေမယ့် တစ်ရက်ကို တစ်အောင်စ ၅ ကနေ ၅၀ ဒေါ်လာအထိ မြင့်တက်ခဲ့တာပါ။

မြင့်တက်မှုအများဆုံးအနေနဲ့ အောက်တိုဘာ ၁၃ က တစ်အောင်စ ၁၈၈၂ ဒေါ်လာသာရှိတဲ့ ကမ္ဘာ့ရွှေဈေးဟာ အောက်တိုဘာ ၁၄ မှာ တစ်အောင်စ ၁၉၃၂ ဒေါ်လာအထိ တစ်ရက်တည်း ၅၀ ဒေါ်လာအထိမြင့်တက်ခဲ့တာပါ။

ပြည်တွင်းရွှေဈေးကတော့ အခုတစ်ပတ်ထဲ အပြောင်းအလဲသိပ်မဖြစ်ခဲ့ဘဲ တစ်ပတ်အတွင်း ၁၆ ပဲရည် ၁ ကျပ်သားကို ၂၅,၀၀၀ ကျပ်ပဲ မြင့်တက်ခဲ့ပါတယ်။

အောက်တိုဘာ ၈ ရက်က အခေါက်ရွှေ ၁၆ ပဲရည် ၁ ကျပ်သားကိုကျပ် ၃,၄၀၀,၀၀၀ နဲ့ဖွင့်ခဲ့ပြီး အောက်တိုဘာ ၁၄ မှာတော့ တစ်ကျပ်သား ကျပ် ၃,၄၂၅,၀၀၀ ဈေးဖြစ်ခဲ့ပါတယ်။

“အမြင့်ဈေးနဲ့ငြိမ်နေတဲ့ ငွေကြေးဈေးကွက်”

ဒီတစ်ပတ်ရဲ့ လှုပ်ခတ်မှုရှိခဲ့တဲ့ နိုင်ငံခြားငွေကြေးကတော့ အမေရိကန်ဒေါ်လာဖြစ်ပြီးတော့ ထိုင်းဘတ်ကတော့ မာနေဆဲဖြစ်ပါတယ်။

မြန်မာနိုင်ငံထဲအသုံးများတဲ့ တခြားငွေကြေးတွေကတော့ အရင်ဈေးတွေနဲ့ပဲ တည်ငြိမ်နေဆဲပါပဲ။

အမေရိကန်ဒေါ်လာဈေးနှုန်းဟာ အောက်တိုဘာ ၈ ရက်က တစ်ဒေါ်လာ ၃၃၅၀ နဲ့ဖွင့်ခဲ့ပြီး အောက်တိုဘာ ၁၁ ရက်မှာ အမြင့်ဈေးအနေနဲ့ တစ်ဒေါ်လာ ၃၃၆၅ အထိမြင့်တက်ခဲ့ပါတယ်။ ဒါပေမဲ့ အောက်တိုဘာ ၁၄ မှာတော့ ၃၃၅၀ ကျပ်နဲ့ပြန်ပိတ်ခဲ့တဲ့အတွက် ပြန်ကျခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်။

ပြောစရာအဖြစ်ဆုံးဖြစ်တဲ့ ထိုင်းဘတ်ကတော့ တစ်ဘတ်ကို ၉၀ ကျပ်ကျော်ဈေးနဲ့ပဲ အရောင်းအဝယ်ဖြစ်ခဲ့ပြီး အောက်တိုဘာ ၁၄ ရက်မှာ တစ်ဘတ်ကို ၉၂ ကျပ်ကျော်နဲ့ ပိတ်ခဲ့ပါတယ်။

စင်ကာပူဒေါ်လာကတော့ တစ်ဒေါ်လာကို ၂၄၃၀၊ ၂၄၄၀ ကျပ်နဲ့ ၂၄၅၀ ဝန်းကျင်မှာပဲ အရောင်းအဝယ် ဖြစ်ခဲ့ကြပါတယ်။ အောက်တိုဘာ ၈ ရက်မှာ တစ်ဒေါ်လာ ၂၄၃၀ ကျပ်နဲ့ဖွင့်ခဲ့ပြီးတော့ အောက်တိုဘာ ၁၄ မှာ ၂၄၄၀ ကျပ်နဲ့ဈေးပိတ်ခဲ့ပါတယ်။

တစ်ပတ်အတွင်း မလေးရှားရင်းဂစ်ဈေးကွက်မှာတော့ တစ်ရင်းဂစ်ကို ၇၁၈ ကျပ်နဲ့ ၇၂၄ ကျပ်ကြားအရောင်းအဝယ်ပြုပ်လုပ်ခဲ့ကြပါတယ်။

တရုတ်ယွမ်ကတော့ တစ်ယွမ်ကို ၄၅၈ ကျပ်မှ ၄၆၄ ကျပ်ကြားအရောင်းအဝယ်ပြုလုပ်ခဲ့ကြပါတယ်။ အောက်တိုဘာ ၈ ရက်က တစ်ယွမ်ကို ၄၆၁ ကျပ်နဲ့ဖွင့်လာတဲ့ ယွမ်ဈေးဟာ အောက်တိုဘာ ၁၄ ရက်မှာတော့ ၄၅၈ ကျပ်နဲ့ဈေးပိတ်ခဲ့ပါတယ်။

“အကျဈေးနဲ့ ရှေ့ဆက်တဲ့ စက်သုံးဆီ”

စက်သုံးဆီတွေထဲ လူသုံးအများဆုံးဖြစ်တဲ့ အောက်တိန်း 92 ကတော့ အောက်တိုဘာ ၈ ရက်က တစ်လီတာ ၁၉၄၅ ကျပ်နဲ့ဖွင့်ခဲ့ပေမယ့် အောက်တိုဘာ ၁၀ မှာ တစ်လီတာ ၂၀၁၅ ကျပ်အထိတက်ခဲ့တာပါ။ အဲဒီနောက် တစ်လီတာ ၂၀၁၀ ကျပ်ကနေ ၁၉၇၅ ကျပ်ကို ပြန်ကျခဲ့ပါတယ်။

အောက်တိန်း 95 ဈေးတွေလည်း အလှုပ်အခတ်ရှိခဲ့ပြီး အောက်တိုဘာ ၈ ရက်က တစ်လီတာ ၂၀၄၅ ကျပ်နဲ့ဈေးဖွင့်ခဲ့ပေမယ့် အောက်တိုဘာ ၁၀ မှာ ၂၁၁၅ ကျပ်အထိမြင့်တက်ခဲ့တာပါ။ အဲဒီနောက် အောက်တိုဘာ ၁၄ ရက်နေ့မှာတော့ တစ်လီတာ ၂၀၇၅ ကျပ်နဲ့ ဈေးပိတ်ခဲ့ပါတယ်။

ဒါ့အပြင် ဒီဇယ်၊ အဆင့်မြင့်ဒီဇယ်ဈေးတွေ‌လည်း ကျခဲ့ပြီး အောက်တိန်း 95 ဈေးနှုန်လည်း ကျခဲ့ပါတယ်။

တစ်ပတ်အတွင်း ဒီဇယ်တစ်လီတာ ၃၅ ကျပ်၊ အဆင့်မြင့်ဒီဇယ် ၄၀ ကျပ်ဈေးတက်ပါတယ်။

အောက်တိုဘာ ၁၄ ရက် ဒီဇယ် တစ်လီတာကို ၂၁၉၀ ကျပ်နဲ့ အဆင့်မြင့် ဒီဇယ် တစ်လီတာကို ၂၃၀၅ ကျပ်ဈေးရှိခဲ့ပါတယ်။