ညောင်ဦးတွင် မိုးကြီး၍ ဧရာဝတီမြစ်ရေစိုးရိမ်ရေမှတ်ကျော်အထိတက်လာ၊ အရေးပေါ်ပြောင်းရွှေ့နိုင်မည့်နေရာများပြင်ဆင်နေ

Author CJ Platform
Categories
Published on Sep 05, 2023

မန္တလေးတိုင်း ညောင်ဦးမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်ထက် ကျော်လွန်မြင့်တက်လာနေပြီဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

ယခု စက်တင်ဘာလအတွင်း မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ယနေ့ စက်တင်ဘာလ ၅ ရက်နေ့တိုင်းထွာချက်များအရ ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ်ဖြစ်သည် ၂၁၂၀ စင်တီမီတာကို သုံးလက်မခန့်ကျော်လွန်ရောက်ရှိလာခြင်းဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

“အခုလက်ရှိတော့ ရွှေ့ပြောင်းရတာမျိုးမရှိသေးဘူး။ မြစ်ရေက ဆက်တက်နေတုန်းပေါ့။ တစ်ခုခုဆိုရင်တော့ အရေးပေါ်ရွှေ့ပြောင်းဖို့ ကျနော်တို့လုပ်နေပါတယ်။ နေရာလည်းရှိပါတယ်” ဟု ညောင်ဦးမြို့နယ် အရန်မီးသတ်တပ်ဖွဲ့မှတာ၀န်ရှိသူတစ်ဦးက ပြောသည်။

ထိုသို့မြစ်ရေမြင့်တက်လာမှုကြောင့် ညောင်ဦးမြို့နယ်အတွင်းရှိ မြစ်ကမ်းနံဘေး လူနေထိုင်ရာနေရာများသို့ ရေဝင်ရောက်မှုများရှိနေပြီး မြစ်ရေဆက်လက်မြင့်တက်ကာ ရေကြီးလာနိုင်မှုများကြောင့် ဒေသခံများအနေဖြင့် ကြိုတင်ပြင်ဆင်မှုများလုပ်ဆောင်နိုင်ရန် ဒေသခံမီးသတ်တပ်ဖွဲ့များမှ အသိပေးထားမှုများရှိနေသည်။

ထို့ပြင် စက်တင်ဘာလ ၃ ရက်နေ့ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အာနန္ဒာဘုရားနှင့် ရွှေစည်းခုံဘုရားတို့တွင် ရေဝင်ရောက်ခဲ့သည်။

မိုးတွင်းကာလ ဇွန်လမှ အောက်တိုဘာလအတွင်း မြစ်ရေ ကြီးမှု ဖြစ်ပေါ်လေ့ရှိပြီး၊ ဇူလိုင်လနှင့် သြဂုတ်လတို့တွင် ရေကြီးရေလျှံခြင်း အဖြစ်များကြောင်း၊ မြစ်ရေကြီးရသည့် အဓိက အကြောင်းအရင်းများသည် မြစ်ဝှမ်းဒေသတွင် အချိန်ကြာမြင့်စွာ မိုးသည်းထန်စွာရွာသွန်းခြင်း၊ မုန်တိုင်းဖြတ်ကျော်ဝင်ရောက်စဉ် မိုးထစ်ချုန်းရွာခြင်း၊ မြစ်ဖျားဒေသတွင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ ဆည်နှင့် ရေကာတာ ကျိုးပေါက်မှုများကြောင့် ဖြစ်ပေါ်လေ့ရှိသည်။

“ညောင်ဦးမှာ မြစ်ရေတက်လာတာက၊ ချင်းတွင်းနဲ့ ဧရာ၀တီမြစ်တို့ရဲ့ အပေါ်ရေကျလာတာရယ်၊ ဒေသတွင်း မိုးကောင်းတာကြောင့်ရယ် ဖြစ်ပါတယ်။” ဟု မိုးလေဝသ ပညာရှင် တစ်ဦးက CJ Platform သို့ပြောကြားသည်။

မြန်မာနိုင်ငံတွင်ရေကြီးရေလျှံမှုများနှစ်စဉ်ဖြစ်လေ့ရှိပြီး ၂၀၁၅ ခုနှစ်တွင်ရေဘေးကြောင့် တိုင်းနှင့် ပြည်နယ် ၁၂ ခုတွင် လူ ၁၀၀ ကျော်သေဆုံးပြီး အိမ်ထောင်စု လေးသောင်းကျော်နှင့် လူဦးရေ ၁၆ သိန်းကျော် ဘေးဒုက္ခကြုံခဲ့ရသည့် အဆိုးဆုံးအခြေအနေဖြစ်ခဲ့သည်။