ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူနှစ်ဦး သေဆုံးကာ နေအိမ် ငါးလုံးပျက်စီးခဲ့

Author လင်းနွေဦး
Categories
Published on Nov 27, 2023

ကရင်အမျိုးသားအစည်းအရုံး (KNU) အုပ်ချုပ်မှုနယ်မြေ၊ ခလယ်လွီထူ(ညောင်လေးပင်)ခရိုင် အတွင်း တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ပြည်သူနှစ်ဦး သေဆုံး ကာ နေအိမ်ငါးလုံး ထိခိုက်ပျက်စီးခဲ့ရကြောင်း KNU မှ ထုတ်ပြန်သည်။

မူး(မုန်း)မြို့နယ် အတွင်း နိုဝင်ဘာ (၂၄)ရက် နေ့ ညနေ (၅)နာရီ (၁၅)မိနစ် အချိန်တွင် စစ်ကောင်စီ တပ်မှ K-8W ဂျက်တိုက်လေယာဉ်များဖြင့် ကိုင်တဲစုကျေးရွာ၊ ရေတွင်းကုန်းကျေးရွာ၊ ဇဟားလေးကျေးရွာ၊ ကျီးရိုးကျေးရွာ၊ သုံးခွလေး ကျေးရွာ၊ တင်ကုတ်ကုန်း ကျေးရွာများအပေါ်သို့ ​လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

လေကြောင်းတိုက်ခိုက်မှု အတွင်း ရေတွင်းကုန်းကြီးကျေးရွာမှ အသက် (၆၀)အရွယ် အမျိုးသမီး နှစ်ဦး ဗုံးစထိမှန်၍ သေဆုံးခဲ့ရပြီး နောက်ထပ် ပြည်သူနှစ်ဦးမှာလည်း ဗုံးစထိမှန်၍ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းလေကြောင်းတိုက်ခိုက်မှု အတွင်းမှာပင် ဇယားလေးရွာ မှ ပြည်သူလေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူပိုင် နေအိမ်နှစ်လုံးနှင့် စိုက်ပျိုးရေးခြံ တစ်ခုတို့မှာ ဗုံးစ ထိမှန်၍ ထိခိုက်ပျက်စီးခဲ့ရကြောင်း KNUမှ ဖော်ပြသည်။

 

ထပ်မံ၍ နိုဝင်ဘာ(၂၄) ရက်နေ့ ည (၁၁)နာရီခွဲ အချိန်တွင် လယ်ဒို (ကျောက်ကြီး)မြို့နယ် အတွင်း စစ်ကောင်စီ၏ ခမရ-၂၀ တပ်ရင်းမှ ၁၂၀ မမ လက်နက်ကြီးများဖြင့် ပြည်သူများနေထိုင်ရာ ကျေးရွာများအတွင်းသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ ပစ်ခတ်ခဲ့သည်။

 

စစ်ကောင်စီမှ ပစ်လွှတ်သောလက်နက်ကြီးများမှာ ဂွေးကုန်းကျေးရွာ အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ကျေးရွာအတွင်းရှိ ပြည်သူသုံးဦးမှာ လက်နက်ကြီးစ ထိမှန်၍ ထိခိုက်ဒဏ်ရာ ရရှိခဲ့ရုံသာမက ပြည်သူပိုင် နေအိမ်သုံးလုံးမှာလည်း လက်နက်ကြီးစများထိမှန် ၍ ပျက်စီးခဲ့ရကြောင်း KNU မှ ထုတ်ပြန်ချက်အတွင်း ဖော်ပြသည်။

 

ပြီးခဲ့သည့် နိုဝင်ဘာ (၂၃)ရက်နေ့၌ လည်း စစ်ကောင်စီ မှ ခလယ်လွီထူ ခရိုင်အတွင်း တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သဖြင့် လယ်ဒို(ကျောက်ကြီး)မြို့နယ် အတွင်း ရှိ ကျေးရွာသုံးရွာမှ ပြည်သူသုံးဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်ခုနစ်လုံးမှာလည်း စက်သေနတ်ကြီး၏ ကျည်ဆန်များ ထိမှန်ကာ ပျက်စီးဆုံးရှုံးခဲ့ရသည်။

 

ဓာတ်ပုံ- KNU