ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲ၊ ကလေးငယ် နှစ်ဦး အပါအဝင် ပြည်သူ လေးဦး ဒဏ်ရာရ

Author မင်းထက်
Categories
Published on Nov 23, 2023

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲ ပစ်ခတ်မှုကြောင့် ငါးနှစ်အောက် ကလေးငယ် နှစ်ဦးအပါအဝင် ပြည်သူ လေးဦး ဒဏ်ရာရပြီး နေအိမ် နှစ်လုံးပြာကျခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

နိုဝင်ဘာလ ၂၀ ရက်နေ့မှ ၂၁ ရက်နေ့အထိ နှစ်ရက် ဆက်တိုက် စစ်ကောင်စီတပ်၏ တောင်ငူ လေတပ်စခန်းမှ K-8W အမျိုး အစား ဂျက်ဖိုက်တာလေယာဉ်နှင့် Mi-35 ရဟတ်ယာဉ်အမျိုးအစားများဖြင့် ဝက်တူးအနောက်ကျေးရွာ၊ သင်္ကန်းပင်ကျေးရွာ၊ ဇလုပ်ကြီးကျေးရွာ၊ ရှားပင်ချောင်းကျေးရွာ၊ မငြိမ်းစုကျေးရွာ၊ ငါးဆီလှော်ကျေးရွာ၊ တဲစုကျေးရွာ၊ သဲကုန်းကျေးရွာ၊ ငနွားဆိတ်ကျေးရွာ စသည့် ကျေးရွာများအတွင်းသို့ ဂျက်ဖိုက်တာပါ စက်သေနတ်ဖြင့် ပစ်ခတ်မှု ခြောက်ကြိမ်၊ ဗုံးကြဲတိုက်ခိုက်မှု ခြောက်ကြိမ်ထိ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထိုပစ်ခတ် မှု ၁၂  ကြိမ် အတွင်း ပေါင် ၅၀၀ ဗုံး စုစုပေါင်း ခုနစ်လုံးခန့် ကြဲချခဲ့ပြီး စက်သေနတ်ဖြင့် အလုံးရေမြောက်များစွာ ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ထိုလေကြောင်း တိုက်ခိုက်မှုများအတွင်း ငနွားဆိပ်ကျေးရွာနေ အသက် သုံးနှစ်ခွဲအရွယ် မအေးစန္ဒာဖြိုး ၊ အသက် ငါးနှစ်အရွယ် မောင်အောင်လင်းထက် ၊  ၂၈ နှစ်အရွယ် မစိန်ဗယက် ၊ ၆၂ နှစ်အရွယ်  ဦးလှမြင့်  တို့ ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း၊ နွား နှစ်ကောင် ကျွဲ တစ်ကောင်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကာ  နေအိမ်တစ်လုံး ကျည်စများ ထိမှန်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူပင် နိုင်ဝင်ဘာလ ၁၆ ရက်နေ့နှင့်  ၂၀  ရက်နေ့တို့တွင် စစ်ကောင်စီလေတပ်မှ သဲကုန်းကျေးရွာသို့ တိုက်ခိုက်ရေးသုံး ရဟတ်ယာဉ်ဖြင့် ခြောက်ကြိမ်ခန့် ပစ်ခတ်ပြီး ဂျက်တိုက်လေယာဉ်ဖြင့် သမင်အင်းကုန်းကျေးရွာ အတွင်းသို့ ဗုံး နှစ်လုံးခန့် ကြဲချခဲ့ပြီး စက်သေနတ်ဖြင့် နှစ်ကြိမ်ပစ်ခတ်ခဲ့သောကြောင့် သမင်အင်းကုန်းကျေးရွာနေ တီးတတီးခို၏ နေအိမ်မှာ ဗုံးထိမှန်ပြီး မီးလောင်ပြာကျ ပျက်စီးခဲ့ရကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။