ညောင်တုန်းတွင် တစ်ရွာတစ်ဦးနှုန်း စစ်မှုထမ်းရန် မဲနှိုက်ရွေးချယ်

Author  ဂျွန်နသန်
Categories
Published on Mar 14, 2024

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်ရှိ ကျေးရွာများတွင် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိလူငယ်များကို မတ်လဒုတိယအပတ်မှစတင်ကာ တစ်ရွာလျှင်တစ်ဦးနှုန်းဖြင့် မဲနှိုက်ရွေးချယ်နေကြောင်း ဒေသခံများထံမှ သိရသည်။

 

ယင်းသို့ရွေးချယ်ရာတွင် စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးများက ဖေဖော်ဝါရီလလယ်ခန့်မှစတင်ကာ စာရင်းပြုစုထားခဲ့ပြီး ထိုစာရင်းအရ မဲလိပ်များဖြင့် မဲနှိုက်စေ၍ မဲပေါက်သူ စစ်မှုထမ်းရမည်ဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

 

“တစ်ရွာတစ်ယောက်ခေါ်မှာလို့ပြောတယ်။ ဥပမာဗျာ ဒီရွာမှာ သူတို့စာရင်းမှာ ၄၅ ယောက်ရှိတယ်ဆိုရင် မဲလိပ် ၄၅ လိပ်ဗျာ။ အဲဒီအထဲကမှ တစ်ယောက်က စစ်မှုထမ်းရမှာ။ ကျွန်တော်တို့ရွာအနေနဲ့ စာရင်းပေးထားတဲ့သူမရှိတော့ အဲဒီလိုလုပ်တယ်ထင်တယ်။ ဘာပေးမယ်၊ ညာပေးမယ် ဘာမှမပါဘူး။ တာဝန်အရ သွားရမယ့်ပုံစံမျိုးပါ” ဟု စက္ကော့ကျေးရွာအုပ်စုမှ ဒေသခံအမျိုးသားတစ်ဦးက CJ Platform သို့ ပြောသည်။

 

စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရဥပဒေကြေညာပြီးနောက် ညောင်တုန်းမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက် ၁၀ ခုအပါအဝင် ကျေးရွာအုပ်စု ၃၅ အုပ်စုကို စစ်ကောင်စီအနေဖြင့် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများထံသို့ လူစုထားရန် ညွှန်ကြားခဲ့ပြီးဖြစ်ကြောင်း CJ Platform ၏ မြေပြင်သတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။

 

ထို့ကြောင့် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးအချို့မှာ စာရင်းများကောက်ယူထားရှိပြီး ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

 

“ဒါတွေက အစောပိုင်းကတည်းကရှိတာဗျ။ ပြည်သူ့စစ်ဖွဲ့ဖို့ ညွှန်ကြားချက်လာကတည်းက တစ်အုပ်စု လူဘယ်လောက်နှုန်းနဲ့ဆိုပြီး ပြောထားတာရှိတယ်ပေါ့။ အခု စစ်မှုထမ်းဥပဒေပေါ်လာပြီဆိုတော့ ဥပဒေအရတရားဝင်ဖြစ်လာတာပေါ့။ ခံစားခွင့်ဆိုတာတွေကတော့ ဥပဒေအတိုင်းပဲနေမှာပါ။ အဲဒီအပိုင်း‌တွေတော့ မသိပါဘူး” ဟု စစ်ကောင်စီနှင့် နီးစပ်သူတစ်ဦးက CJ Platform သို့ ပြောသည်။

 

ထိုသို့ပြုလုပ်ခြင်းမှာ ယခုနှစ် ဧပြီလအတွင်း စတင်မည့် စစ်ကောင်စီ၏ စစ်သင်တန်းအတွက် သင်တန်းသားခေါ်ယူမည့်ကိစ္စအတွက် တစ်ရွာလျှင်တစ်ဦးပေးနိုင်ရေး ကြိုတင်ပြင်ဆင်ထားခြင်းမျိုးသာဖြစ်နိုင်ကြောင်း၊ သင်တန်းသားပေးရန် အရံသင့်ရှိနေသည့်ကျေးရွာများမှာ အဆင်ပြေပြီး အရံသင့်မရှိသည့်ကျေးရွာများမှာ ယခုကဲ့သို့ မဲစနစ်ဖြင့် ရွေးချယ်ခြင်းဖြစ်ကြောင်း စစ်ကောင်စီနှင့်နီးစပ်သူ ညောင်တုန်းမြို့ခံတစ်ဦးက ၎င်း၏အမြင်ကို CJ Platform ထံသို့ မှတ်ချက်ပေးသည်။

 

ထိုသို့စစ်မှုထမ်းရန်ခေါ်ဆောင်ရာ၌ ကျေးရွာအုပ်စုတစ်စုလျှင် လူဦးရေမည်မျှပေးရမည်ဆိုသည်နှင့် လစဉ်လူဦးရေမည်မျှစုဆောင်းရခြင်းရှိ/မရှိတို့ကို CJ Platform မှမေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခဲ့ခြင်းမပြုကြပေ။

 

ညောင်တုန်းမြို့၊ သံကြိုးကျေးရွာအုပ်စု၌ ယခုလကုန်အထိ တောင်ပိုင်းတွင် ၄ ဦး၊ မြောက်ပိုင်းတွင် ၄ ဦး စစ်မှုထမ်းရန် ပေးရမည်ဟုဆိုသကဲသို့ တပေကုလားကျေးရွာအုပ်စုတွင်မူ တစ်လလျှင် တစ်ရွာတစ်ဦးနှုန်း စစ်မှုထမ်းရမည်ဖြစ်ပြီး စစ်မှုထမ်းသွားမည့်သူအတွက် တစ်အိမ်ထောင်လျှင် ၅၀ဝ၀ ကျပ်နှုန်းဖြင့် ကောက်ခံထောက်ပံ့ပေးရမည်ဖြစ်ကြောင်း ယင်းဒေသခံများထံမှ သိရသည်။

 

“တစ်ရွာတစ်ယောက်သွားမယ်လို့ ပြောတယ်။ သွားတဲ့သူအတွက်တော့ ရွာမှာရှိတဲ့ အိမ်ထောင်စုတွေ တစ်အိမ်ထောင် ငါးထောင်(ကျပ်) စုပြီးတော့ သွားတဲ့သူကို ပေးရမှာဆိုတော့ သူလည်း ဆယ်ဂဏန်းနီးပါးရမယ်ထင်ပါတယ်” ဟု တပေကုလားကျေးရွာအုပ်စုမှ ဒေသခံတစ်ဦးက CJ Platform သို့ ပြောသည်။

 

ထိုသို့ ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်အတွင်း မိမိဆန္ဒလျောက် စစ်မှုထမ်းရန် စာရင်းပေးထားသူများလည်းရှိနေပြီး နှစ်ပတ်ခန့်စစ်မှုထမ်းပြီးပြန်ရောက်လာသူများထံမှ ပင်ပန်းဆင်းရဲမှုဒဏ်ကို ကြားသိရပြီးနောက် ထွက်ပြေးနေသူများလည်းရှိကြောင်း သိရသည်။

 

အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကောင်စီသည် စစ်မျက်နှာများစွာဖွင့်ထားရပြီး မြို့ပေါင်းများစွာလက်လွှတ်ဆုံးရှုံးခဲ့ရပြီးနောက် အင်အားလိုအပ်ချက်များရှိလာသဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေအား ယခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စတင်အသက်သွင်းလာခဲ့ပြီး ဧပြီလအတွင်း စတင်အကောင်အထည်ဖော်မည်ဟု ကြေညာထားသည်။

 

ကနဦး ပထမဆင်း သင်တန်းအတွက် သက်ပြည့်အမျိုးသား ငါးထောင်ဦးဖြင့် စတင်မည်ဖြစ်ပြီး အမျိုးသမီးများကို အပတ်စဉ် ၅ မှသာ စတင်ခေါ်ဆောင်မည်ဟု သိရသည်။