“စာလေး တစ်စောင်”

Author ပြည်စိုး
Categories
Published on Jan 08, 2023

“အာဏာရူးတွေ မရှိတော့ဘဲ နိုင်ငံလေး အေးချမ်းသာယာတဲ့ တစ်နေ့ ချစ်ခွင့်ရှိသေးရင်တော့ တစ်ဘဝလုံး စောင့်ရှောက် ချင်ပါသေးတယ် ချစ်ရယ်”…..။

 

အဆက်သွယ်ပြတ်တောက်နေတဲ့ ချစ်သူကို အကျဉ်းထောင်အတွင်းကနေ ပေးပို့ခဲ့တဲ့ မေတ္တာစာလေး တစ်စောင်ဟာ အခုရက်ပိုင်းအတွင်း လူမှုကွန်ရက်တွေပေါ်မှာ ပျံ့နှံ့နေပါတယ်။ ဒီစာဟာ အစစ်လား အတုလား ဆိုတာကို စစ်ဆေးနိုင်ဖို့ကလဲ မူလတင်သူက ဘယ်သူမှန်းမသိ။ စာထဲမှာ ပါတဲ့ဖုန်းနံပါတ်ကလဲ ဆက်သွယ်မရ။

 

စာတုသည် စစ်သည်ထက် အခုလို ဖြစ်ပျက်မျိုးဟာ စစ်တပ်အာဏာသိမ်း မြန်မာနိုင်ငံမှာ တကယ်ကို ဖြစ်ပျက်နေခဲ့တာပါပဲ။

 

ကျနော့် သူငယ်ချင်းတစ်ဦးပေါ့။ ရှောင်တိမ်းပြေးလွှားကြရင်း တစ်ယောက် တစ်နေရာကနေ တစ်ရက်မှာ အတူဆုံတွေ့ကြဖို့ အကြောင်းဖန်လာတယ်။ ရင်ဘက်ချင်းတူ ချစ်ခင်ရသူတွေဆိုတော့ ပြောစရာစကား မကုန်နိုင်ဘဲ တစ်ညတာလုံး အတူတူ ဖြတ်သန်းပေါ့။ မနက်အလင်းမှာ သူ့ ခိုလှုံ့ရာအရပ်ကို ပြန်သွားတယ်။ အဆက်အသွယ်တွေ ပြတ်ခဲ့ရတယ်။ သူဖမ်းဆီးခံလိုက်ရတာပါ။ ကျနော်ကိုယ်တိုင်လည်း နေရာသစ်တစ်ခုကို အမြန်ရွေ့ပြောင်းရတာပေါ့။

 

စာလေးအကြောင်းကိုပဲ ပြန်ဆက်ချင်ပါတယ်။ ရေးသားပေးပို့သူဟာ အချုပ်နှောင် ကြုံတွေ့နေရသူ ကိုချမ်းမြေ့အောင်တဲ့။ သူချစ်သော ချစ်သူ မခင်မာစိန်ကို အကျဉ်းထောင်အတွင်းကနေ စာရေးသားပြီး မိတ်ဆွေ မိသားစုတွေကနေတဆင့် စာပေးပို့တာလို့ ထင်တယ်။ အချုပ်နှောင်ကြားထဲကနေ ရေးသားတယ်ဆိုပေမယ့် လက်ရေးလေး အတော်လှတာမို့ ပညာတတ်လူငယ်တစ်ဦး ဖြစ်နိုင်တယ်ဆိုတဲ့ ကောက်ချက်ကတော့ မမှားနိုင်ပါဘူး။

 

သတိရခြင်းများစွာနဲ့ စာရေးလိုက်ပါတယ်လို့ မပြောချင်ပါဘူး.. သတိရတယ် ဆိုတာထက် ပိုပါတယ် အချစ်ရယ်.. လို့ အစချီထားတယ်။ သူ အဖမ်းမခံရခင် အချိန်ထဲက ယုတ်မာ ရိုင်းစိုင်းလှတဲ့ စစ်ဦးဘီလူးတွေနဲ့ မပက်သက်ရအောင် သူ့ချစ်သူကို အဆက်အသွယ် ဖြတ်ထားတယ်ပေါ့။ သူဖမ်းဆီးခံရချိန်မှာ ချုပ်နှောင်ခံထားရချိန်အတွင်း ၇လကျော် အဆက်သွယ် ပြတ်တောက်သွားတယ်ပေါ့။ မင်းအောင်လှိုင်သာ အာဏာ မရူးခဲ့ရင် ဒီနှစ်ကုန်ပိုင်းမှာ သူတို့ လက်ထပ်ကြဖို့ ရည်ရွယ်ထားကြသတဲ့။

 

ကိုယ်ကဖြင့် အချုပ်နှောင်ထဲမှာ ချစ်သူစိတ်ဆိုးမှာကိုပဲ ပြန်ထိတ်လန့်နေတဲ့ ကိုချမ်းမြေ့အောင်။ သူအခုလို စာရေးတာဟာ ချစ်သူကို အဆက်သွယ်ဖြတ်ထားတာ မဟုတ်ကြောင်း သူ့ရည်ရွယ်တဲ့ ဘဝခရီးကို ရှင်းပြတဲ့ ကိုချမ်းမြေ့အောင်။ ချစ်သူကို စောင့်နေပါလို့ သူမမှာဘူး။ ဗိုက်ခဏခဏ အောင့်တတ်တဲ့ ချစ်သူအတွက်တောင် စိတ်ပူနေသေးတယ်။ အနားမှာနေပြီး စောင့်ရှက် ဂရုစိုက်ပေးမယ့်သူ ပေါ်လာပါစေလို့ ဆုမတောင်းချင်ပဲ သူ ဆုတောင်းပေးထားတယ်။

 

စာလေးကို လူမှုကွန်ရက်ပေါ် မျှဝေသူကတော့ “ကျောက်ပန်းတောင်းမှ မခင်မာချိုကို ပြောချင်တာလေး ရှိလို့ပါ၊ အကို ချမ်းမြေ့အောင်က အမကို အဆက်အသွယ် ဖြတ်လိုက်တာ မဟုတ်ပါဘူး၊ သူ အချုပ်ကျနေတာ ၈လရှိပါပြီ၊ Dec 28ရက်နေ့က အမိန့်ကျပါပြီ ထောင် ၁၅နှစ်ကျပါတယ်၊ နိုင်ငံရေးကောင်းလို့ သူ ပြန်လာရင် ဆက်သွယ်ပါ့မယ် စောင့်နေပါတဲ့ဗျ၊ အမဆီ ဆက်သွယ်ဖို့ကို ဖုန်းနံပါတ်ကလည်း မှားနေလို့ပါ အမဆီ ဒီသတင်းရောက်ပါစေနော်”လို့ ရေးသားပြီး မျှဝေထားပါတယ်။

 

ဖော်ပြထားတဲ့ ရက်စွဲတွေနဲ့ စာမှာပါဝင်တဲ့ အကြောင်းအရာတွေအရ ကိုချမ်းမြေ့အောင်ဟာ ၂၀၂၁ ဧပြီလခန့်မှာ စတင်ဖမ်းဆီးခံရတာလို့ ပြောလို့ရမယ် ထင်တယ်။ ဖမ်းဆီးမခံရခင် ကတည်းက ချစ်သူထိခိုက်မှာစိုးလို့ အဆက်သွယ် ဖြတ်ထားခဲ့ပုံပါပဲ။ တကယ်ဆိုသူ သူ့အမိန့်ချမှတ်ခံရတဲ့ ဒီဇင်ဘာလဟာ သူတို့နှစ်ဦး မင်္ဂလာပွဲလေး ဖြစ်ခဲ့သင့်တာပေါ့။

 

ကိုချမ်းမြေ့အောင်ရဲ့ စာလေးကို မခင်မာစိန် မြင်တွေ့ခဲ့လား မမြင်တွေ့ခဲ့လား သေချာ မသိပေမယ့် သူတို့နှစ်ဦး သိပ်ချစ်ခဲ့ပုံကိုတော့ မြင်တွေ့နေရပါတယ်။

 

ဒီနွေဦးကာလမှာ အချို့ ချစ်ခင်ရသူတွေ မိသားစုတွေ သေကွဲကွဲကြတယ်၊ အချို့ဟာ ရှင်ကွဲကွဲကြတယ်။ ကိုချမ်းမြေ့အောင် ဆိုသလိုပါပဲ အာဏာရူးတွေ မရှိတော့တဲ့ နိုင်ငံလေး အေးချမ်းသာယာတဲ့ တစ်နေ့ကို အားလုံးပဲ မျှော်လင့်နေကြမှာပါ။ ထိုင်စောင့်နေလို့တော့ မဖြစ်ဘူးပေါ့…..။