စဥ့်ကူးမြို့နယ်မှ စစ်ကောင်စီတပ်က ၀က်လက်မြို့နယ်ရှိ ပြည်သူပိုင် နေအိမ် ၁၂ လုံးခန့်ကို မီးရှို့ဖျက်ဆီး

Author မင်းထက်
Categories
Published on Jan 24, 2024

မန္တလေးတိုင်း ၊ စဉ့်ကူးမြို့နယ် ၊ ရွာသာယာရွာရှိ ပျူနှင့် စစ်ကောင်စီတပ်ဖွဲ့များသည်  ၀က်လက်မြို့နယ် ၊ ရေ‌လည်‌မော်ရွာထဲသို့  ဝင်ရောက်ကာ ပြည်သူပိုင် အိမ်များကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ဒေသခံပြည်သူများက CJ Platform ထံသို့ ပြောသည်။

၀က်လက်မြို့နယ် ၊ ရေလည်မော်ကျေးရွာသို့ ယနေ့ ဇန်န၀ါရီ ၂၄ ရက် နံနက် ၃ နာရီ ၃၀ မိနစ်ခန့်က  စဉ့်ကူးမြို့နယ် ၊ ရွာသာယာရွာရှိ စစ်ကောင်စီလက်အောက်ခံတပ်သား ၃၀ ခန့်သည် ရေကြောင်းလမ်းဖြင့်  စတင်၀င်ရောက်လာပြီး ကျေးရွာ အတွင်းရှိ ပြည်သူပိုင် နေအိမ် ၁၂ လုံးကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးသွားကြောင်း ဝက်လက်မြို့နယ်အခြေစိုက်၊ ရွှေဘိုခရိုင် တပ်ရင်း ၁၅  တပ်ရင်းမှူး ဗိုလ်ကောက်ရိုးက ပြောသည်။

“လာရှို့တာက စစ်သားရောပျူရော လာရှို့တယ်ဗျ။ မနက်ပိုင်း သုံးနာရီလောက်မှာ စက်သေနတ်တို့ ၊ လက်နက်ကြီး လက်နက်ငယ် ရမ်းသမ်းပစ်ခတ်၀င်တယ်၊ မိုးလင်းခါနီး သူတို့ပြန်ခေါက်သွားတယ်ဗျ။ ရွာထဲက အိမ်​က ၁၂ လုံးရယ် ၊ ပဲမှော်စင်တစ်ခုရယ်၊ ဆိုင်ကယ်နှစ်စီး မီးရှို့တယ်” ဟု Wetlet Informational Network တာ၀န်ရှိသူတစ်ဦးက ပြောသည်။

ရေလည်မော်ကျေးရွာသည် ဝက်လက်မြို့နယ် အရှေ့ခြမ်း ဧရာဝတီမြစ်ကမ်းဘေးရှိကျေးရွာတစ်ရွာဖြစ်ပြီး စစ်ကောင်စီတပ်သားများက မကြာခဏ စစ်ကြောင်း ၀င်ရောက်တတ်သော ကျေးရွာတစ်ရွာ ဖြစ်သည်။

“မြစ်ကမ်းဘေးရွာပေါ့ ၊ ခုလိုပဲ စစ်ကြောင်းတွေ ၀င်မွှေတာမျိုး ပစ္စည်တွေလုယူတာမျိုး ကြုံရတော့ ရွာထဲတချို့တ၀က်နေကြတယ်။ ကျန်တဲ့သူတွေ ယာတဲတို့ တခြားသက်ဆိုင်ရာ နေရာလေးတွေမှာပဲ နေကြတော့တယ်” ဟု ဒေသခံတစ်ဦး CJ Platformသို့ ပြောသည်။

စဥ့်ကူးမြို့နယ်ရှိ ရွာသာယာကျေးရွာသည် စစ်တပ်မှ လက်နက်အင်အား အပြည့်အစုံ တပ်ဆင်ထားပြီး စစ်တပ်က ထောက်ပံ့လျက်ရှိကြောင်း၊ ၄င်းကျေးရွာရှိ ပျူစောထီးများသည်  စစ်တပ်နဲ့ ပူးပေါင်းကာ အနီးနားကျေးရွာများမှ ပစ္စည်းများကို လိုက်လံလုယက်ခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း ဒေသခံများ၏ အဆိုအရ သိရသည်။

 

ဓာတ်ပုံ – လူမှုကွန်ရက်