စမ်းချောင်း EPC မှ မီတာ ယူနစ်လျော့ရန် အိမ်များထံမှ ကျပ်ငွေ ၂သိန်းတောင်း၊ ဝန်ထမ်းများ အကြွေစေ့ဂိမ်းဆိုင်၌ စည်ကားနေ

Author လင်းခိုင်
Categories
Published on Mar 02, 2023

 

စမ်းချောင်း EPC မှ မီတာ ဘေလျော့ရန် အိမ်များထံမှ ကျပ်ငွေ ၂ သိန်းတောင်း၊ ဝန်ထမ်းများ အကြွေစေ့ဂိမ်းဆိုင်၌ စည်ကားနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ် EPC ရုံးဝန်ထမ်းများသည် ပြည်သူများထံမှ လိမ်လည်ရရှိထားသည့် ငွေများဖြင့် KTV ၊ မာဆတ်နှင့် အကြွေစေ့ ဂိမ်းဆိုင်များတွင် နေ့စဉ်စည်ကားနေခြင်း ဖြစ်ကြောင်း စမ်းချောင်း ဒေသခံ တစ်ဦးက CJ Platform သို့ပြောကြားသည်။

“တစ်ချို့ အခန်းတွေက ကြိုးနဲ့ မီတာဘောက်ထဲမဝင်တဲ့နည်း၊ တစ်ချို့အခန်းတွေက မီတာပုံးကို နှေးအောင်လုပ်တဲ့ နည်းနဲ့ လုပ်တာ၊ အဲ့လိုလုပ်ပေးပြီးတော့ သူတို့ကပိုက်ဆံရှာနေတာ” ဟု ပြောကြားသည်။

ထိုကဲ့သို့ မီတာခနည်းအောင် ပြုလုပ်ပေးသည့် အခန်းများကို တစ်ခန်းလျှင် ကျပ်ငွေ နှစ်သိန်း တောင်းခံခြင်း ဖြစ်ကြောင်းလည်း သိရသည်။

“ရတဲ့ ပိုက်ဆံတွေနဲ့ သူတို့က ကေတီဗီ၊ မာဆတ်နဲ့၊ ဂိမ်းဆိုင်တွေမှာ ဇိမ်ခံနေတာ၊ ခေတ်ပျက်ထဲမှာ သူတို့အတွက်က စားဂွင်ကြီးတစ်ခုလိုဖြစ်နေကော၊ မီတာခ နည်းအောင်လုပ်ချင်တဲ့ အခန်းပိုင်ရှင်တွေအတွက်လဲ စိတ်ကြိုက်ဖြစ်နေတာ” ဟု အသက် ငါးဆယ်အရွယ် စမ်းချောင်းဒေသခံ တစ်ဦးက ပြောကြားသည်။

စမ်းချောင်းမြို့နယ်၊ စမ်းချောင်းလမ်းနှင့် ပန်းခြံ လမ်းထောင့်ရှိ အကြွေစေ့ ဂိမ်းဆိုင်တွင် EPC ဝန်ထမ်း ခြောက်ယောက်မှ ခုနှစ်ယောက်ခန့်သည် မတရားရရှိထားသည့် ငွေများဖြင့် နေ့စဉ်အကြွေစေ့ ဂိမ်း လာရောက်ဆော့ကစားနေကြောင်း ယင်းနေရာအနီးရှိ ဒေသခံ တစ်ဦးမှ လည်း CJ Platform သို့ပြောကြားသည်။

“တစ်လ နှစ်သိန်းကျော်လောက်ရတဲ့ သူတွေက နေ့တိုင်းအကြွေစေ့ဂိမ်းဆော့နိုင်တယ်။ ဘယ်ကနေ ဘယ်လို ငွေတွေရတယ်ဆိုတာ စဉ်းစားတာကြည့်တော့” ဟု ဒေသခံတစ်ဦးက ဆိုသည်။

ဓာတ်ပုံ-CJ
ပုံစာ-စမ်းချောင်းမြို့နယ်ရှိ အကြွေစေ့ဂိမ်းဆိုင်သို့ လာရောက်သည့် EPC ဝန်ထမ်းတစ်ဦးအားတွေ့ရစဉ်
#CjPlatform #စမ်းချောင်း #EPC #မီတာခ