စစ်အုပ်စု ဒရုန်းတွေမှာ  ဥရောပနည်းပညာတွေ အသုံးပြုနေကြောင်း CAR အဖွဲ့ ဖော်ထုတ်

Author CJ Platform
Categories
Published on Aug 01, 2025

နိုင်ငံတကာရဲ့ တင်းကျပ်တဲ့ ပိတ်ဆို့အရေးယူမှုတွေ ရှိနေပေမယ့် မြန်မာ့စစ်မြေပြင်ပေါ်မှာ စစ်အုပ်စုတပ်  တွေဟာ သူတို့ရဲ့ တိုက်ခိုက်ရေးဒရုန်းတွေရဲ့ စွမ်းရည်ကို မြှင့်တင်ဖို့အတွက် အဆင့်မြင့် ဥရောပနည်းပညာတွေကို အသုံးပြုနေကြောင်း Conflict Armament Research လို့ခေါ်တဲ့ CAR အဖွဲ့ရဲ့ စုံစမ်းဖော်ထုတ်မှုအရ သိရပါတယ်။

 

CAR အဖွဲ့ရဲ့ ကျွမ်းကျင်သူတွေဟာ ကရင်နီပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ တွေ့ရှိခဲ့တဲ့ စစ်ကောင်စီရဲ့ ဒရုန်းအပျက်အစီးတွေထဲကနေ အရေးကြီးတဲ့ အထောက်အထားတစ်ရပ်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒါကတော့ ဥရောပနိုင်ငံတစ်ခုမှာ ထုတ်လုပ်ထားတဲ့ အလွန်တိကျတဲ့ လမ်းညွှန်ကိရိယာ (GNSS Module) ပဲ ဖြစ်ပါတယ်။

 

ဒီကိရိယာရဲ့ အဓိကစွမ်းဆောင်ရည်ကတော့ ‘Anti-jamming’ လို့ခေါ်တဲ့ အီလက်ထရောနစ် နှောင့်ယှက်မှုတွေကို ကာကွယ်ပေးနိုင်ခြင်းပါပဲ။ ဒါကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေက ဒရုန်းရဲ့ လမ်းကြောင်းပြစနစ်ကို ကြားဖြတ်နှောင့်ယှက်ဖို့ ကြိုးစားတဲ့အခါမှာတောင် ဒီကိရိယာတပ်ဆင်ထားတဲ့ ဒရုန်းတွေဟာ ပစ်မှတ်ကို တိကျစွာ ဆက်လက် ဦးတည်တိုက်ခိုက်နိုင်ပါတယ်။ စစ်ကောင်စီဟာ ဒီကိရိယာတွေကို သူတို့ရဲ့ ဒရုန်းတွေမှာတပ်ဆင်ပြီး ပြည်တွင်းဖြစ်ဗုံးတွေနဲ့ တွဲဖက်ကာ အဖျက်စွမ်းအားမြင့် လက်နက်တွေအဖြစ် အဆင့်မြှင့်တင် အသုံးပြုနေတာကိုလည်း CAR က မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

 

ဒီနည်းပညာတွေ မြန်မာနိုင်ငံထဲကို ဘယ်လိုရောက်လာသလဲဆိုတဲ့ ခရီးလမ်းကြောင်းက အလွန်စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဥရောပက ထုတ်လုပ်သူဟာ ဒီကိရိယာတွေကို တရုတ်နိုင်ငံက တရားဝင်ဖြန့်ချိသူဆီ တင်ပို့ခဲ့ပါတယ်။ အဲ့ဒီကနေတစ်ဆင့် တရုတ်နိုင်ငံတွင်းက ကြားခံကုမ္ပဏီတွေကို လက်ဆင့်ကမ်းရောင်းချခဲ့ပြီး နောက်ဆုံးမှာတော့ တရုတ်-မြန်မာနယ်စပ် ရွှေလီမြို့က ကုမ္ပဏီတစ်ခုဆီ ရောက်သွားခဲ့ပါတယ်။ အဲ့ဒီကုမ္ပဏီကနေတစ်ဆင့် ရက်သတ္တပတ်အနည်းငယ်အတွင်းမှာပဲ မြန်မာစစ်တပ်ရဲ့ လက်ထဲကို ရောက်ရှိသွားခဲ့တာပါ။

 

ဒီနေရာမှာ အရေးကြီးတဲ့အချက်ကတော့ CAR အဖွဲ့ဟာ ဒီကိရိယာတွေကို ဘယ်ဥရောပကုမ္ပဏီက ထုတ်လုပ်တယ်ဆိုတာကို အတိအကျ သိရှိထားပေမယ့်၊ စုံစမ်းစစ်ဆေးမှုရဲ့ လုပ်ထုံးလုပ်နည်းတွေအရ အစီရင်ခံစာထဲမှာ ကုမ္ပဏီနာမည်ကို တရားဝင် ထုတ်ဖော်ထားခြင်း မရှိပါဘူး။ ဒါပေမဲ့ သူတို့ဟာ အဲဒီထုတ်လုပ်သူကုမ္ပဏီနဲ့ သက်ဆိုင်ရာ နိုင်ငံအာဏာပိုင်တွေကို တိုက်ရိုက်အကြောင်းကြားခဲ့ပြီး ဖြစ်ပါတယ်။ ဒီအကြောင်းကြားမှုကြောင့် အဆိုပါကုမ္ပဏီဟာ ဒီဖြန့်ချိရေးလမ်းကြောင်းကနေတစ်ဆင့် ရောင်းချမှုတွေကို ချက်ချင်းရပ်ဆိုင်းခဲ့တယ်လို့ သိရပါတယ်။

 

ဒီဖြစ်စဉ်ဟာ နိုင်ငံတကာပိတ်ဆို့မှုတွေရဲ့ အားနည်းချက်ကို မီးမောင်းထိုးပြနေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီပစ္စည်းတွေဟာ စစ်ဘက်သုံးသက်သက်အဖြစ် သတ်မှတ်မထားတဲ့ “နှစ်မျိုးသုံးပစ္စည်း” တွေဖြစ်နေလို့ပါပဲ။ ကြားခံကုမ္ပဏီတွေက “စစ်ဘက်အတွက် အသုံးမပြုပါဘူး” ဆိုတဲ့ ကတိကဝတ်တွေကို လက်မှတ်ထိုးခဲ့ပေမယ့် လက်တွေ့မှာတော့ ဒါဟာ စစ်အုပ်စုလက်ထဲကိုရောက်အောင် လမ်းကြောင်းလွှဲဖို့အတွက် အကာအကွယ်ယူခဲ့တဲ့ ဟန်ပြလုပ်ရပ်တစ်ခုသာ ဖြစ်နေခဲ့ပါတယ်။

 

ဒီတွေ့ရှိချက်က စစ်အုပ်စုဟာ နိုင်ငံတကာရဲ့ ပိတ်ဆို့မှုတွေကို ကျော်လွှားနိုင်ဖို့အတွက် ရှုပ်ထွေးတဲ့ ကုန်သွယ်ရေးကွန်ရက်တွေကို ဘယ်လောက်အထိ အသုံးချနေလဲဆိုတာကို ပြသနေပါတယ်။ တစ်ချိန်တည်းမှာပဲ စာရွက်ပေါ်က ကန့်သတ်ချက်တွေနဲ့ ထိန်းချုပ်ဖို့မလုံလောက်တော့ဘဲ၊ အရပ်ဘက်သုံး နည်းပညာပစ္စည်းတွေရဲ့ စီးဆင်းမှုကို ပိုမိုထိထိရောက်ရောက် စောင့်ကြည့်ကြပ်မတ်ဖို့ လိုအပ်နေပြီဖြစ်ကြောင်း ကမ္ဘာ့နိုင်ငံတွေအတွက် အချက်ပေးခေါင်းလောင်းသံတစ်ခု ဖြစ်လာခဲ့ပါတယ်။

 

ဓာတ်ပုံ – CAR