စစ်မှုထမ်းဥပဒေထုတ်ပြီးနောက် မြင်းခြံအဖွဲ့သို့ ဝင်လာသူများကို ပေးသည့် စစ်သင်တန်း ဆင်း၊ လက်လုပ်သေနတ်များတပ်ဆင်ပေးအပ်

Author မင်းထက်
Categories
Published on Mar 30, 2024

စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက် စစ်ကိုင်းတိုင်း၊ မြင်းခြံမြို့အခြေစိုက် Myingyan Black Tiger(MBT)တပ်ဖွဲ့သို့ ဝင်ရောက်လာသော လူငယ်များကိုပေးခဲ့သည့် အခြေခံစစ်ပညာသင်တန်းအပတ်စဉ် ၉ သင်တန်းဆင်းပွဲနှင့် လက်နက်အပ်နှင်းပွဲကို ယမန်နေ့ မတ်လ ၂၉ ရက်နေ့တွင် အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း ယင်းအဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက CJ Platform သို့ပြောသည်။

 

ယင်းတပ်ဖွဲ့ထံ ဆက်သွယ်လာသော လူငယ် ၁၀ဝ ခန့်အတွင်းမှ ၄၀ ဦး စီစစ်ရွေးချယ်ပြီးနောက် အခြေခံစစ်ပညာသင်တန်းအပတ်စဉ် ၉ အဖြစ် စစ်သင်တန်းပေးနိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။

 

“ရဲဘော်တွေက စစ်မှုထမ်းဥပဒေထုတ်ပြီးမှရောက်လာတဲ့ ရဲဘော်တွေပါ။ အခက်ခဲတွေရှိနေပေမဲ့ မခေါ်ရင်လည်း သူတို့ဘဝတွေက မြို့ပေါ်မှာပဲ အာဏာရှင်လက်အောက်ကျရောက်သွားမှာပါ။ ဒါကြောင့်လည်း ကျွန်တော်တို့တွေ ခေါ်ယူဖို့ဆုံးဖြတ်လိုက်တာ။ သင်တန်းသားဦးရေက ၄၀ ကျော်ရှိမယ်။ ရဲဘော်တွေအားလုံးကို လက်လုပ်သေနတ်တွေ မောင်းပြန်သေနတ်ပေါ့။ လက်လုပ်သေနတ်တွေ အများစုကို အပ်နှင်းပေးတဲ့ပွဲပါဗျ” ဟု ဗိုလ်မိုက်ခဲက ပြောသည်။

 

ထို့ပြင် တပ်ဖွဲ့အတွင်း ရဲဘော်အင်အားများလာသည်နှင့်အမျှ လက်နက်ခဲယမ်းမလုံလောက်ခြင်း၊ စားဝတ်နေရေးပြဿနာများစွာ ရှိနေကြောင်း MBT ခေါင်းဆောင်က ဆက်ပြောသည်။

 

ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စစ်ကောင်စီက စစ်မှုမထမ်းမနေရဥပဒေကို အတည်ပြုကြောင်း ထုတ်ပြန်ပြီးနောက် Myingyan Black Tiger(MBT)တပ်ဖွဲ့အနေဖြင့် စစ်ကောင်စီလက်အောက်တွင် မနေလိုသည့် လူငယ်လူရွယ်များကို လက်ကမ်းကြိုဆိုသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ကြေညာခဲ့သည်။

 

ယမန်နေ့ မတ်လ ၂၉ ရက်နေ့က ပခုက္ကူအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များဖြစ်သော Earthquake People’s Defence Force၊ Young Force UG၊ Pakokku People’s Defense Force တို့မှ ရဲဘော် ၇၀ ဦးကို လက်နက်တပ်ဆင်ပေးသည့်အခမ်းအနားကျင်းပခဲ့သည်။