စစ်တပ်မီးရှို့မှုကြောင့် နေအိမ်ပျက်စီးခဲ့သည့် အိမ်ထောင်စုများကို MBT အဖွဲ့မှ ဆန်အိတ်များထောက်ပံ့
မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသအတွင်း စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်ပျက်စီးခဲ့ရသည့် အိမ်ထောင်စု ၃၀ ကျော်အတွက် ဆန်အိတ်များနှင့်အဝတ်အထည်များထောက်ပံ့ခဲ့ကြောင်း Myingyan Black Tiger တပ်ဖွဲ့ခေါင်းဆောင်ထံမှ သိရသည်။
ရေလယ်ကျွန်းဒေသအတွင်းသို့ စစ်ကောင်စီတပ်မှ အောက်တိုဘာလ ဒုတိယပတ်မှစတင်ကာ စစ်ကြောင်းထိုးဝင်ရောက်ကာ ကျေးရွာ ၇ ရွာကျော်ရှိ နေအိမ်အလုံး ၃၀ ကျော်ကိုဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“စုစုပေါင်းမီးရှို့ခံထားရတဲ့ရွာ ၇ ရွာပေါ့။ အိမ် ၃၄ လုံးအတွက် ဆန်အိတ် ၃၄ လုံးပေါ့။ အဝတ်အစားတွေလည်း ထောက်ပံ့ခဲ့ပါတယ်။ အခုတော့ နယ်မြေကငြိမ်နေပါပြီ” ဟု MBT တပ်ဖွဲ့ခေါင်းဆောင် ကိုမိုက်ခဲက ဆိုသည်။
အဆိုပါရေလယ်ကျွန်းဒေသတွင် စစ်ကောင်စီစစ်ကြောင်းဝင်ရောက်စဥ်အတွင်း ဒေသကာကွယ်ရေးတပ်များနှင့် နှစ်ရက်တာ တိုက်ပွဲဖြစ်ပွားခဲ့သေးပြီး ကာကွယ်ရေးတပ်မှ တပ်သားတစ်ဦးကျဆုံးကာ စစ်ကောင်စီတပ်ဘက်မှ တပ်သားဆယ်ချီသေဆုံးခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်များ၏ အကြမ်းဖက်မှုများကြောင့် ၎င်းတို့ဝင်ရောက်လာပါက ဒေသခံများသည် နေရပ်စွန့်ခွာရှောင်တိမ်းထွက်ပြေးနေကြရပြီး ကာလရှည်စစ်ဘေးရှောင်နေသူများလည်း အများအပြားရှိနေသည်။