စစ်ကောင်စီ လာရာနှင့် စစ်ကောင်စီ လားရာ

Author နိုင်ရာဇာမင်း
Categories
Published on Jan 28, 2023

‘စစ်ကောင်စီ လာရာ’
သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က ၂၀၀၈ အခြေခံဥပဒေနှင့် ပတ်သတ်ပြီး ၎င်း ဥပဒေသည် ဖျက်သိမ်းသင့်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ တစ်ခုအဖြစ် အစဉ် တစ်စိုက် ရှုမြင်ခဲ့သည်။

မြန်မာစစ်တပ်၏ အခန်းကဏ္ဍသည် အဆိုပါ အခြေခံဥပဒေ၏ အဓိကကျဆုံး အနှစ်ချုပ်ဟု ဆိုရမည့် နိုင်ငံတော် အခြေခံမူ အဖြစ် ခိုင်ခိုင်မာမာ ပါဝင်နေခြင်းအား ဆရာကြီးက ထောက်ပြခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၏ အခန်း(၁) နိုင်ငံတော် အခြေခံမူများ အပိုဒ်-၆ (စ) တွင် “ နိုင်ငံတော်၏ အမျိုးသား နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင် နိုင်ရေးတို့ကို အစဉ်တစ်စိုက် ဦးတည်သည်” ဟု ဖော်ပြပါရှိသည်။

ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်သည် အကြမ်းမဖက် နိုင်ငံရေး နည်းလမ်းကို အစဉ်တစ်စိုက် ကိုင်ဆွဲခဲ့ပြီး သူ(မ) အာဏာရခဲ့ချိန်တွင်လည်း မြန်မာစစ်တပ်နှင့် ပတ်သက်ပြီး အမျိုးသားရေး ရင်ကြားစေ့ရေး မူဝါဒကို ကျင့်သုံးခဲ့သူ ဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲသပိတ်မှောက်ပြီး ၂၀၀၈ ခြေဥအောက်မှ နိုင်ငံရေး လမ်းကြောင်းကို ငြင်းပယ်ခဲ့သည့် The Lady နှင့် NLD ပါတီသည် အရပ်ဝတ်လဲ ဦးသိန်းစိန် အစိုးရ ‘ဟ’ ထားသော တံခါးမှ ၂၀၀၈ ခြေဥအောက်သို့ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲဖြင့် ဝင်ရောက်လာခဲ့သည်။

သို့ဖြင့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီသည် အနိုင်ရလာခဲ့ပြီး တစ်ဖက်တွင်လည်း ယခု စစ်ကောင်စီ ခေါင်းဆောင်သည် အရပ်ဖက် အာဏာကို ရယူထားသည့် စစ်ဗိုလ်ချုပ်ဟောင်းများ မရှိတော့ပြီ ဖြစ်သဖြင့် နိုင်ငံရေးတွင် စစ်တပ်၏ ပါဝင်ပတ်သတ်နေမှု အလျှော့အတင်းကို လိုသလို ကြိုးကိုင်နိုင်မည့် တစ်ဦးတည်းသောသူ အဖြစ်သို့ ရောက်သွားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် အကြမ်းမဖက် နိုင်ငံရေး လမ်းစဉ်ကို နှစ်နှစ်ဆယ်ကျော် မြဲမြဲ မြံမြံ ကိုင်ဆွဲခဲ့ကာ တိုက်ပွဲ ဝင်ခဲ့ပြီးနောက် သူ(မ)၏ လက်ဝယ်သို့ စစ်အာဏာရှင် ဟောင်းတစ်ဦး အလိုကျ ရေးဆွဲထားသည့် ခြေဥအောက်မှ နိုင်ငံ အာဏာ တစ်စိတ်တစ်ပိုင်းကို ရလာခဲ့ပြီ ဖြစ်သည်။

ထို့နောက် ၂၀၀၈ ခြေဥ ပုဒ်မ ၂၁၇ ပါပြဌာန်းချက်ကို အသုံးပြုပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဆိုင်ရာ ဥပဒေ ပြဌာန်းကာ အုပ်ချုပ်ရေးကို ဦးဆောင်ခဲ့သည်။

မျက်နှာလွှဲမရ၍ လော ကိုယ်တိုင်ကိုယ်ကျပင် အုပ်ချုပ်လို၍ လော၊ သို့တည်းမဟုတ် လူထုက သူ(မ) ကိုယ်တိုင်ကိုယ်ကျ အုပ်ချုပ်သည်ကို မြင်လိုသည့် ဆန္ဒဖြင့်ပင် မဲများ ပုံအော ပေးခဲ့ခြင်းကို လေးစား၍ လော သူ(မ) ကိုယ်တိုင်ပင်သိမည် ဖြစ်သည်။

သမ္မတ ဦးသိန်းစိန် အစိုးရ ကာလတွင် အာဏာရှင်ဟောင်း ဦးသန်းရွှေက သူ့ လက်ထဲမှ အာဏာကို ဦးသိန်းစိန်၊ ဦးရွှေမန်းနှင့် ကာကွယ်ရေး ဦးစီးချုပ် လက်ဝယ်သို့ ခွဲဝေပေးခဲ့သည့် ပုံစံအတိုင်း အာဏာ ချိန်ခွင်လျှာက မျှချေ မကွာလွန်းသည့် အခြေအနေတစ်ခုကို မြင်တွေ့ရသည်။

သန်းခေါင်ယံ အာဏာသိမ်းပွဲ ဖြစ်ပြီး ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးရွှေမန်း တစ်ယောက် ကြံ့ခိုင်ရေး ပါတီမှ Kick out လုပ်ခံရချိန်တွင် ပြည်သူ့လွှတ်တော် ဥက္ကဌ ဖြစ်နေခြင်းက ဖမ်းဆီးခံရမည့် အရေးမှ ကင်းလွတ်ခဲ့ရခြင်း ဖြစ်နိုင်ကြောင်း ၎င်းကိုယ်တိုင် ယူဆထားခဲ့သည်ကို တွေ့ရမည် ဖြစ်သည်။

ထို့ပြင် ထိုအချိန်က ဒေါ်အောင်ဆန်းစုကြည်နှင့် သူ(မ) ၏ NLD ကိုယ်စားလှယ်များသည် လွှတ်တော်တွင်း၌ ကိုယ်စားလှယ် အရေအတွက် အနည်းငယ်မျှသာ ဖြစ်သော်လည်း အားကောင်းသည့် အတိုက်အခံ ပါတီ တစ်ခု အဖြစ် ရှိခဲ့သည်။

လူထု ထောက်ခံမှုရထားသည့် ခေါင်းဆောင်တစ်ဦး ဖြစ်နေခြင်းကလည်း အဆိုပါ အခြေအနေကို ဖြစ်ပေါ်စေသည့် အဓိက အချက်တစ်ခုဖြစ်ပြီး နိုင်ငံတကာ ထောက်ခံမှုနှင့် အသိအမှတ်ပြုမှုများသည်လည်း NLD ပါတီ အမတ်များ လွှတ်တော်တွင်းသို့ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဝင်ရောက်လာခဲ့၍ ဖြစ်သည်။

အဆိုပါ အခင်းအကျင်းသည် NLD အစိုးရ ကာလတစ်လျှောက်တွင် ဆက်လက် မတည်ရှိနိုင်ခဲ့တော့ပေ။ ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်ကောင်စီ ခေါင်းဆောင်သည်သာ အာဏာချိန်ခွင်လျှာအတွင်း ကျန်ရစ်ခဲ့သည်။

လွတ်တော်များသည်လည်း အနည်းငယ်မျှသော ရွေးကောက်ခံ အတိုက်အခံကောင်းများကို လစ်လျူရှုခြင်းဖြင့် တိတ်ဆိတ်သော လွှတ်တော်များ အသွင် ဆောင်သွားခဲ့သည်။ ၂၀၀၈ ခြေဥ၏ ဥပဒေဖော်ပြချက်များသည် တိကျစွာ အဓိပ္ပာယ် သတ်မှတ်ချက် ရှိခြင်းမျိုး နည်းပါးပြီး ဝိဝါဒ ကွဲကာ လိုသလို ဆွဲယူတွေးခေါ်နိုင်သည့် ဖော်ပြချက်များ ဖြင့် ပြည့်နှက်နေသည်။

ထိုသို့ ဖော်ပြရေးသား ထားခြင်းများကို အရင်းစစ်ကြည့်လျင်လည်း စစ်တပ်သည်သာ သို့မဟုတ် စစ်ခေါင်းဆောင် သည်သာလျင် နိုင်ငံတော်၏ အာဏာကို ပိုင်သည်ဟု ဆိုလို လိုသည့် အဓိပ္ပာယ်မျိုးစီသို့သာ ဦးတည်နေခဲ့ခြင်း ဖြစ်သည်။

ဟံသာဝတီ ဦးဝင်တင်သည်သာမက ဝါရင့်နိုင်ငံရေးသမားများ၊ တိုင်းရင်းသားခေါင်းဆောင်များက ပါ အဆိုပါ အခြေအနေကို ပြတ်ပြတ်သားသား ဆန့်ကျင်ရမည်ဟု ယူဆမှုများစွာ ရှိခဲ့သည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်သည် အဆိုပါ အခြေခံဥပေဒေကို ကျမ်းသစ္စာကျိန်ဆိုကာ စစ်တပ်ရေးဆွဲသည့် ဖွဲ့စည်းပုံ အတွင်းမှ နိုင်ငံရေး အာဏာကို ရယူခဲ့ပြီး စစ်တပ်နှင့် သူ(မ) ၏ အစိုးရ သက်တမ်း နှောင်းပိုင်း ကာလများတွင် ထိပ်တိုက် ရင်ဆိုင်ခြင်း လမ်းပေါ်သို့ ရောက်ရှိသွားခဲ့သည်။

၂၀၀၈ ခြေဥမှ ပုဒ်မ ၄၃၆၊ ၅၉ (စ) တို့ကဲ့သို့ ပုဒ်မများကို ပြင်လိုက်ခြင်းဖြင့် စစ်တပ်၏ နိုင်ငံရေးကို ဝင်စွက်ဖက်နေခြင်းကို ဖယ်ထုတ်နိုင်မည် ဖြစ်သော်လည်း ထိုပုဒ်မများကို ပြင်ဆင်ရန်အတွက် စစ်တပ်ကိုယ်တိုင်ပင် ပြင်ဆင်စေလိုမှ ပြင်ဆင်နိုင်မည့် အခင်းအကျင်းမျိုးသာ အဆိုပါ ခြေဥတွင် ရှိသည်။

သို့သော်လည်း NLD အစိုးရလက်ထက်တွင် စစ်တပ် ကိုယ်စားလှယ်များနှင့် NLD ကိုယ်စားလှယ်များအကြား လွှတ်တော်တွင်း မီးပွင့်မထက် အခြေအနေထက်ပိုနိုင်သည့် ပွတ်တိုက်မှုများ ဖြစ်ခဲ့သည်။

ထို့ပြင် ကရင်နီမှဗိုလ်ချုပ်အောင်ဆန်း ရုပ်ထု ကိစ္စ၊ ရက္ခိုင့်တပ်တော်၏ တော်လှန်ရေးတိုက်ပွဲ၊ ရိုဟင်ဂျာ အရေးနှင့် ICJ စသဖြင့် ပြည်တွင်း ပြည်ပ နိုင်ငံရေး ဖိအား အကျပ်အတည်းများလည်း NLD အစိုးရ ပေါ်သို့ ကျရောက်လာခဲ့သည်။

Victoria သက်ငယ်မုဒိန်းမှု ဖြစ်စဥ်ကဲ့သို့ ခိုင်မာသည့် သက်သေများ လူထုအကြားထိ ကျယ်ကျယ်ပြန့်ပြန့် မြင်တွေ့ခဲ့ရသည့် မှုခင်း ဖြစ်စဥ်များတွင် စစ်တပ်နှင့် ၄င်းတို့ ကြိုးဆွဲရာ ကနေခဲ့သည့် ရဲတပ်ဖွဲ့ အကြီးအကဲများ၏ အာဏာ အလွဲသုံးစားလုပ်မှု၊ ထိုမှတစ်ဆင့် တရားစီရင်ရေးကိုပါ ချယ်လှယ် သွားနိုင်မှုများကလည်း အရပ်သား အစိုးရအတွက် ဖြေရှင်း၍ မရသည့် အခက်အခဲ ဖြစ်ခဲ့သည်။

၂၀၀၈ ခြေဥ အရ သမ္မတသည် လက်နက်ကိုင် တပ်ဖွဲ့များ၏ ဦးသျှောင် မဟုတ်ခဲ့ပေ။

ဦးဝင်းမြင့် သမ္မတ ဖြစ်လာပြီးနောက် ရက္ခိုင့်တပ်တော်၏ တော်လှန်ရေး တိုက်ပွဲ ဖြစ်ပွားလာချိန်တွင် သမ္မတရုံး အမိန့်ဖြင့် လေကြောင်း အသုံးပြုတိုက်ခိုက်ရန် ခွင့်ပြုခဲ့ခြင်းက တိုင်းရင်းသားများအတွက် NLD အစိုးရ အပေါ် မျှော်လင့်ချက်များ ပျက်သုဉ်းကုန်ရသည့် အကြောင်းအရင်း ကြီးကြီးမားမား တစ်ခုဖြစ်သည်။

ရိုဟင်ဂျာ လူမျိုးတုန်း သတ်ဖြတ်မှု စွတ်စွဲချက်ဖြင့် ICJ ၌ မြန်မာစစ်တပ် ကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သွားရောက် ခုခံ ချေပခဲ့ခြင်း ကလည်း နိုင်ငံတကာ စာမျက်နှာတွင် လူထုခေါင်းဆောင်၏ နိုင်ငံရေး ပုံရိပ်ကို ကြီးစွာ ကျဆင်းခဲ့သည်။

တိုင်းရင်းသားများနှင့် နိုင်ငံတကာ စာမျက်နှာ၌ ထောက်ခံမှု ကျဆင်းလာသော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ပါတီသည် ပြည်တွင်းရှိ ဗမာ လူမျိုးများအကြားတွင်တော့ ထောက်ခံမှု ပို၍ ပင်မြင့်တက်လာခဲ့သည်။

ရခိုင်အရေးတွင် စစ်တပ်ဘက်က အရပ်သား အစိုးရ ရပ်တည်ပြခဲ့ခြင်းကို ဗမာလူမျိုး အများစု၏ အမြင်၌ ဒေါ်အောင်ဆန်းစုကြည်၏ ဆုံးဖြတ်ချက်အဖြစ်သာ ရှုမြင်ကြသည်။ ICJ ကိစ္စတွင်လည်း ဒေါ်အောင်ဆန်းစုကြည်ဘက်မှသာ ရပ်တည်ကြခြင်း ဖြစ်သည်။

ထို့အတွက် နိုင်ငံပျောက်သူ သန်းချီအား ဗမာလူမျိုးများ အပြစ်တင်ခဲ့ကြဖူးသည်။ သူတို့ ခေါင်းဆောင်သည် လူ့အခွင့်အရေးကို လေးစားသူ၊ ဖြောင့်မတ်မှန်ကန်သူ၊ အနစ်နာခံ ပေးဆပ်သူ စသဖြင့် ကောင်းသော ဂုဏ်သတင်းဖြင့် ပြည့်နှက်နေသည့် အပြင် ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်လည်း ဖြစ်သည်။

ထို့ပြင် လွတ်လပ်ရေး ကြိုးပမ်းမှု ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ ရင်သွေးလည်း ဖြစ်သည်။ မိသားစုကို စွန့်ပြီး တိုင်းပြည်အတွက် အနစ်နာခံ ပေးဆပ်ခဲ့သူ အမျိုးသမီး တစ်ဦးသည် မည်သည့် အခါမျှ အမှားအယွင်း လုပ်မည် မဟုတ်ဟု အမြင်မျိုးက ဗမာလူမျိုး အများစုတွင် ရှိသည့် ဒေါ်အောင်ဆန်းစုကြည် အပေါ် အမြင်မျိုး သို့မဟုတ် ယုံကြည်အားကိုးမှုမျိုး ဖြစ်သည်။

စာအုပ်များထဲတွင်သာ တွင်တွင် ကျယ်ကျယ် လေ့လာနိုင်သည့် ဗိုလ်ချုပ်အောင်ဆန်း တစ်ယောက် ပြင်ပတွင် ထပ်မံ ပေါ်ထွန်းလာသည်ဟု ရှုမြင်သည်။ သူ(မ)သည် ထောက်ခံသူ ဗမာလူမျိုးများအတွက် အမှောင်ထုကို ဖောက်ထွင်းပေးမည့် ရောင်နီ ဖြစ်သည်။

ICJ နှင့် ရခိုင်အရေးအကြား ဗျာများ နေရချိန်မှာပင် ကိုဗစ်ကို တောင့်ခံရန် ဖေ့စ်ဘွတ် စသုံးပြီး လူထုကို အားပေးနှစ်သိမ့်ပြခဲ့သည့် The Lady သည် အတိုက်အခံ နိုင်ငံရေးသမားများ၊ တိုင်းရင်းသားများ၊ စစ်ဘက် အသိုင်းအဝိုင်းများ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများကလွဲ၍ သာမာန် ဗမာလူမျိုးသား မက ချင်း၊ မွန်၊ စသည့် တိုင်းရင်းသားများအတွက် အစားထိုးမရသည့် ခေါင်းဆောင် တစ်ဦး အဖြစ် ပို၍ အချစ်တိုးလာခဲ့သည်။

သူ(မ) အပေါ် အချစ်တိုးလာခဲ့ခြင်းက သူ(မ) ကို အတိုက်အခံ ပြုလုပ်နေကြသူ၊ သူ(မ) ကို အခက်ကြုံအောင် ပြုလုပ်နေသူများ အပေါ် ဆိုးဆိုးရွားရွား တုန့်ပြန်မှုများ ဖြစ်သွားစေခဲ့သည်။

အထူးသဖြင့် လူမှုကွန်ယက်ပေါ်၌ များစွာသော ထောက်ခံသူများသည် ရိုဟင်ဂျာ အရေး တက်ကြွလှုပ်ရှားသူ၊ ရခိုင်အရေး တက်ကြွလှုပ်ရှားသူများ၊ စစ်တပ်ထောက်ခံသူများ စသဖြင့် ဒေါ်အောင်ဆန်းစုကြည် အခက်ကြုံအောင် ပြုလုပ်နေသည်ဟု ၎င်းတို့ ယူဆသူများအား အပြင်းအထန် စကားလုံးများဖြင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

ထို့အတွက် နိုင်ငံရေး လေ့လာလိုက်စားသူများ၊ သတင်းသမားများ၊ စစ်တပ် အသိုင်းအဝိုင်း၊ အတိုက်အခံ နိုင်ငံရေး သမားကတော့ ဒေါ်အောင်ဆန်းစုကြည် အပေါ် အမြင်များ ပြောင်းလဲလာခဲ့ပြီ ဖြစ်သည်။

စစ်တပ်သည် အဆိုပါ အကျပ်အတည်း ကို ဖန်တီးသူဟု တိုက်ရိုက် မဆိုနိုင်သော်လည်း ၎င်းတို့၏ ကြမ်းတမ်း ရက်စက်သည့် ကိုင်တွယ်ပုံများက အကျပ်အတည်းကို ဖြစ်ပေါ်လာစေသည့် အဓိက အကြောင်းအရင်း ဖြစ်သည်။

ထို့နောက် ၎င်းတို့သည့် ပဋိပက္ခများ၏ နောက်ကွယ်၌ အရပ်သား အစိုးရ အပေါ် ပုံချမှုများဖြင့် ဖြစ်လာမည့် အခင်းအကျင်းအပေါ် အမြတ်ထုတ်ရန် ကြံစည်နေခဲ့ဖွယ် ရှိသည်။ ယင်းသို့ ဆိုရခြင်းမှာ ယခုကာလတွင် ဖြစ်ပေါ်လာသည့် အခြေအနေများ အပေါ် မူတည်၍ ခန့်မှန်းချက် တစ်ခုသာဖြစ်သည်။

လူနည်းစု အတိုက်အခံများ၏ ဆန္ဒမဲများကို နိုင်သူ အကုန်ယူစနစ်( FTTP) ရွေးကောက်ပွဲ စနစ်အရ NLD ပါတီ အနေဖြင့် ဂရုပြု စရာမလိုပေ။ နိုင်ငံအတွင်း၌ ၎င်းတို့ကို ထောက်ခံသူများက ဒေါ်အောင်ဆန်းစုကြည် ကြုံနေရသည့် အကျပ်အတည်းကို အတူတကွ ဖြေရှင်းပေးလိုသည့် သို့မဟုတ် သူ(မ) ၏ ဦးဆောင်မှုနောက်သို့ စိတ်ချယုံကြည်စွာ လိုက်ပါမည့် သဘောထားများသာ ပို၍ တိုးလာနေခဲ့သည်။

လိပ်ခဲတည်းလည်း ဖြစ်ခဲ့ရသည့် ကိစ္စ အချို့တွင်ပင် လူထုမှာ သူ(မ) ကိုသာ အကြွင်းမဲ့ ယုံကြည်နေခဲ့ဆဲ ဖြစ်သည်။

ကိုဗစ် ကိုင်တွယ်ပုံတွင်လည်း စီမံခန့်ခွဲမှု နှင့် ပတ်သတ်ပြီး အားနည်းချက်များ ရှိခဲ့သော်လည်း လူထု အပေါ်တွင်မူ ကိုယ်တိုင် လက်ဆေးနည်း ပြသခြင်း၊ Facebook အကောင့်ကို ပထမဆုံး အသုံးပြုခဲ့ပြီး လူထုကို ကိုယ်တိုင်ကိုယ်ကျ အားပေးနှစ်သိမ့်ခြင်း စသည့် နွေးထွေးသည့် အပြုအမူများကို ပြသခဲ့သည်။

ရွေးကောက်ပွဲ နီးချိန် ကိုဗစ် ဒုတိယလှိုင်း ဖြစ်နေခဲ့၍ ရွှေ့ဆိုင်းရန် အတိုက်အခံများဘက်က အသံများ ညံလာသော်လည်း ခပ်ရဲရဲပင် ရှေ့ဆက်တိုး၍ အောင်မြင်စွာ ပြုလုပ်ပြခဲ့သည်။

ရွေးကောက်ပွဲအလွန် ကိုဗစ် ကူးစက်မှုများ ရက်အတန်ကြာ ဆက်တိုက်မြင့်တက်ခဲ့သေးသော်လည်း အသေအပျောက် ရာခိုင်နှုန်း နည်းပါးခဲ့သဖြင့် စိုးရိမ်ရမည့် အခြေအနေတစ်ခုမှ လွတ်မြောက်နိုင်ခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။

စစ်တပ်ဘက်ကလည်း ရွေးကောက်ပွဲ မတိုင်ခင်ရော ရွေးကောက်ပွဲ အပြီးတွင်ပါ ဆက်တိုက် အတိုက်အခံ လုပ်နေခဲ့သည်။ လွှတ်တော်တွင်း၌လည်း တပ်ကိုယ်စားလှယ်များ၏ ဒေါသတကြီး ပြောဆိုမှုများကို မြင်တွေ့ခဲ့ရသည်။

ရွေးကောက်ပွဲအကြို မဲဆွယ်ကာလ နိုင်ငံရေးပါတီ အချို့၏ နိုင်ငံပိုင်ရုပ်သံမှ မဲဆွယ်ခြင်းများကို ဆင်ဆာ ဖြတ်တောက်ခဲ့ခြင်း ဖြစ်စဥ်များ ဖြစ်ခဲ့သည်။

ထို့ပြင် ရခိုင်အရေးကဲ့သို့ တိုင်းရင်းသား ရေးရာများကို ကိုင်တွယ်ဖြေရှင်းရာတွင် အစိုးရနှင့် စစ်တပ် တသားတည်း ကျသည့် ပုံစံ ဖြစ်ခဲ့၍ လူမျိုးကြီး ဆန်သည်ဟု စွတ်စွဲမှုများကိုလည်း NLD အစိုးရ ကြုံတွေ့ခဲ့သည်။

တစ်ဖက်တွင် အရပ်သား အစိုးရ၌ အကျပ်အတည်း ပေါင်းစုံဖြင့် ရင်ဆိုင်နေရသော်လည်း စစ်တပ်သည် ရေငုပ်သင်္ဘော များပင် ပိုင်ဆိုင်လာခဲ့သည်။

အကြမ်းဖက်ကိုင်တွယ်မှုများ ကြောင့် ပြဿနာ ဖြစ်လာချိန်တိုင်းတွင် စစ်တပ်သည် အရပ်သား အစိုးရ လက်အောက်က သာ ဖြစ်၍ အရပ်သားအစိုးရသာ ဖြေရှင်းရမည် ဟူသည့် ပုံစံမျိုးသာ ပြသခဲ့သည်။

လူထုအကြားတွင်လည်း စစ်ဗိုလ်ချုပ် အနွယ်များ၏ စီးပွားရေး လုပ်ငန်းများက ကြီးစိုးထားသည်။

YBS စီးလျင် Omni Focus၊ ဘီယာဆိုလျင် Myanmar၊ စီးကရက် ဆိုလျင် ရူဘီ စသဖြင့် Trand တစ်ခုသဖွယ်ပင် ဖြစ်ခဲ့သည်ထိ အသုံးများခဲ့သည်။

အနုပညာလုပ်ငန်းများတွင်လည်း Media 7 ကဲ့သို့ ကုမ္ပဏီများက လူထုနှစ်သက် အားပေးသည့် အနုပညာရှင်များ၊ မီဒီယာများကို အပိုင်ကိုင်ထားနိုင်သည့် ပုံစံမျိုး ဖြစ်နေခဲ့သည်။

အရပ်သား အစိုးရကို ယုံကြည်၍ လာရောက်သည့် ရင်းနှီးမြှပ်နှံမှု၊ စီးပွားရေး လုပ်ကွက်များကို အသုံးချ၍ စစ်တပ်သည် တစ်စ တစ်စ ပို၍ ပို၍ ချမ်းသာလာခဲ့သည်။

ထိုအချိန်တွင် လူထုသည် ကိုဗစ်နှင့် နိုင်ငံတကာ စီးပွားရေး အကျပ်အတည်းကြား အလုပ်အကိုင် အခွင့်အလမ်းများ ရှားပါးလာခဲ့သည်။

လမ်းပေါ်၌ စာသင်ကျောင်းများကို အပြီးတိုင် စွန့်ခွာခဲ့ရသည့် ကျောင်းနေအရွယ် ကလေးများကို ပိုမိုမြင်တွေ့လာရသည်။

ထိုသို့ ဖြစ်နေခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည် အပေါ် လူထု၏ ယုံကြည်မှု၊ ထောက်ခံမှု အလွန်အမင်း ကျဆင်းသွားခဲ့ခြင်း မရှိပေ။

အရပ်သားအစိုးရတွင် Supreme Leader အဖြစ်လူထုသည် ဒေါ်အောင်ဆန်းစုကြည်ကိုသာ ရှုမြင်ခဲ့သည်။

မည်သို့ပင် နိုင်ငံရေး အကျပ်အတည်းကို ကြုံနေရစေကာမူ ဒေါ်အောင်ဆန်းစုကြည် အပေါ် လူထုထောက်ခံမှုသည် အမှန်တကယ် မကျဆင်းသွားကြောင့် အတိုက်အခံ နိုင်ငံရေး သမားများက ရိပ်စားမိခဲ့ဟန်ရှိသည်။ စစ်ဘက်အသိုင်းအဝိုင်းသည် ပါတီစုံ အခင်းအကျင်းတွင် ကြံ့ခိုင်ရေး ပါတီ၏ စစ်ခေါင်းဆောင်ဟောင်းများ စိုးမိုးထားမှုကို စိတ်ပျက်နေခဲ့ပြီ ဖြစ်သည်။

များစွာသော စစ်တပ်နှင့် ဆက်နွယ်သည့် ကြံ့ခိုင်ရေး ပါတီ ထောက်ခံသူများသည် NLD မဟုတ်သည့် အခြားသော နိုင်ငံရေး ပါတီ တစ်ခုခုကိုသာ မဲပေးလိုသည့် ဆန္ဒသဘောထားများလည်း ရှိခဲ့သည်။ ကြံ့ခိုင်ရေး ပါတီကိုလည်း ၎င်းတို့သည် ဆက်လက် ထောက်ခံလိုခြင်း မရှိတော့ပေ။

စစ်တပ်သည် အဆိုပါ လူနည်းစုများ၏ အသံများကို NLD အပေါ် အပြစ်ပုံချရာတွင် အသုံးချခဲ့သည်။ စစ်ကောင်စီ ခေါင်းဆောင်သည် ၎င်း အာဏာသိမ်းပြီးနောက်တွင် ၂၀၂၀ ရွေးကောက်ပွဲ၌ NO VOTE လုပ်သူများ ရှိကြောင်း ပြောဆိုခဲ့မှုများ ရှိပြီး ထိုသို့ ရှိနေလျက်ဖြင့် NLD ပါတီ သောင်ပြိုကမ်းပြို နိုင်ရန် အကြောင်းမရှိဟူသည့် သဘောမျိုး ပြောခြင်းလည်း ဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲတွင် No Vote လုပ်ကြသူများထဲမှ အများစုသည် ယခင် ၂၀၁၅ ရွေးကောက်ပွဲ၌ အပြောင်းအလဲကို မြင်လို၍ NLD ပါတီ ကို မဲပေးခဲ့ကြသူများ ဖြစ်သည်။ ၎င်းတို့သည် ပွင့်လင်းမြင်သာမှု အတိုင်းအတာ တစ်ခုထိ ရခဲ့သည့် ဆယ်စုနှစ် တစ်ခုစာ ကာလအတွင်း ဖယ်ဒရယ် အရေး၊ ဒီမိုကရေစီ အရေး၊ လူသားချင်း တန်းတူညီမျှမှု ရှိရေး အကြောင်းများကို လေ့လာ နားလည် နိုင်ခဲ့ကြသူများလည်း ဖြစ်သည်။

သို့ဖြစ်ရာ ၂၀၂၀ ရွေးကောက်ပွဲ၌ အစိုးရ သက်တမ်း ငါးနှစ်အတွင်း စစ်တပ်ကို နိုင်ငံရေးမှ ဖယ်ထုတ်နိုင်မည့် ဖွဲ့စည်းပုံ ပြင်ဆင်ရေးလည်း မလုပ်နိုင်၊ တိုင်းရင်းသားအရေး၊ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ကိစ္စများတွင်လည်း နာမည် ကျဆင်းနေခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် အပေါ် ဆက်လက်ထောက်ခံရန် ဝန်လေးနေခဲ့ကြသည်။

သို့သော် ၎င်းတို့သည် အခြားသော ပါတီ တစ်ခုခုကို မဲပေးရန်မှာလည်း သူတို့အတွက် ယုံကြည်အားကိုးနိုင်စရာ ပါတီဟူ၍ မရှိခဲ့ပေ။ ထို့အတွက်ပင် No Vote လုပ်သူများသည် ၎င်းတို့၏ ဆန္ဒမဲကို ယုံကြည်စရာ သူမရှိ၍ မဲမပေးခဲ့ကြခြင်းမျိုးသာ ရှိခဲ့သည်။

NLD ၌ ဒေါ်အောင်ဆန်းစုကြည် ကို ဆက်ခံမည့် ခေါင်းဆောင်မရှိထားချိန်တွင် အတိုက်အခံ နိုင်ငံရေး ပါတီများဘက်တွင်လည်း လူထု ထောက်ခံမှု အပြိုင်ရထားသည့် ခေါင်းဆောင် နိုင်ငံရေး သမားများ ကင်းမဲ့နေသည်။

ရွေးချယ်စရာ မရှိခြင်းကလည်း ထက်မြက်သည့် အမျိုးသမီး တစ်ဦး ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်သည်သာ တစ်ဦးတည်းသော လူထုခေါင်းဆောင်သဖွယ် ဆက်ရှိနေခဲ့ခြင်း ဖြစ်သည်။

အတိုက်အခံ နိုင်ငံရေး ပါတီအများစု(ဗမာပြည်မမှ)သည် နိုင်ငံစည်ပင်သာယာဝပြောရေး၊ လူထုချမ်းသာရေး မက်လုံးများ ဖြင့် မဲဆွယ်ခဲ့ကြပြီး NLD အစိုးရ၏ စီမံခန့်ခွဲမှု အားနည်းချက်များကို တွင်တွင် ထောက်ပြ ဝေဖန်ကြသည်။

အကျပ်အတည်းများကို အကျပ်ရိုက်စေသည်ထိ လုပ်ဆောင်ခဲ့သည့် စစ်တပ်ကို နိုင်ငံရေးမှ ဖယ်ထုတ်ရမည် ဆိုသည့် အဓိက အချက်ကိုမူ လူထုအား အသိမပေးသည့် အပြင် ၎င်းတို့ကိုယ်တိုင်လည်း စစ်တပ်ကို အတိုက်အခံ ပြုရန် ဝန်လေးနေခဲ့သည်ကို တွေ့ရသည်။

ထိုသို့ ပြုမူခဲ့ခြင်းက လူထုသည် ၎င်းတို့ကို အာဏာ နိုင်ငံရေးအတွက် အသုံးချမည့် သူများဟုသာ ထင်မြင်လာစေပြီး ဒေါ်အောင်ဆန်းစုကြည် ၏ အနစ်နာခံမှုမျိုး ၎င်းတို့ထံ ရှာမတွေ့ခြင်းက ထောက်ခံမှုများ ပဲ့ကျ မလာရခြင်း၏ အကြောင်းအရင်းများ ဖြစ်ခဲ့သည်။

သို့ဖြင့် ရွေးကောက်ပွဲ ဖြစ်လာချိန်တွင် လူထုသည် NLD နှင့် ဒေါ်အောင်ဆန်းစုကြည်ကိုသာ ပုံအော၍ မဲပေးခဲ့ကြပြန်သည်။

ရွေးကောက်ပွဲ အရှက်တကွဲ ရှုံးနိမ့်မှုက ကြံ့ခိုင်ရေး ပါတီ အပါအဝင် အတိုက်အခံ နိုင်ငံရေး ပါတီ များအတွက် ကြံရာမရ အခြေအနေကို ဖြစ်သွားစေခဲ့သည်။ လူထု ထောက်ခံမှုကို မည်သည့်အခါမျှ ၎င်းတို့မရခဲ့ကြောင်း လက်တွေ့ပေါ်ထွက် လာခဲ့ခြင်းမျိုး ဖြစ်သည်။

ထိုကာလများအတွင်း စစ်တပ်သည် NLD အစိုးရ ခေါင်းဆောင်များကို အပုတ်ချနိုင်မည့် အကြောင်းအရင်းများကို တိတ်တဆိတ် ရှာဖွေနေခဲ့သည်။ အချို့ အကြောင်းအရင်းများကို ၎င်းတို့ ကိုယ်တိုင် ဖန်တီးသည်များလည်း ရှိခဲ့သည်။

အဆိုပါ အကြောင်းအရင်းများသည် ၂၀၀၈ ခြေဥ ဖြင့်လည်း အကြောင်းပြ၍ ရမည့် အကြောင်းအရင်းများ လည်း ဖြစ်သည်။

ကြံ့ခိုင်ရေး ပါတီ ဦးဆောင်သည့် ရွေးကောက်ပွဲ ရှုံးနိမ့်မှုကို လက်မခံလိုသူ အတိုက်အခံ နိုင်ငံရေး ပါတီများက စစ်ခေါင်းဆောင်ထံ ရွေးကောက်ပွဲ အပြီးတွင် သွားရောက်တွေ့ဆုံခဲ့ကြတော့သည်။

စစ်တပ်အတွက် အကျပ်ကိုင်ရန် လုံလောက်သည့် အချက်များ ရခဲ့ပြီဟု ဆိုနိုင်သွားပြီ ဖြစ်သည်။ စစ်ခေါင်းဆောင်သည် မဲ မသမာမှုအကြောင်း တွင်တွင် ပြောကာ ၎င်း အာဏာသိမ်းရခြင်း ကို ခုခံ ပြောဆိုလျက် ရှိသည်။

မဲ စာရင်းမှားယွင်းမှုများ အကြောင်းကို ရွေးကောက်ပွဲ ရလာဒ်များ ထွက်ပေါ် အပြီးတွင် စစ်တပ်က သတင်းစာရှင်းလင်းပွဲများ အကြိမ်ကြိမ် ပြုလုပ်၊ ထုတ်ပြန်ချက်များ အလီလီ ထုတ်ပြန်ကာ ဖြေရှင်းပေးရန် အကျပ်ကိုင်ခဲ့သည်။

နောက်ကွယ်တွင် စစ်ခေါင်းဆောင်က သမ္မတဖြစ်ရေး၊ သက်တမ်းခွဲ အုပ်ချုပ်ရန် ညှိသည် ဆိုသည်များမှာမူ ယခုအခင်းအကျင်းတွင်မှ ထွက်ပေါ်လာသည့် အကြောင်းအရင်းများသာ ဖြစ်ပြီး ထိုကာလ အခြေအနေတွင်မူ လူထုသည် စစ်တပ်နှင့် အတိုက်အခံများ မဲရှုံး၍ ညစ်နေကြပြီ ဟူ၍သာ ထင်မှတ်ခဲ့ကြသည်။

လူထု သိရှိခွင့်မှာလည်း ထိုထက် မပိုခဲ့ပေ။ ဒေါ်အောင်ဆန်းစုကြည်သည် သာ၀ ဟု စစ်ခေါင်းဆောင်ကို ရည်ညွှန်းသုံးနှုန်းကာ လူထုထံသို့ အကျပ်အတည်း အတွက် စိတ်မပူရန် သတင်းစကား သွယ်ဝိုက်ပေးခဲ့သည်။

အာဏာသိမ်း သံများ ညံလာချိန်တွင်လည်း လူထုအကြားတွင် တတိယအကြိမ် လွှတ်တော်ကိုသာ ကြိုဆိုရန် အားခဲနေခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်သည် အာဏာသိမ်းသည့် အခင်းအကျင်းမျိုးကို တားဆီးနိုင်မည်ဟု အများစုက ယုံကြည်ခဲ့ကြသည်။

သို့သော် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်က အာဏာသိမ်းခဲ့သည်။ ရှိရင်းစွဲ ဒီမိုကရေစီလက်ကျန်များ နောက်ပြန်ဆွဲကုန်သည်။ စစ်တပ်သည် နိုင်ငံတော် အာဏာကို မတရား ရယူခြင်းကို ကာကွယ်ရန် အလို့ငှာ ဆိုပြီး အာဏာသိမ်းမှုကို ကျူးလွန်သည်။

ဖွဲ့စည်းပုံ အရဟုလည်း ပြောသည်။ ၂၀၀၈ ခြေဥ တွင် သမ္မတသည်သာ ကာကွယ်ရေး ဦးစီးချုပ်ကို အာဏာအပ်နိုင်သည့် အခွင့်ပါဝါ ရှိသည့် ကာလုံကို ခေါ်နိုင်သူ ဖြစ်သည်။ NLD အစိုးရ လက်ထက်တွင် မည်သည့် အခါမျှ ကာလုံ ခေါ်ခဲ့ခြင်း မရှိ၊ခဲ့ပေ။

NLD အစိုးရ လက်ထက်၌ သမ္မတ နှစ်ဦး ရှိခဲ့သည်။ ပထမ တစ်ဦးမှာ စာရေးဆရာကြီး မင်းသုဝဏ်၏ သားဖြစ်သူ သမ္မတ ဦးထင်ကျော်ဖြစ်ပြီး နောက်တစ်ဦးမှာ ယခု စစ်ကောင်စီ ဖမ်းဆီးထားသည် သမ္မတ ဦးဝင်းမြင့် ဖြစ်သည်။

သမ္မတ ဦးဝင်းမြင့်သည် ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုကို ဆယ်စုနှစ်များစွာ ယုံကြည် လက်ခံခဲ့သူ ဖြစ်ပြီး NLD အစိုးရ ဖွဲ့ချိန်တွင် ပြည်သူ့လွှတ်တော် ဥက္ကဌ အဖြစ် ကနဦး တာဝန်ထမ်းဆောင်ခဲ့သည်။

၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအပြီး လွှတ်တော်ထဲ ရောက်လာသည့် NLD အမတ်များထဲတွင်လည်း ဦးဝင်းမြင့် ပါဝင်ခဲ့သည်။

သို့သော် အဆိုပါ သမ္မတ နှစ်ဦး စလုံးသည် အစိုးရ အဖွဲ့ကို အမှန် တကယ် ဦးဆောင်ခဲ့သူများ မဟုတ်သကဲ့သို့ လူထုကလည်း ၎င်းတို့ နှစ်ဦးအား Supreme Leader အဖြစ် မြင်မှတ်ခဲ့ခြင်း မရှိခဲ့ပေ။

ဒေါ်အောင်ဆန်းစုကြည်သည်သာ နိုင်ငံတော်ကို ဦးဆောင်သူ ဖြစ်ပြီး လူထုကလည်း သူ(မ) တစ်ဦးတည်းကိုသာ ၎င်းတို့ကို ဦးဆောင်သူ လူထု ခေါင်းဆောင် အဖြစ် ခံယူထားခဲ့သည် ။

နိုင်ငံရေး လေ့လာသုံးသပ်သူများက ဒေါ်အောင်ဆန်းစုကြည် အလွန် NLD ပါတီကို မည်သူ ဦးဆောင်မည်နည်း ဆိုသည့် မေးခွန်းများကို အစဉ်တစ်စိုက် မေးခွန်း ထုတ်ခဲ့ကြပြီး အဆိုပါ မေးခွန်း၏ အဖြေက ယခုထိတိုင် ထွက်ပေါ်လာခဲ့ခြင်း မရှိသေးပေ။

၎င်းတို့ နောက်ထပ် မေးခွန်းထုတ်သည့်အရာမှာ အဆိုပါ အငြင်းပွားဖွယ် အချက် ဖြစ်သွားစေခဲ့သည့် သမ္မတ ဦးဝင်းမြင့်၏ ရွေးကောက်ပွဲ ဝင်ပြိုင်မှုကို ဖြစ်သည်။

အဆိုပါ အခြေအနေသည် ဒေါ်အောင်ဆန်းစုကြည် အလွန် NLD ၌ လူထု အားကိုး ယုံကြည်နိုင်မည့် ဒုတိယခေါင်းဆောင် ပေါ်ထွက်လာခြင်း မရှိခြင်းနှင့် ဆက်စပ်နေဖွယ် ရှိသည်။

နိုင်ငံတကာ စာမျက်နှာထက်၌ NLD အစိုးရသည် ရွေးကောက်ခံ အစိုးရအဖွဲ့ အဖြစ် ဂုဏ် သိက္ခာ ရှိစွာ ရပ်တည်နိုင်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ရွေးကောက်ပွဲ အနိုင်ရပြီးနောက်တွင် စစ်အစိုးရက စွယ်စုံကျမ်းအနှစ်ချုပ်၌ပင် ချန်လှပ်သည်ထိ ကလောင်စွမ်းထက်မြက်သူ ဆရာကြီး မင်းသုဝဏ်၏ သား ဖြစ်သူ ဦးထင်ကျော်ကို သမ္မတအဖြစ် ရွေးချယ်ခဲ့သည်။

ဦးထင်ကျော်မှာ ဒေါ်အောင်ဆန်းစုကြည်၏ ငယ်သူငယ်ချင်း ဖြစ်သကဲ့သို့ ရန်ကုန်တက္ကသိုလ်၊ လန်ဒန်တက္ကသိုလ် တို့မှ ဘွဲ့ရ ပညာတတ်တစ်ဦးလည်း ဖြစ်သည်။

သမ္မတဦးထင်ကျော်သည် နိုင်ငံတကာ ခရီးစဉ်များတွင် နိုင်ငံတကာ ခေါင်းဆောင်များကို စကားပြန် မလိုဘဲ ကိုယ်တိုင် ပြောဆိုနိုင်ခြင်းကို မြန်မာနိုင်ငံသားများက ဂုဏ်ယူခဲ့ကြသည်။

ယခင် စစ်ခေါင်းဆောင်များ၏ အရည်အချင်း မရှိပုံကို ထိုအချက် တစ်ခုဖြင့် ထောက်ပြ၍လည်း ဝေဖန်ခဲ့ကြဖူးသည်။

ဦးထင်ကျော် သမ္မတဖြစ်လာရခြင်းမှာ ၂၀၀၈ ခြေဥပါ ပုဒ်မ- ၅၉ (စ) အရ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့် မရှိခြင်းက အဓိက အကြောင်းအရင်း ဖြစ်သည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲ မတိုင်ခင်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး စစ်တပ်ကို နိုင်ငံရေးမှ ထုတ်နိုင်မည့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်ကို ပိတ်ပင်ထားသည့် ပုဒ်မ ၅၉(စ) ပြင်ဆင်ရေး တို့ကို အားသွန်ခွန်စိုက် လုပ်ဆောင်ခဲ့သေးသည်။

လူထုက တစ်ခဲနက် ထောက်ခံသော်လည်း စစ်တပ်ဘက်က ပြုပြင်ပေးလိုခြင်း မရှိ၍ အောင်မြင်ခဲ့ခြင်း မရှိပေ။ ၂၀၀၈ ခြေဥ အရလည်း စစ်တပ် သဘောမတူပဲ အဆိုပါ ပုဒ်မများကို ပြင်ဆင်၍ ရမည် မဟုတ်ပေ။

သို့ဖြင့် ၂၀၁၅ခုနှစ် ရွေးကောက်ပွဲ အနိုင်ရ အပြီးတွင် သမ္မတ ဖြစ်ခွင့် မရှိသည့် ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေကြောင့် NLD အစိုးရ၌ မည်သူက သမ္မတ ဖြစ်လာမည်လဲ ဆိုခြင်းကို လူထုက အထူးစိတ်ဝင်စားခဲ့သည်။ ထို့အတူ ဒေါ်အောင်ဆန်းစုကြည် အစိုးရအဖွဲ့ကို မည်သို့ ဦးဆောင်မည် ဆိုခြင်းသည်လည်း အလားတူပင်ဖြစ်သည်။

အဆိုပါ အခင်းအကျင်းသည် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခွင့် ပိတ်ပင်ခံထားရချိန်တွင် NLD ၌ နောက်ထပ် ဒုတိယခေါင်းဆောင် ထင်ထင်ရှားရှား ပေါ်ထွက်မနေခြင်းကို အရင်းတည်၍ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

အကယ်၍ NLD ၌ အိမ်ရှေ့စံ ထင်ထင်ရှားရှား ရှိနေပါလျင် ဒေါ်အောင်ဆန်းစုကြည် ၅၉(စ) ဖြင့် ပိတ်မိနေသော်လည်း သမ္မတဖြစ်လာမည့်သူ မည်သူဆိုခြင်းကို ခန့်မှန်းချက်ပေးရန် ပို၍ လွယ်ကူခဲ့ပေလိမ့်မည်။

သို့ဖြင့် ဦးထင်ကျော် သမ္မတဖြစ်လာခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူးဖြင့် အစိုးရအဖွဲ့ကို ဦးဆောင်ခဲ့ရခြင်း ဖြစ်သည်။ ထို့နောက် ၂၀၁၈ခုနှစ်တွင် ဦးထင်ကျော် သမ္မတရာထူးမှ ကျန်းမာရေးအရ နှုတ်ထွက်ခဲ့ပြီး ပြည်သူ့လွှတ်တော်ဥက္ကဌ ဖြစ်သူ ဦးဝင်းမြင့်က နိုင်ငံတော် သမ္မတအဖြစ် ဆက်ခံခဲ့သည်။

၂၀၁၈ ခုနှစ် ဦးထင်ကျော် သမ္မတ အဖြစ်မှ အနားယူပြီး ဦးဝင်းမြင့်အား သမ္မတအဖြစ် လွှတ်တော်မှ မရွေးချယ်ရသေးခင် အချိန်တွင် ဦးမြင့်ဆွေသည် ယာယီ သမ္မတ တစ်ပတ် ဖြစ်ခဲ့ဖူးသည်။

ယခု အာဏာသိမ်းမှုတွင် ဖေဖော်ဝါရီ ၁ရက် နံနက်အစောပိုင်းတွင် သမ္မတ ဦးဝင်းမြင့်ကို ဖမ်းဆီးအာဏာ သိမ်းခဲ့ခြင်း ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ် အဖြစ် ကျမ်းကျိမ်တော့မည် ဖြစ်၍ သမ္မတ အရည်အချင်း ပျက်ယွင်းသွားကာ ယခုတစ်ခါတွင်လည်း ဦးမြင့်ဆွေက ယာယီ သမ္မတ ဖြစ်သွားသည့် ပုံစံမျိုးကို စစ်တပ်က ပုံသွင်းထားသည်။

စစ်ကောင်စီ အာဏာသိမ်းရခြင်း အကြောင်းကို မသိမ်းမဖြစ်၍ သိမ်းရသည်ဟု ပုံဖော် ပြောဆို ရေးသားလေ့ရှိကြသည့် ဝါဒဖြန့် ဆန်ဆန် မီဒီယာများ၌ ယခုကာလအတွင်း ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုနေကြသည့် အကြောင်းအရာ တစ်ခုရှိသည်။

ယင်းမှာ ၂၀၀၈ ခြေဥ မှ သမ္မတနှင့် ဒုသမ္မတများ၏ အရည်အချင်း ပြဌာန်းချက်ပါ အကြောင်းအရာများကို ကိုးကား၍ ပြောဆိုနေကြခြင်း ဖြစ်သည်။ အဆိုပါ ပြဌာန်းချက်မှာ နိုင်ငံတော် သမ္မတသည် မည်သည့် လွှတ်တော် ကိုယ်စားလှယ်မျှ မဖြစ်ရ ဆိုသည့် ပြဌာန်းချက် ဖြစ်သည်။

စစ်ကောင်စီဘက် ယိမ်းသော အွန်လိုင်း မီဒီယာများက အဆိုပါ အချက်ကို ၂၀၀၈ ခြေဥအရ သက်တမ်းကုန်တော့မည်ဟု ဆိုသည့် စစ်ကောင်စီ၏ အာဏာသိမ်းခဲ့မှုမှာ ၎င်းခြေဥ နှင့် အညီပင် ဖြစ်ကြောင်း သက်သေပြလိုသည့် သဘောမျိုး ထုတ်လွှင့် ပြောဆိုကြသည်။

၎င်းတို့က ၂၀၂၀ခုနှစ် အထွေထွေရွေးကောက်ပွဲ၌ လွှတ်တော်ကိုယ်စားလှယ် အဖြစ် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သည့် ဦးဝင်းမြင့်မှာ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ရက်တွင် လွှတ်တော်ကိုယ်စားလှယ် အဖြစ် ကျမ်းကျိန်တော့မည်ဖြစ်၍ သမ္မတ အရည်အချင်း ပျက်ယွင်းသွားပြီဟု ဆိုကြသည်။

၂၀၀၈ ခြေဥ ပုဒ်မ- ၇၁ (က) ပါ သမ္မတကို စွတ်စွဲပြစ်တင်နိုင်သည့် အချက် (၅) ချက်တွင် နိုင်ငံတော်၏ ကျေးဇူးသစ္စာကို ဖောက်ဖျက်ခြင်း၊ ၂၀၀၈ ခြေဥပါ ပြဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ခြင်း၊ အကျင့်သိက္ခာပျက်ပြား ခြင်း၊ခြေဥပါ ပြဌာန်းထားသော သမ္မတ အရည်အချင်းများ ပျက်ကွက်ခြင်း၊ ဥပဒေအရ ပေးအပ်သော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက်ခြင်းများ ပါဝင်သည်။

သို့သော် ၂၀၂၀ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများ ရှိသည်ဟု ဆိုပြီး စစ်ကောင်စီက အာဏာသိမ်းခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များအား စစ်ကောင်စီက လွှတ်တော်ကိုယ်စားလှယ်များ အဖြစ် အသိအမှတ် ပြုခြင်း မရှိခဲ့ပေ။

သို့ဖြစ်ရာ ရွေးကောက်ပွဲကို အသိအမှတ် မပြုဘဲ သမ္မတ ဦးဝင်းမြင့်ကိုမူ လွှတ်တော်ကိုယ်စားလှယ် အဖြစ် မှတ်ယူ၍ သမ္မတ အရည်အချင်း ပျက်ယွင်းပြီဟု ဆိုခြင်းမှာ အငြင်းပွားဖွယ် အချက် တစ်ခု ဖြစ်သည်။

အခြားရှုထောင့်မှ ကြည့်လျင် စစ်ကောင်စီသည် သမ္မတ ဦးဝင်းမြင့်အား လွှတ်တော်ကိုယ်စားလှယ် အဖြစ် မှတ်ယူခြင်းသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်များအားလည်း လွှတ်တော်ကိုယ်စားလှယ် အဖြစ် မှတ်ယူသည်ဟု ယူဆရမည် ဖြစ်သည်။

လွှတ်တော်ကိုယ်စားလှယ်များကို အသိအမှတ် ပြုခြင်းသည် အထွေထွေရွေးကောက်ပွဲ ရလာဒ်အား အသိအမှတ် ပြုသည့် ဟူသည့် သဘောကိုလည်း သက်ရောက်သွားစေမည် ဖြစ်သည်။

သို့သော်လည်း စစ်ကောင်စီ ယိမ်း အွန်လိုင်း မီဒီယာများကမူ သမ္မတဦးဝင်းမြင့်သည် လွှတ်တော်ကိုယ်စားလှယ် ဖြစ်သွား၍ သမ္မတ အရည်အချင်း ပျက်ယွင်းသွားပြီဟူသည့် အချက်ကိုသာ ထောက်ပြခြင်းများ ရှိသည်။

၎င်းတို့ မည်သည့်အတွက်ကြောင့် အဆိုပါ အချက်အား ကျယ်ကျယ်လောင်လောင် အသံထွက် ထောက်ပြနေကြသနည်း ဆိုလျင် စစ်ကောင်စီ အာဏာသိမ်းမှုသည် တရားဝင် ဖြစ်သည်ဆိုခြင်းကို ပြသနိုင်သည့် ထင်သာမြင်သာ ရှိသည့် အချက်ဟု ယူဆ၍ ဖြစ်ဖွယ်ရှိသည်။

အဆိုပါ အချက်ကြောင့် ဒုသမ္မတ ဦးမြင့်ဆွေသည် သမ္မတဖြစ်သူ ဦးဝင်းမြင့် သမ္မတ အရည်အချင်း ပျက်ယွင်းခဲ့ပြီ ဖြစ်၍ ယာယီ သမ္မတဖြစ်သွားပြီကာ ကာလုံခေါ်၍ စစ်ခေါင်းဆောင်ထံ အာဏာလွှဲနိုင်ခြင်းဟု စစ်ကောင်စီယိမ်း အွန်လိုင်းမီဒီယာများက ဆိုကြခြင်း ဖြစ်သည်။

ယင်း အချက်အား ပြည်တွင်းမှ နိုင်ငံရေး သမားအချို့နှင့် နိုင်ငံရေး လေ့လာသုံးသပ်သူ အချို့ကလည်း ထောက်ပြပြောဆိုခြင်းများ ရှိထားသည်ကို တွေ့ရသည်။

သို့သော် သမ္မတ ဦးဝင်းမြင့်ကို ရွေးကောက်ပွဲ ဝင်စေခဲ့ခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်သည် ဦးဝင်းမြင့်အား သူ၏ မူလ တာဝန်ဖြစ်သည့် ပြည်သူ့လွှတ်တော် ဥက္ကဌ တာဝန်ကို ပြန်ယူစေရန် ရည်ရွယ်ချင်းလည်း ဖြစ်နိုင်ပေသည်။

သမ္မတအဖြစ် မည်သူကို တာဝန်ပေးမည် ဆိုသည်မှာ ဒေါ်အောင်ဆန်းစုကြည် အပေါ်တွင်သာ မူတည်ခဲ့သည့် အချက် တစ်ခု ဖြစ်သည်။

စစ်ကောင်စီ ဝါဒဖြန် ယန္တရားများက သမ္မတ ဖြစ်သူကို ရွေးကောက်ပွဲ ဝင်ပြိုင်စေခြင်းက စစ်တပ် အာဏာသိမ်း၍ ရသွားသည့် အကြောင်းအရင်း အဖြစ် ပြောဆို နေကြသော်လည်း အဆိုပါ အချက်အား ဒေါ်အောင်ဆန်းစုကြည် သတိမမူမိဟု ဆိုရန် ရာခိုင်နှုန်း နည်းပါးပေသည်။

ပြည်တွင်း၊ ပြည်ပ ဥပဒေရေးရာ၊ စီးပွားရေးရာ၊ နိုင်ငံရေးရာ ထက်မြက်သည့် ပညာရှင်များ ရှိနေပြီး ကိုယ်တိုင်မှာလည်း နယ်ပယ်စုံတွင် ထူးချွန်သူ တစ်ဦး ဖြစ်နေသည့် ဒေါ်အောင်ဆန်းစုကြည် သတိမမူခဲ့ခြင်း ရှိမရှိ ဆိုခြင်းအာ သူ(မ) ကိုယ်တိုင်ပင် သိရှိပေလိမ့်မည်။

သမ္မတ ဦးဝင်းမြင့် ရွေးကောက်ပွဲ ဝင်ပြိုင်ရခြင်းမှာ ဒီမိုကရေစီ နည်းအရ ကြည့်လျင် မည်သည့် ပြစ်မှုကိုမျှ ကျူးလွန်ခြင်း မဟုတ်ပေ။ ထို့အတွက် မည်သို့မျှ အပြစ်တင်ရန်လည်း အကြောင်းအရင်း ရှိမည် မဟုတ်ပေ။

လွှတ်တော်ကိုယ်စားလှယ် ဖြစ်သွား၍ သမ္မတ မဟုတ်တော့ သဖြင့် ကာလုံ ခေါ်၍ ရသွားသည်ဟူသည့် အကြောင်းပြချက်မှာ ခိုင်လုံသည့် အကြောင်းပြချက် ဖြစ်လာမည်လည်း မဟုတ်ပေ။

စစ်ကောင်စီ အာဏာသိမ်းပြီး ကနဦးကာလ သတင်းစာရှင်းလင်းပွဲ တစ်ခုတွင်လည်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ၂၀၀၈ ခြေဥ တွင် အခန်းများစွာ ရှိပြီး ရှေ့ နောက် အဓိပ္ပါယ် မတူညီစွာ ကောက်ယူနိုင်သည့် ပြဌာန်းချက်များ ရှိကြောင်း အကြောင်းပြ ပြောဆိုခဲ့ဖူးသည်။

အာဏာမသိမ်းခင်ကလည်း အာဏာ မသိမ်းဘူးဟု ပြော၍ မရဟု ၄င်းက ဆိုခဲ့သလို စစ်ခေါင်းဆောင်ကလည်း ဖွဲ့စည်းပုံ ဖျက်ပစ်မည်ဟု ခြိမ်းခြောက် ပြောဆိုခြင်းများလည်း ရှိခဲ့သည်။

သို့ဖြစ်ရာ ဦးဝင်းမြင့်သည် ဦးသိန်းစိန်ကဲ့သို့ ရွေးကောက်ပွဲ မဝင်ခဲ့သည်တိုင် စစ်တပ်သည် ဖွဲ့စည်းပုံကို ကာကွယ်ရန်ဟူသည့် ၂၀၀၈ ခြေဥ ပါ ပြဌာန်းချက်များကို အကြောင်းပြပြီး အာဏာသိမ်းမည်သာ ဖြစ်ခဲ့ဖွယ်ရှိသည်။

‘စစ်ကောင်စီ လားရာ’

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုကို မိုက်ရူးရဲ ဆန်သည့် လုပ်ရပ်အဖြစ် ယခင် စစ်တပ် ထိပ်သီး အရာရှိကြီး အချို့က သုံးသပ်ကြသည်။

သို့သော် ထိုသို့ အမြင်ရှိသူများမှာ အနည်းငယ်မျှသာ ဖြစ်ပြီး စစ်ဖက် အသိုင်းအဝိုင်း အများစုက အဆိုပါ အာဏာသိမ်းမှုကို လှိုက်လှိုက်လှဲလှဲပင် ထောက်ခံသည်။

ထောက်ခံသူများ ဆင်​ခြေပေးနိုင်ရန်၊ ကန့်ကွက် ဆန့်ကျင်သူများကို အကြောင်းပြနိုင်ရန် အတွက်လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် အညီ အာဏာထိန်းခြင်းသာ ဖြစ်သည်ဟု စစ်ခေါင်းဆောင်က မကြာခဏ ထုတ်ပြောတတ်သည်။

စစ်ခေါင်းဆောင်က ပုဒ်မ ၄၁၇ အရ နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို အဓမ္မနည်းဖြင့် ရယူရန် ကြိုးစားသဖြင့် အရေးပေါ် အခြေအနေ ကြေညာပြီး အာဏာထိန်းရခြင်း ဖြစ်ကြောင်း အကြောင်းပြခဲ့သည်။

သို့သော် NLD အစိုးရသည် ရွေးကောက်ခံ အစိုးရ တစ်ရပ်ဖြစ်ပြီး အဆိုပါ အစိုးရသည် ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်များ လွှတ်တော်ခေါ်ရန် ဒီမိုကရေစီနည်းအတိုင်း ​လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ လွှတ်တော် ခေါ်ယူ၍ အစိုးရသစ် ဖွဲ့ရန် ပြုလုပ်ခြင်းကို စစ်ခေါင်းဆောင်က နိုင်ငံတော် အချုပ်အခြာ အာဏာကို အဓမ္မနည်းဖြင့် ရယူရန် ကြိုးစားသည်ဟု ခေါင်းစဥ် တပ်လိုက်သည်။

အဘယ်ကြောင့် ဆိုသော် NLD အစိုးရသည် စစ်တပ်က စွတ်စွဲနေခဲ့သည့် မဲစာရင်းမှားယွင်းမှုများအား ဖြေရှင်းပေးရန် တောင်းဆိုခြင်းကို လစ်လျူရှုခဲ့ခြင်းကြောင့်ဟုလည်း စစ်ခေါင်းဆောင်က ဆိုခဲ့သည်။

၂၀၀၈ ခြေဥ ပုဒ်မ ၄၀၂ ၌ ရွေးကောက်တင်မြှောက်ခြင်း ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သတ်ပြီး ရွေးကောက်ပွဲ ကော်မရှင်၏ ဆုံးဖြတ်ချက်သည်သာ အတည် ဖြစ်ကြောင်း ဖော်ပြချက်များ ပါရှိထားသည်။

ဤသည်မှာ အာဏာသိမ်းမှု ဖြစ်ပွားခါနီး အချိန်ကာလများက ၂၀၀၈ ခြေဥပါ ပြဌာန်းချက်အတိုင်း NLD အစိုးရက စစ်တပ်၏ စွတ်စွဲမှုများကို လစ်လျူရှူ၍ ရသည်ဟု ထင်သဖြင့် လစ်လျူရှုခဲ့သည့် ပုံစံမျိုး ဖြစ်သည်။

၂၀၀၈ ခြေဥသည် မရေမရာ မတိမကျ ပြဌာန်း ဖော်ပြချက်များ ဖြင့် ပြည့်နေသည့် အခြေခံဥပဒေ ဖြစ်ကြောင်း အရှေ့တွင် ဖော်ပြရေးသားခဲ့ပြီး ဖြစ်သည်။

ထိုသို့ ဖြစ်နေရခြင်းမှာ ၄င်း ခြေဥသည် စစ်အာဏာရှင် ဟောင်း ဦးသန်းရွှေ၏ အလိုကျ ရေးဆွဲထားသည့် ခြေဥ ဖြစ်နေ၍ ဖြစ်သည်။

၂၀၀၈ ခြေဥသည် စစ်ခေါင်းဆောင်များ၏ အကျိုးစီးပွား၊ အာဏာကို ချုပ်ကိုင် ကာကွယ်ထားနိုင်ရန် အတွက် ရေးဆွဲထားခြင်း ဖြစ်ပြီး စစ်ခေါင်းဆောင်များသည် စစ်တပ်ကိုမူ နိုင်ငံတော်ကို ကာကွယ်နေခြင်းသာ ဖြစ်ကြောင်း ဥပဒေ ဖော်ပြချက်များဖြင့် ကောင်းစွာ အကြောင်းပြထားနိုင်သည်။

အဆိုပါ ခြေဥကို NLD လက်ခံခဲ့ခြင်းဖြင့် စစ်ခေါင်းဆောင်များသည် နိုင်ငံတကာ အသိအမှတ်ပြု ထောက်ခံမှုများ ရရှိလာခဲ့ပြီး ပိတ်ဆို့မှုများမှ လွတ်ကင်းကာ ကြွယ်ဝချမ်းသာမှုများ ပို၍သာ တိုးလာခဲ့သည်။

ယခင်၊ ယခု အတိတ် ပစ္စပ္ပန်တွင် ကျူးလွန်သမျှ စစ်ရာဇဝတ်မှု၊ အကျင့်ပျက် ခြစားမှု၊ အာဏာ အလွဲသုံးစားမှု၊ ပြည်သူအပေါ် ရက်စက် အနိုင်ကျင့်မှု မှန်သမျှသည် ၂၀၀၈ ခြေဥ အရ စစ်ခေါင်းဆောင်များ အပေါ် မည်သို့မျှ အရေးယူနိုင်ခွင့် ရှိမနေခဲ့ပေ။

အဆိုပါ အခြေအနေများအား ​ပြောင်းလဲနိုင်ရန်မှာလည်း ခြေဥကို ပြင်ရန် သာ ရှိခဲ့သော်လည်း စစ်တပ် ပါဝင်ပတ်သတ်မှုကို ပြင်ဆင်ရန်အတွက် စစ်တပ်ကိုယ်စားလှယ်များ မပါဝင်ပဲ မရနိုင်ပေ။

လွှတ်တော်တိုင်း၌ စစ်တပ်ကိုယ်စားလှယ် လေးပုံတစ်ပုံ ရှိနေပြီး စစ်တပ်၏ ပါဝင်ပတ်သတ်မှုကို ဖယ်ထုတ်ရန် ပြင်ဆင်ရမည့် ပုဒ်မတိုင်းသည် အရပ်သား ကိုယ်စားလှယ် လေးပုံသုံးပုံ စလုံး ထောက်ခံလျင်ပင် ပြင်ဆင်ခွင့် ရှိမနေခဲ့ပေ။

စစ်တပ်ကိုယ်စားလှယ်များ အားလုံးသည်လည်း စစ်ခေါင်းဆောင်ကသာ ခန့်အပ်နိုင်ခြင်း ဖြစ်သည့် အပြင် စစ်ခေါင်းဆောင်၏ အမိန့်ကိုသာ နာခံသည့် ကိုယ်စားလှယ်များ ဖြစ်သည်။

သို့ဖြစ်ရာ တပ်မတော်ကိုယ်စားလှယ်များ ဟု ဆိုသော်လည်း အမှန်တကယ်တွင်တော့ ဥပဒေပြုရေး ကဏ္ဍတွင်လည်း စစ်ခေါင်းဆောင်၏ သဘောထားကသာ ဆုံးဖြတ်ချက် အပေးနိုင်ဆုံး ဖြစ်သည်။

NLD အစိုးရ သက်တမ်းငါးနှစ်အတွင်း အဆိုပါ အခြေအနေများကို ထင်ထင်ရှားရှား မြင်တွေ့ခဲ့ရပြီး နောက်ဆုံးတွင် ခြေဥ ကို အကြောင်းပြ၍ အာဏာသိမ်းယူသည်ထိ ဖြစ်လာခဲ့သည်။

NLD အစိုးရဟာ သူတို့ အစိုးရ ဒုတိယသက်တမ်းကာလမှာ လုပ်ဆောင်မည့် အစီအစဥ်များတွင် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကို ဆက်လက်လုပ်ဆောင်မည် ဖြစ်ကြောင်း လူထုကို ကတိပေးထားခဲ့သည်။

၂၀၀၈ ခြေဥ အရဆိုလျင် စစ်တပ်၏ ပါဝင်ပတ်သက်နေမှုကို ဖယ်ထုတ်ရန်မှာ လွှတ်တော်တွင်း၌ စစ်တပ်ကိုယ်စားလှယ်များမှ အပ ကျန် ကိုယ်စားလှယ်နေရာ အားလုံးကို NLD အနိုင်ရထားလျင်ပင် ပြင်ဆင်ရန် အခြေအနေမျိုး ရှိမနေသေးပေ။

သို့သော် NLD အစိုးရသည်၂၀၁၈ ခုနှစ်တွင် စစ်ခေါင်းဆောင် အမိန့်ကို နာခံနေရသည့် အထွေထွေ အုပ်ချုပ်ရေး ဌာနကို အရပ်သား အစိုးရ လက်အောက်သို့ ပြောင်းလဲနိုင်ခဲ့ခြင်း၊ ရဲ တပ်ဖွဲ့နှင့် စစ်တပ်ကို ခွဲခြားရန် ခြေလှမ်းများ ပြင်လာခြင်း ဖြင့် စစ်တပ်၏ အခန်းကဏ္ဍကို လျှော့ချခြင်းများ လုပ်ဆောင်လာခဲ့သည်။

စီးပွားရေးတွင်လည်း တရားမျှတသည့် ယှဥ်ပြိုင်မှု ပုံစံမျိုးကို ဖော်ဆောင်ခဲ့ပြီး စစ်ခေါင်းဆောင်များနှင့် ၄င်းတို့ မိသားစုများ၊ ခရိုနီများ၏ နိုင်ငံစီးပွားရေးကို လက်ဝါးကြီးအုပ်ထားမှုများ ဆက်လက်မပြုလုပ်နိုင်ရန် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သည်။

NLD အစိုးရ၏ ပြုပြင်ပြောင်းလဲမှုများ ကို စစ်ခေါင်းဆောင်များက ၄င်းတို့၏ အာဏာနှင့် အကျိုးစီးပွား အတွက် ရတက်မအေးစရာ အခြေအနေအဖြစ် ရှုမြင်ခဲ့ဖွယ် ရှိသည်။

ထို့ပြင် အစိုးရ ဒုတိယသက်တမ်း တာဝန်ထမ်းဆောင်ခွင့် ရခဲ့ပါက NLD အစိုးရ ရည်ရွယ်ထားသည့် တရားစီရင်ရေး စနစ် ကို လွတ်လပ်ပြီး သန့်ရှင်း မျှတသည့် တရားစီရင်ရေး စနစ်အဖြစ် ပြုပြင်ပြောင်းလဲမည့် အစီအစဥ်မှာ စစ်ဘက် အသိုင်းအဝိုင်း၏ ဆယ်စုနှစ်များစွာ အခွင့်ထူး ခံနေထိုင်လာမှုကို ထိခိုက်လာနိုင်မည့် အခြေအနေဖြစ်သည်။

တရားစီရင်ရေး စနစ် မျှတသန့်ရှင်းသွားပါက များစွာသော အဂတိလိုက်စားမှု၊ အာဏာ အလွဲသုံးစား လုပ်မှု၊ ခေါင်းပုံဖြတ်မှုများအတွက် တရားမျှတမှုကို လူထုအနေဖြင့် ရှာဖွေရန် အခွင့်အလမ်း ပို၍ များလာမည် ဖြစ်သည်။

၂၀၀၈ ခြေဥသည် စစ်ခေါင်းဆောင် လက်တစ်ဆုပ်စာတို့ ​လူထုကို ပြုမူခဲ့သည့် ရက်စက် ဖိနှိပ်မှုများအတွက် အရေးယူမှု ကင်းလွတ်စေရန် ကာကွယ်ပေးထားသော်လည်း စစ်ဘက် အသိုင်းအဝိုင်း တစ်ခုလုံးကိုမူ ကာကွယ်ပေးထားခြင်း မရှိပေ။

ဥပမာ ဗစ်တိုးရီးယား သက်ငယ်မုဒိန်းမှု ဖြစ်စဥ်၊ ဦးကိုနီ လုပ်ကြံခံရမှု ဖြစ်စဥ်တို့ကဲ့သို့ ဖြစ်စဥ်များတွင် လွတ်လပ်သန့်ရှင်းသည့် တရားစီရင်ရေး စနစ် ရှိနေခဲ့ပါက ကျူးလွန်သူများသည် ၄င်းတို့နှင့် ထိုက်တန်သည့် အရေးယူမှု ပြစ်ဒဏ်များကို မလွဲမသေ ခံရတော့မည်သာ ဖြစ်သည်။

ထိုသို့ NLD ၏ ခြေလှမ်းများက လက်တစ်ဆုပ်စာ စစ်ခေါင်းဆောင်များ အပေါ်တိုက်ရိုက် မသက်ရောက်သော်လည်း ၄င်းတို့၏ အသိုင်းအဝိုင်း အပေါ်တွင်တော့ ကြီးမားသည့် သက်ရောက်မှုများ ရှိလာမည် ဖြစ်သည်။

၄င်းတို့ မတရား အနိုင်ကျင့်ခွင့် ဆက်မရှိတော့မည့် အရေးသည် NLD အစိုးရ အပေါ် စစ်တပ်ထောက်ခံသူများ အကောင်းမမြင်နိုင်သည့် အခြေအနေမျိုးကို ဖန်တီးသွားခဲ့သည်။

ပထမ သက်တမ်းကာလတွင် တိုင်းရင်းသား နိုင်ငံရေး ခေါင်းဆောင်များ၊ ၈၈ မျိုးဆက် နိုင်ငံရေးသမားများ ထောက်ပြခဲ့သည့် ခြေဥအတွင်းမှ ပြင်၍ ရမည့် အရာများကို ဒုတိယ သက်တမ်းကာလအတွင်း ပြုလုပ်တော့မည့် ပုံစံမျိုး ဖြစ်လာနိုင်ဖွယ် ရှိသည်။

ပုဒ်မ ၂၁၆ ကဲ့သို့ ဗဟို ချုပ်ကိုင်မှု ကြီးစွာရထားသည့် ပုဒ်မများကို ပြင်ဆင်ပေးရန် NLD အပေါ် ​ပြည်တွင်း နိုင်ငံရေးသမားများနှင့် တိုင်းရင်းသားများက တိုက်တွန်းထားခဲ့သည်။

ပုဒ်မ ၂၁၆ ကို ပြင်ဆင်ခြင်းသည် တိုင်းရင်းသားဒေသများ၌ ၄င်းတို့ ကိုယ်တိုင် ၄င်းတို့ နှစ်သက်သူကို ဝန်ကြီးချုပ် အဖြစ် တင်မြှောက်ခွင့် ရနိုင်မည် ဖြစ်သည်။

စစ်တပ်၏ လုပ်ဆောင်ချက်များကို စိတ်ပျက် လာသည့်ပုံစံ မြင်ရသည့် ဒေါ်အောင်ဆန်းစုကြည်သည် သူ(မ) အစိုးရ ဒုတိယသက်တမ်း၌ ပထမသက်တမ်းက ဆုံးရှုံးခဲ့သည့် ကာလရှည် နိုင်ငံရေး မဟာမိတ်များ အပေါ်တွင်လည်း ဆက်ဆံရေး ပြန်လည် ကောင်းမွန်ရန် ကြိုးစားလာဖွယ် ရှိသည်။

အဆိုပါ ကောက်ချက်မှာ အာဏာသိမ်းမည်ဟူသည့် စစ်တပ်၏ ခြိမ်းခြောက်မှုကို ဂရုမပြုပဲ လွှတ်တော်ခေါ်ရန် စီစဥ်ခဲ့မှုနှင့် ဆက်စပ်ပြီး ကောက်ချက်ချခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် သည် အစဥ်တစ်စိုက် ကန့်လန့်တိုက်နေသည့် စစ်ခေါင်းဆောင်နှင့် အမျိုးသား ရင်ကြားစေ့ရန် ကြိုးစားမှုကို အဆုံးသတ်လိုခဲ့ခြင်းလည်း ဖြစ်နိုင်ပေမည်။

NLD ၏ အစိုးရ ဒုတိယသက်တမ်း အတွက် အစီအစဥ်များမှာ စစ်ခေါင်းဆောင်များနှင့် ၄င်းတို့၏ စစ်တပ်ကို ၂၀၀၈ ခြေဥ ကို မဖောက်ဖျက်ပဲ နိုင်ငံရေး ဝင်စွက်ဖက်နေမှုမှ သီးသန့်ခွဲထုတ်ထားတော့မည့် ပုံစံမျိုး ဖြစ်လာမည် ဖြစ်သည်။

စစ်ခေါင်းဆောင်များအတွက် ယခင်က အတိုင်း အခွင့်ထူးခံများ ဖြစ်နေရဦးမည် ဖြစ်သော်လည်း စီးပွားရေး ယှဥ်ပြိုင်မှုများ၊ ပြစ်မှုကျူးလွန်မှုများ တွင်မူ ၄င်းတို့၏ အသိုင်းအဝိုင်း မိသားစုများမှာမူ အခွင့်ထူးခံခွင့် ရနိုင်တော့မည် မဟုတ်ပေ။

အရပ်ဘက် အုပ်ချုပ်ရေး ထောက်တိုင်ဖြစ်သည့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနသည် အရပ်သား အစိုးရ လက်အောက် ရောက်လာခြင်း၊ တရားစီရင်ရေး စနစ်ကို ပြုပြင်ပြောင်းလဲတော့မည် ဖြစ်ခြင်း၊ ရဲတပ်ဖွဲ့ကို စစ်တပ် လွှမ်းမိုးမှုမှ ဖယ်ထုတ်ရန် စီစဥ်လာခဲ့ခြင်းများက အဆိုပါ အခြေအနေများကို ဖန်တီးပေးနိုင်မည် ဖြစ်သည်။

စစ်ခေါင်းဆောင်သည် အဆိုပါ အခြေအနေများကို ဖြစ်လာစေလို ခြင်း မရှိသလို စစ်တပ်ခေါင်းဆောင်များထံမှ အကျိုးစီးပွား ရယူနေသူများကလည်း မလိုလားခဲ့ချေ။

ထို့ကြောင်ပင် ယခု အာဏာသိမ်း အခင်းအကျင်း ဖြစ်လာခဲ့ဖွယ် ရှိသည်။ စစ်ခေါင်းဆောင်များသည် ၄င်းတို့ လက်တစ်လုံးခြား လုပ်လို၍ စိတ်တိုင်းကျ ရေးဆွဲခဲ့သည့် ခြေဥကို အသုံးချပြီး နိုင်ငံရေး၊ ဥပဒေ ရေးရာ ပိုမို ကျွမ်းကျင်သူများက လက်တစ်လုံးခြား ပြန်လုပ်ပြီး ၄င်းတို့ကို နိုင်ငံရေးမှ ဖယ်ကျဥ်ထားရန် ပြုလုပ်လာခြင်းကို လက်မခံလိုကြပေ။

စစ်အာဏာသိမ်းမှုသည် ခြေဥနှင့် ဒီမိုကရေစီကို ကာကွယ်ရန် သိမ်းခြင်းမျိုးဟု စစ်ခေါင်းဆောင်က အကြောင်းပြခဲ့သော်လည်း ၄င်းတို့၏ လုပ်ဆောင်ချက်များက ထိုသို့ ဖြစ်မနေခဲ့ပေ။

အာဏာသိမ်းမှုကို တစ်နိုင်ငံလုံး နီးပါး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများ ဖြင့် ကန့်ကွက်ခဲ့ကြပြီး အဆိုပါ လူထုကြီးသည် နိုင်ငံကို ဆယ်စုနှစ်များစွာ စစ်တပ်က ကြိုးကိုင်နေခြင်းကို လက်မခံလိုတော့၍ လမ်းပေါ်ထွက်လာကြခြင်း ဖြစ်သည်။

၄င်းတို့ အနက် အများစုသည် ၂၀၀၈ ခြေဥပါ ပြဌာန်းချက်များအကြောင်း သေသေချာချာပင် မသိရှိကြပေ။ သို့သော် ဖွဲ့စည်းပုံအရ အာဏာသိမ်းသည်ဟု ဆိုသည့် ခြေဥ တစ်ခုကိုလည်း လက်မခံလိုတော့၊ ထို့အတူ စစ်ဗိုလ်ချုပ်များ အုပ်ချုပ်မည်ကိုလည်း လက်မခံလိုကြတော့ပေ။

စစ်တပ်သည် ဆန့်ကျင်သူ လူထုကို ရက်ရက်စက်စက် နှိမ်နင်း သတ်ဖြတ်သည်။ ထိုအခါ လူထုသည် စစ်အာဏာရှင် စနစ်၊ အာဏာရှင် စနစ် ချုပ်ငြိမ်းရေး တိုက်ပွဲဝင်ရာတွင်လက်နက်ကိုင် တော်လှန်မှ ရတော့မည်ဟု စိတ်ပိုင်းဖြတ်ခဲ့ရာ ယခု လက်နက်ကိုင် တော်လှန်ရေး အခင်းအကျင်း ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

လေကြောင်း အင်အား အဆမတန်သုံး နှိမ်နင်းခဲ့သော်လည်း တော်လှန်မှုများကို စစ်တပ်အနေဖြင့် နှမ်နင်းနိုင်ခြင်း မရှိပေ။ တစ်ဖက်တွင်လည်း တော်လှန်ရေး အင်အားစုများကလည်း စစ်တပ်ကို အနိုင်တိုက်နိုင်ရန် ကြိုးစားနေရဆဲ ပင်ဖြစ်သည်။

လာမည့် ဖေဖော်ဝါရီ ၁ ရက်တွင် ၂၀၀၈ ခြေဥ အရ ဆိုကာ အာဏာသိမ်းသည့် စစ်ကောင်စီသည် အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်များအရ သက်တမ်းပြည့်တော့မည့် ပုံစံ ဖြစ်နေသည်။

ထိုသို့ သက်တမ်းပြည့်ပါက စစ်ခေါင်းဆောင်သည် ကာလုံထံ အာဏာပြန်အပ်ရမည့် ပုံစံမျိုး ပြဌာန်းချက် ၂၀၀၈ ခြေဥတွင် ရှိနေသည်။သို့သော် ယေဘုယျ ပြဌာန်းချက်သည်သာ ထိုသို့သဘော ရှိခြင်း ဖြစ်သည်။

အသေးစိတ်ပြဌာန်းချက်များတွင် ဝိဝါဒကွဲပြားစွာ မှတ်ယူနိုင်သည့် ဖော်ပြမှုများ ရှိသည်။ပုဒ်မ တစ်ခုချင်းစီ တိုင်းသည်လည်း အဖြေမထွက်သည့် ပုစ္ဆာများ အသွင်ဆောင်နေသည်။

သက်တမ်းကုန်မည့် အချိန် စစ်ကောင်စီ ရှေ့ဆက် လုပ်ဆောင်လာမည့် ပုံစံကို ကာလုံထံ စစ်ခေါင်းဆောင်က အာဏာပြန်အပ်၊ ကာလုံက စစ်ခေါင်းဆောင်ထံ အာဏာပြန်ပေး ပုံစံမျိုးကို အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက် ပုဒ်မများကို ရည်ညွှန်းပြီး ဒေါက်တာအေးမောင်က စစ်ဘက်ယိမ်း မီဒီယာတစ်ခု တွင် ဖြေထားသည်။

ခြေဥအရ စစ်ခေါင်းဆောင်သည် ကာလုံထံ အာဏာအပ်ပြီးပါက ခြောက်လအတွင်း ရွေးကောက်ပွဲ ပြုလုပ်ပေးရမည် ဖြစ်သည်။ ရွေးကောက်ပွဲအတွက် ပြီးခဲ့သည့်နှစ်တွင် ခရိုင်များတိုးချဲ့ခြင်း၊ PR စနစ်ပြောင်းရန် ပြင်ဆင်ခြင်းများကို စစ်ခေါင်းဆောင်က ပြုလုပ်ခဲ့သည်။

ယခုနှစ်စတွင်လည်း လူဦးရေ စာရင်းများ ကောက်ခြင်း၊ နိုင်ငံရေး ပါတီ မှတ်ပုံတင်ခြင်း ဥပဒေကို အပြောင်းအလဲ ပြုလုပ်ခြင်းများ ပြုလုပ်လာလျက် ရှိနေသည်။

သို့သော် စစ်ကိုင်း၊ ကချင်၊ မကွေး၊ ကရင်နီ၊ ကရင်၊ ချင်း စသည့် ဒေသအများစု၌ စစ်တပ်ကို တော်လှန်နေသူများ အင်အားကောင်းနေပြီး အဆိုပါ ဒေသများ၌ မည်ကဲ့သို့ ရွေးကောက်ပွဲ ပြုလုပ်မည် ဆိုသည်ကို ရှင်းရှင်းလင်းလင်း ပြောဆိုခြင်း မရှိပေ။

မတည်မငြိမ်မှုများ ဆက်ဖြစ်နေပါက စစ်ခေါင်းဆောင်ထံသို့သာ ကာလုံက အာဏာပြန်လွှဲနိုင်သည့် ဖော်ပြချက်များကလည်း ၂၀၀၈ ခြေဥတွင် ရှိနေသည်ဟု ဒေါက်တာအေးမောင်က ဆိုထားသည်။

စစ်ကောင်စီ ရွေးကောက်ပွဲ ပြုလုပ်လိုခြင်းသည် ၄င်းတို့၏ တစ်ခုတည်းသော နိုင်ငံရေး ထွက်ပေါက် ဖြစ်နေ၍ ဖြစ်ဖွယ် ရှိသည်။ ထို့ပြင် ၂၀၀၈ ခြေဥ ဖြင့် ရွေးကောက်ပွဲ လုပ်ခြင်းသည် စစ်ခေါင်းဆောင်အတွက် အာဏာကို အခန့်သား ရယူနိုင်သည့် အခြေအနေတွင် ရှိနေသည်။

စစ်ခေါင်းဆောင်သည် EAOs အချို့နှင့် တွေ့ဆုံပြီး ငြိမ်းချမ်းရေး၊ ဖက်ဒရယ် အရေး ဖော်ဆောင်ပေးမည်ဟု မက်လုံးပေး ပြောဆိုသည်။ သို့သော် ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိုမူ လွှတ်တော်တွင်း၌သာ ပြင်မှရမည်ဟုလည်း ဆိုသည်။

ဖက်ဒရယ် အရေးအတွက်လည်း စစ်ခေါင်းဆောင်သည် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အချို့နှင့် တွေ့ဆုံရာတွင် ခိုင်ခိုင်မာမာ အာမခံ ကတိကဝတ်များ မပေးထားခဲ့ချေ။

၄င်းတို့ တွေ့ဆုံမှုများတွင် သဘောတူညီချက် အချို့ ရကြောင်း ကြေညာကြသော်လည်း မည်သည့် သဘောတူညီချက်ဆိုသည်မှာကား မည်သည့်အခါမျှ ဖော်ပြလေ့ မရှိပေ။

လက်နက်ကိုင် တော်လှန်ရေး လမ်းစဥ်မလိုက်လိုသည့် ပြည်တွင်း နိုင်ငံရေး သမားအချို့က စစ်ကောင်စီ ပြုလုပ်မည့် ရွေးကောက်ပွဲမှ တစ်ဆင့် အရပ်သား.အစိုးရ တစ်ရပ် ဖြစ်ပေါ်လာပါက ပဋိပက္ခများကို ပို၍ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မည်ဟု ယူဆကြသည်။

သို့သော် မကြာခင်က စစ်ခေါင်းဆောင် ထုတ်ပြန်လိုက်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဆိုင်ရာ ဥပဒေတွင် နိုင်ငံရေး ပါတီ အများအပြား ဖျက်သိမ်းရမည့် အခြေအနေကို ရောက်သွားခဲ့သည်။

ဦးသိန်းစိန် အစိုးရလက်ထက် ပြန်ဝန် ဖြစ်သူ ဦးရဲထွဋ်က စစ်ခေါင်းဆောင် ထုတ်လိုက်သည့် ဥပဒေသည်သာ NLD အစိုးရက ထုတ်ခဲ့ပါမူ စစ်ခေါင်းဆောင်ထံ လာတွေ့ခဲ့သည့် နိုင်ငံရေး ပါတီ ၃၄ အနက် အများစုသည် ထိုအချိန်ကပင် ဖျက်သိမ်းခံရမည့် အခြေအနေမျိုး ရှိကြောင်း ရိပ်ဖန်းသန်ဖန်း ရေးသား သုံးသပ်ထားခဲ့သည်။

အဆိုပါ ဥပဒေအရ လက်နက်ကိုင်တော်လှန်ရေး လမ်းစဥ် အတိုင်းသွားနေသည့် ပါတီဝင်အများအပြား ရှိနေသည့် NLD ပါတီသည် မြေပေါ်နိုင်ငံရေး၌ ဆက်လက်ရပ်တည်လိုပါ ၄င်း၏ အမာခံ ပါတီဝင်များ၊ ခေါင်းဆောင်များကို လက်လွှတ်ရမည် ဖြစ်သည်။

လက်မလွှတ်ပါက ပါတီ ဖျက်သိမ်းခံရဖွယ်ရှိပြီး ပိုင်ဆိုင်မှုများပါ သိမ်းဆည်းခံရမည့် အရေးကိုလည်း ကြုံတွေ့လာဖွယ် ရှိသည်။ ဆက်လက် မှတ်ပုံတင်ခဲ့ပါကလည်း NLD သည် လူထု ထောက်ခံမှုကို လက်လွှတ်ရဖွယ် ရှိပြီး NUG၊ CRPH တို့နှင့်လည်း ခပ်ကင်းကင်း နေရတော့မည် ဖြစ်သည်။

သို့သော် NLD ပါတီ၏ ဆုံးဖြတ်မည့် ကိစ္စများသည် အကျဥ်းကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည် ပေါ်တွင်သာ မူတည်နေဆဲ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် စစ်ကောင်စီရွေးကောက်ပွဲကို NLD ပါတီနှင့်အတူ ဝင်ပြိုင်သည်နှင့် အဆိုပါ ရွေးကောက်ပွဲအား နိုင်ငံတကာက အသိအမှတ်ပြုမူ တစ်စုံတစ်ရာ ရသွားနိုင်ချေလည်း ရှိနေသည်။

သူ(မ)သည် ​ပြင်ဆင်ပြောင်းလဲရန် မအောင်မြင်ခဲ့သည့် ၂၀၀၈ ခြေဥ အောက်သို့ နောက်တစ်ကြိမ်ထပ် ရွေးချယ်မည် ဟုတ်မဟုတ်ကို သူ(မ) ကိုယ်တိုင်သာ ဆုံးဖြတ်ရပေဦးမည် ဖြစ်သည်။

NLD မပါသည့် ရွေးကောက်ပွဲသည် တရားဝင်မှု ရရှိရန် ခက်ခဲမည် ဖြစ်ပြီး ရွေးကောက်ပွဲ ဝင်ပါကလည်း လူထုဘက်မှ ရပ်တည်သည် ပါတီအဖြစ်မှ လျှောကျသွားဖွယ် ရှိနေပေသည်။

ပြည်တွင်း နိုင်ငံရေး သမားအချို့ကမူ စစ်ကောင်စီ ရွေးကောက်ပွဲကို ဝင်ရောက် ယှဥ်ပြိုင်လိုနေပြီး ၂၀၀၈ ခြေဥ အောက်မှ လွှတ်တော်၌ စစ်တပ်ကို တဖြည်းဖြည်း နိုင်ငံရေးမှ ဖယ်ထုတ်နိုင်မည်ဟု မျှော်လင့်နေကြဆဲ ဖြစ်သည်။

သို့သော် PR စနစ်ဖြင့် ပြန့်ကြဲနေသည့် ပါတီ ကိုယ်စားလှယ်များသည် မည်သို့သော် ညီညွတ်မှုကို တည်ဆောက်၍ မည်ကဲ့သို့ နည်းလမ်းဖြင့် ၂၀၀၈ ​ခြေဥကို ပြင်ဆင်မည်နည်း။

စစ်ကောင်စီနှင့် ဆွေးနွေးနေသည့် EAOs များသည်လည်း စစ်ခေါင်းဆောင်၏ အာမခံချက် ရေရေရာရာ မပေးထားသည့် ဖက်ဒရယ် အရေးပြောဆိုမှုများကို မည်မျှ ယုံကြည်ပါသနည်း။

ထို့အတူ ရွေးကောက်ပွဲဟူသည် လူထု မပါပဲ ပြုလုပ်၍ ရသည့် အရာမဟုတ်သလို မဲမသမာမှု အကြောင်းပြ အာဏာသိမ်းသည့် စစ်ခေါင်းဆောင်သည် လူထု မဲ မပေးပဲ နေပါက အဆိုပါ ရွေးကောက်ပွဲ အောင်မြင်သည်ဟု မည်သို့မျှ ပြောဆို၍ ရမည်လည်း မဟုတ်ပေ။

ထို့ကြောင့် စစ်ခေါင်းဆောင်များ အကျိုးစီးပွားအတွက် ရေးဆွဲထားသည့် ခြေဥ အောက် ပြန်သွား မသွားဆိုသည်မှာ လူထုအပေါ်တွင်သာ မူတည်ပြီး မိမိတို့၏ ကံကြမ္မာကို မိမိတို့ဘာသာ ဆုံးဖြတ်ရမည် သာ ဖြစ်ပေသည်။