စစ်ကောင်စီသည် လမ်းဟောင်းအတိုင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အမည်ကို အသုံးချပြီး တော်လှန်ရေးကို အနှောင့်အယှက်ဖြစ်အောင် ကြိုးစားနေဟု ပြည်ထောင်စုဝန်ကြီးချုပ်ဆို

Author လင်းခိုင်
Categories
Published on Aug 01, 2023

စစ်ကောင်စီသည် လမ်းဟောင်းအတိုင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမည်ကို အသုံးချပြီး တော်လှန်ရေးကို အနှောင့်အယှက်ဖြစ်အောင် ကြိုးစားနေဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ယနေ့ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးချုပ်က စစ်ကောင်စီသည် နိုင်ငံခြားရေးတွင်လည်း သိသာသည် ထောက်ခံမှုမရ၊ အုပ်ချုပ်ရေးတွင်လည်း ထိထိရောက်ရောက် အုပ်ချုပ်နိုင်ခြင်းမရှိ၊ စစ်ရေးမျက်နာစာတွင်လည်း နေ့စဉ် စစ်သားများ ထွက်ပြေးနေရသည့် အခြေအနေနှင့် စီးပွားရေးစာမျက်နှာတွင်လည်း ငွေစက္ကူအသစ် ရိုက်ထုတ်ပြီး တိုင်းပြည်အခြေအနေကို ဆိုးသည်ထက်ဆိုးအောင် ပြုလုပ်နေသည်ဟု ပြောကြားသည်။

“အခြေအနေတွေကို ဆိုးသထက်ဆိုးအောင် လုပ်နေတဲ့ စစ်ကောင်စီဟာ အခုဆိုရင် သူ့ရဲ့ လုပ်နေကျ လမ်းဟောင်းကြီးအတိုင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ နာမည်ကို အသုံးချပြီး တော်လှန်ရေးကို အနှောင့်အယှက်ဖြစ်အောင် လုပ်ဖို့ကြိုးစားနေပြန်ပါတယ်။ ဒါပေမယ့် အကြမ်းဖက်စစ်ကောင်စီ သိဖို့လိုအပ်နေတာက ဒီတော်လှန်ရေးဟာ နှစ်ပေါင်းများစွာ တစ်နိုင်ငံလုံးကို နည်းမျိုးစုံနဲ့ ဒုက္ခပေးခဲ့တဲ့ စစ်အာဏာရှင် အပြီးတိုင် အမြစ်ဖြတ်ဖို့ တော်လှန်ရေးအင်အားစုတွေ အားလုံး တညီတညာတည်း ဘုံရည်မှန်းချက်ထားရှိပြီး တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးဖြစ်တယ်ဆိုတာကို သူတို့ကောင်းစွာ သိဖို့လိုပါတယ်” ဟု ၎င်းက ပြောကြားသည်။

ထို့ပြင် တော်လှန်ရေး အပြောင်းအလဲ အခြေအနေများကြောင့် တော်လှန်ရေးအင်အာားစုများ အကြား ပိုမို စုစုစည်းစည်း တွေ့ဆုံဆွေးနွေး၊ တိုင်ပင်ကြကာ စုစည်းလာမှုသည် တော်လှန်ရေးအတွက် အကျိုးများစေသည့်အချက်ဖြစ်ကြောင်း၊ ရှေ့ဆက်ပြီး ခိုင်မာသည့် သန္နိဌာန်နှင့်အတူ ခရီးဆုံးသည်အထိ ညီညီညွတ်ညွတ် ဆက်လက်သွားနိုင်ရန် အရေးအကြီးဆုံးဖြစ်ကြောင်း ၎င်းက ဆိုသည်။

နွေဦးတော်လှန်ရေး အမြန်ဆုံး အဆုံးသတ်နိုင်ရန် အရေးကြီးဆုံးသည် မဟာဗျူဟာကျ ပူးပေါင်းဆောင်ရွက်နိုင်မှုပင်ဖြစ်ကြောင်း၊ ပူးပေါင်းဆောင်ရွက်မည့် အဆင့်အလိုက်၊ ကဏ္ဍလိုက် တစ်ဦးနှင့် တစ်ဦး ယုံကြည်မှု အားကောင်းကောင်းဖြင့် ဆွေးနွေးတိုင်ပင် လုပ်ဆောင်ကြရန် အရေးကြီးသည့် ကာလဖြစ်ကြောင်း၊ တော်လှန်ရေးအင်အားစု အသီးသီး ခေါင်းဆောင်များမှလည်း ဖက်ဒရယ်ဒီမိုကရေစီ ချာတာအရ ရှေ့ဆက်ရမည့် လုပ်ငန်းစဉ်များကို ပူးပေါင်းလုပ်ဆောင်နိုင်ရန် အရေးတကြီး လိုအပ်နေသည်ဟု ပြည်ထောင်စုဝန်ကြီးချုပ်က ဆိုသည်။

ယင်းအပြင် လက်ရှိကာလသည် တော်လှန်ရေး အင်အားစုများအတွက် အလှည့်အပြောင်းများ တဆင့်ပြီးတဆင့် ရင်ခိုင်လာရမည့် အချိန်ဖြစ်သည့်အတွက် တော်လှန်ရေး ဗျူဟာသည် အလွန်အရေးကြီးကြောင်း၊ စစ်ကောင်စီအနေဖြင့် နိုင်ငံရေးအရ လှည့်ကွက်များ မည်မျှလုပ်ဆောင်ပါစေ စုစုစည်းစည်းပါးပါးနပ်နပ်ဖြင့် ကျော်လွှားကာ ပန်းတိုင် အရောက်လှမ်းရမည့် အချိန်ဖြစ်သည်ဟု ပြည်ထောင်စုဝန်ကြီးချုပ်က တိုက်တွန်းပြောကြားသည်။