စစ်ကောင်စီသည် စစ်မြေပြင်ရှုံးနိမ့်မှုကို ဖုံးကွယ်ရန် လူမျိုးရေး အဓိကရုဏ်းဖန်တီးနေဟု ဦးခိုင်သုခ ပြော

Author အဂ္ဂ
Categories
Published on Feb 13, 2024

ရက္ခိုင့်တပ်တော် (AA) နှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားနေသည့် ရခိုင်စစ်မျက်နှာတွင် အကြီးအကျယ်အထိနာနေသော စစ်ကောင်စီသည် ရခိုင် – ဗမာ လူမျိုးရေး အဓိကရုဏ်း ဖြစ်စေရန် ဆက်တိုက်လုပ်ဆောင်နေပြီး ထိုသို့ လုပ်ဆောင်နေခြင်းသည် စစ်မြေပြင်ရှုံးနိမ့်မှုကို ဖုံးကွယ်ရန် လုပ်ဆောင်နေခြင်းသာ ဖြစ်သည်ဟု ရက္ခိုင့်တပ်တော် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက CJ Platform သို့ ပြောကြားသည်။

 

ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ် အပေါက်ဝရွာအနီးတွင် စစ်ကောင်စီ၏ စစ်သင်္ဘောနှစ်စင်းနှင့် ဇက်သင်္ဘောတစ်စင်းကို ရက္ခိုင့်တပ်တော်က ဖေဖော်ဝါရီ (၇) ရက်နှင့် (၈) ရက်တို့တွင်  နှစ်မြုပ်အောင်တိုက်ခိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၆၀၀) ကျော် သေဆုံးခဲ့ရသည့် ဖြစ်စဉ် အပြီးတွင် စစ်ကောင်စီဘက်က ရခိုင် – ဗမာ အဓိကရုဏ်းဖြစ်ပေါ်စေရန် ရည်ရွယ်၍ ရန်ကုန်နှင့် မန္တလေး မြို့များတွင် ရခိုင်လူမျိုးဆန့်ကျင်ရေး ဆန့်ကျင်သည့် စာရွက်များကို လိုက်လံကပ်နေပြီး  စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရန်ချန်နယ်များတွင်လည်း  အဆိုပါ ဓာတ်ပုံများကို ဆက်တိုက် ဖြန့်ဝေလျက်ရှိသည်။

 

“အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီဟာ သူတို့ရဲ့စစ်မြေပြင်မှာရှုံးနိမ့်မှုတွေကို ဖုံးကွယ်ဖို့အတွက် လူမျိုးရေး အဓိကရုဏ်းတွေ  ဖန်တီးဖို့ကြိုးစားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ အကြမ်းဖက် ဖက်ဆစ်စစ်တပ် ဘာလုပ်တယ်ဆိုတာကို ဗမာပြည်သူတွေအားလုံး သဘောပေါက်ပြီးသား ဖြစ်သလို မြန်မာပြည်သူ တရပ်လုံးကလဲ နားလည်ပြီးသား ကိစ္စဖြစ်ပါတယ်။ ဒါကြောင့် အကြမ်းဖက်စစ်ကောင်စီရဲ့ ဒီယုတ်မာအောက်တန်းကျတဲ့ ဒီအကြံအစည်က အောင်မြင်စရာအကြောင်းမရှိပါဘူး။” ဟု ရက္ခိုင့်တပ်တော် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက CJ Platform သို့ ပြောသည်။

 

ရခိုင်ပြည်တွင် ၁၀၂၇ စစ်ဆင်ရေးစတင်ကြောင်း ကြေညာခဲ့သည့် ယမန်နှစ် နိုဝင်ဘာ (၁၃) ရက်နေ့စတင်၍ ရခိုင်ပြည်အနှံ့အပြားရှိ စစ်ကောင်စီတပ်စခန်းများကို ရက္ခိုင့်တပ်တော်က ဝင်ရောက်တိုက်ခိုက်ရာမှ အစပြုခဲ့သည့် တကျော့ပြန်စစ်ပွဲအတွင်း စစ်ကောင်စီသည် နေ့စဉ်လိုလိုအထိနာကာ စခန်းများစွာ လက်လွှတ်ခဲ့ရပြီးနောက် ရခိုင် – ဗမာ  အဓိကရုဏ်းဖြစ်စေရန် အလေးထား ဆောင်ရွက်လာခြင်းလည်း ဖြစ်သည်။

 

ထိုရေကြောင်းတိုက်ပွဲအပြီးတွင်လည်း စစ်ကောင်စီလော်လီချန်နယ်များတွင် သင်္ဘောပေါ်မှ ထွက်ပြေး၍ ရေဆင်းကူးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များနှင့် ကလေးသူငယ်များကို အနီးနားရှိ ရွာမှ ဒေသခံများက ဓားများဖြင့် ခုတ်သတ်သည်ဟူသော စာများကို (၂၀၀၈) နာဂစ်တွင် သေဆုံးခဲ့ရသည့် ကလေးသူငယ် ရုပ်အလောင်းဓာတ်ပုံများနှင့်တွဲကာ သတင်းမှားများကိုလည်း ဆက်တိုက် ဖြန့်ဝေလျက်ရှိသည်။

 

ဖေဖေါ်ဝါရီ ၁၂ရက်နေ့မှ စတင်ကာ မန္တလေးနှင့် ရန်ကုန်မြို့ရှိ ဈေးကြီးများအတွင်းနှင့် လူစည်ကားရာနေရာများတွင် ရခိုင်လူမျိုးပိုင်ဆိုင်များတွင် ဈေးမဝယ်ရန် စာရွက်များကပ်ခြင်း၊ ရခိုင်လူမျိုးကို ဆန့်ကျင်လှုံဆော်ရေး စာများကပ်ခြင်းများကို ပေါ်ပေါ်တင်တင် လုပ်ဆောင်လာလျက်ရှိသည်ကို စစ်ကောင်စီလော်ဘီချန်နယ်များတွင် မျှဝေထားသည့်ပုံများအရ သိရသည်။

 

“ရှမ်းမြောက်နဲ့ ရခိုင်ပြည်မှာ အကြီးအကျယ်စစ်ရှုံးနေတဲ့ အခါမှာ သူတို့(စစ်တပ်) ရဲ့ လုပ်ရိုးလုပ်စဉ်အတိုင်း လူမျိုးရေး အဓိကရုဏ်းတွေ ဖန်တီးမယ်၊ ဘာသာရေး အဓိကရုဏ်းတွေ ဖန်တီးမယ်ပေါ့နော်၊ ဒါမျိုးတွေကို လုပ်ဆောင်ဖို့အတွက် သူတို့ရဲ့အောက်ဆွဲတွေဖြစ်တဲ့ မဘသ(ဘာသာရေးအစွန်းရောက်များ)တို့၊ ကြံ့ဖွတ်တို့၊ မျိုးချစ်တို့ကနေပြီးတော့ လူမျိုးရေး အဓိကရုဏ်း၊ ဘာသာရေး အဓိကရုဏ်းတွေဖြစ်အောင် လုပ်နေတာပေါ့နော်၊ ” ဟုလည်း အခြေခံပညာ ပညာရေးလုပ်သားများ သမဂ္ဂ တိုက်ပွဲဦးဆောင်ကော်မတီ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဆရာမိုးသွေးညိုက သုံးသပ်ပြောဆိုသည်။

 

လက်ရှိတွင် ရခိုင် – ဗမာ လူမျိုးရေး အဓိကရုဏ်းဖြစ်စေရန် သွေးထိုးလှုံဆော်နေသည်ကို မြင်တွေ့နေရပြီး ပြည်သူအများစုသည် စစ်ကောင်စီ၏ သွေးထိုးလှုံ့ဆော်မှုများဖြစ်သည်ဟု သိရှိကြသော်လည်း သတင်းအချက်အလက် ပြည့်စုံစွာ မရရှိသည့် ပြည်သူအချို့မှာ ဘာသာရေးမှိုင်း၊ လူမျိုးရေးမှိုင်းမိနေသည့် သူများစွာ ရှိနေသေးသည့်အတွက် နိုင်ငံရေးအအဖွဲ့အစည်းများ သာမက အခြေအနေကို သေချာသိရှိသည့် တစ်ဦးတစ်ယောက်ချင်း အနေဖြင့်လည်း ပြည်သူလူထုကို သိသင့်သိထိုက်သည့်  အသိပညာပေးခြင်းများ၊ သတင်းတု သတင်းမှားများကို ဖော်ထုတ်ကာ ဝေမျှခြင်းများ လုပ်ဆောင်၍ လူမျိုးရေး အဓိကရုဏ်းများ ဖြစ်ပေါ်မလာစေရန်  ဟန့်တားခြင်းများ လုပ်ဆောင်သင့်သည်ဟု မြင်ကြောင်း ဆရာမိုးသွေးညိုက မှတ်ချက်ပြုသည်။

 

ယမန်နေ့ ဖေဖေါ်ဝါရီ ၁၂ရက်နေ့က မန္တလေးမြို့ရှိ ဈေးများတွင် ဖွင့်လှစ်ထားသော ရခိုင်လူမျိုးပိုင် ဆိုင်အချို့ကို ပိတ်သိမ်းခိုင်းသည်များ၊ ထိုဆိုင်များတွင် ဈေးမဝယ်ရန် စာကပ်ခြင်းများ၊ ရခိုင်လူမျိုး မုန်းတီးရေး စာရွက်များအား အမည်မသိ အဖွဲ့များမှ လိုက်လံကပ်လျက်ရှိသည်ကို မန္တလေးမြို့ ဒေသခံ အသက် (၄၅) နှစ်အရွယ် အမျိုးသမီးတစ်ဦးကလည်း  အတည်ပြုသည်။

 

“စခ(စစ်ကောင်စီ)တွေ စာကပ်တာလေ၊ ဈေးတွေမှာ လိုက်ကပ်နေတာ၊ အခုက ရခိုင်နဲ့ ဗမာ စစ်ဖြစ်နေတာမှ မဟုတ်တာ၊ အမုန်းတိုက် သွေးခွဲနေလည်း အန်တီကတော့ မလုပ်နိုင်ပါဘူး၊ မကျေနပ်တာက စခကိုလေ၊ ရခိုင်ကိုမှ မဟုတ်တာ၊ လှည့်ကွက်ထဲဝင်ရအောင် အန်တီတို့က ရူးနေတာလည်း မဟုတ်ဘူး၊ ကျန်တဲ့ သူတွေလည်း အတူတူပဲလို့ ယုံကြည်တယ်” ဟု အဆိုပါအမျိုးသမီးက CJ Platform သို့ ပြောသည်။

 

လက်ရှိတွင် ကျောက်တော်မြို့အနီး ရေကြောင်းတိုက်ပွဲတွင် စစ်ကောင်စီ၏  စစ်သင်္ဘောများ နှစ်မြုပ်ပြီးကတည်းက စစ်ကောင်စီ၏ ဝါဒဖြန့်ချန်နယ်များနှင့် ရန်ကုန် ၊ မန္တလေးစသော မြို့ကြီးများတွင် ရခိုင် -ဗမာ လူမျိုးရေး အဓိကရုဏ်းဖြစ်စေရန် စစ်ကောင်စီ ထောက်ခံသူများမှ လှုံဆော်သွေးထိုးမှုများ ဆက်တိုက်လုပ်ဆောင်နေသည်ကို တွေ့မြင်နေရပြီး စစ်ကောင်စီထောက်ခံသူများနှင့် ဘာသာရေးအစွန်းရောက်များမှစတင်ကာ အဓိကရုဏ်းအား ဖန်တီးမည်ကိုလည်း ပြည်သူများ စိုးရိမ်နေကြရသည်။

 

ဓာတ်ပုံ – pro-SCA