စစ်ကောင်စီမှ ကျေးရွာများအား လက်နက်ကြီးဖြင့်ပစ်ရန် ချိန်ရွယ်ထားသည့် ပစ်မှတ်အမှတ်အသားများအား တွေ့ရှိ

Author လဂွန်းအိမ်
Categories
Published on Dec 03, 2023

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်တွင် ကျေးရွာများအား လက်နက်ကြီးဖြင့်ပစ်ခတ်ရန် ချိန်ရွယ်ထားသည့် ပစ်မှတ်များအား စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာထွက်ပြေးသွားချိန်တွင် တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မြောက်ဦးမြို့နယ်ရှိ တိန်ညိုရဲစခန်းတွင် စစ်ကောင်စီမှ လက်နက်ကြီးများဖြင့် အထိုင်ချကာ ကျေးရွာများအား ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်နိုင်ရန် တိုင်းတာချိန်ရွယ်ထားသည့် ဆိုင်းဘုတ်များအား လက်နက်ကြီး အထိုင်ချရာနေရာတွင် စိုက်ထူထားခဲ့ကြောင်း သိရသည်။

တိန်ညိုစခန်းရှိ စိုက်ထူထားသော ဆိုင်းဘုတ်များတွင် ၎င်းတို့အထိုင်ချနေရာမှ တိန်ညို၊ သပြေကန်၊ ပညာသည်၊ ရွှေကျင်ပြင်၊ တင်းထိန်ကန်၊ ပြိုင်းတောင်၊ လိပ်ဆင်းပြင်၊ အောက်သားကန်၊ အိုးထိမ်း စသည့်ကျေးရွာများအား ဒီဂရီ၊ မီတာ၊ ယမ်းအား စသည့် တိုင်းတာထားသော အမှတ်အသားများပါ ပစ်မှတ်လမ်းညွှန် ဆိုင်းဘုတ်များအား စိုက်ထူထားခြင်းဖြစ်ပြီး ရက္ခိုင့်တပ်တော်AAနှင့် တစ်ကြော့ပြန် တိုက်ပွဲများအတွင်း နိုဝင်ဘာလ ၁၅ ရက်နေ့တွင် စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာထွက်ပြေးပြီးနောက် တွေ့ရှိရခြင်းဖြစ်ကြောင်း သိရှိရသည်။

ရခိုင်လူ့အခွင့်အရေးလှုပ်ရှားသူများမှ စစ်ကောင်စီသည် အများပြည်သူနေထိုင်ရာ ရပ်ကွက်၊ ကျေးရွာ၊ မြို့များအား လက်နက်ကြီးဖြင့် ရခိုင်ပြည်သူလူထုကို အဓိကပစ်မှတ်ထားပြီး ရည်ရွယ်ချက်ရှိရှိဖြင့် တမင်တကာ ရမ်းကား ပစ်ခတ်နေခြင်းဖြစ်ပြီး စစ်ရာဇဝတ်မှုကို ပေါ်ပေါ်ထင်ထင် ကျူးလွန်နေခြင်းဖြစ်သည် ထောက်ပြ ပြောဆိုကြသည်။

 

ဓာတ်ပုံ – Arakan Princess Media