စစ်ကောင်စီဗျူဟာကုန်းတွဲဖက်စခန်း ၄ ခုကို MNDAA သိမ်းပိုက်

Author ကိုထားဝယ်
Categories
Published on Nov 11, 2023

၁၀၂၇ စစ်ဆင်ရေး ၁၆ ရက်မြောက်နေ့တွင် ရှမ်းမြောက်ရှိ ရှီယွင်ကြည်ရွာအနီးရှိ စစ်ကောင်စီဗျူဟာကုန်း၏ တွဲဖက်စခန်း ၄ ခုကို သိမ်းပိုက်ရရှိခဲ့ကြောင်း ကိုးကန့်တပ် MNDAA က ထုတ်ပြန်သည်။

 

ယနေ့နံနက် ၈ နာရီ ၁၀ မိနစ်ခန့်တွင် ကိုးကန့်(MNDAA)သည် ရှီယွင်ကြည်ရွာအနီး ဟဲ့ဟုတ်တောင်ရှိ (၁၂၈)ဗျူဟာကုန်း၏ တွဲဖက်စခန်း(၄)ခုကို တိုက်ခိုက်သိမ်းယူခဲ့ပြီး ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီအဖွဲ့ဝင် (၂)ဦးဖမ်းဆီးမိခဲ့သည့်အပြင် လက်နက်ခဲယမ်းအချို့သိမ်းဆည်းရရှိခဲ့ကြောင်း ကိုးကန့်တပ်၏ ထုတ်ပြန်ချက်အရ သိရသည်။

 

ထို့ပြင် ယနေ့နံနက် ၂ နာရီ ၂၃ မိနစ်နှင့် ၅၈ မိနစ်ခန့်တို့တွင်လည်း လားရှိုးအမှတ်(၂)ရဲစခန်းနှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တို့ကို အမြောက်ဖြင့်ပစ်ခတ်ခဲ့ကြောင်း၊ စစ်ကောင်စီ၏ (၄၁)ဗျူဟာကုန်းကိုလည်း တစ်ချိန်တည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထို့ကြောင့် ကိုးကန့်(MNDAA)နှင့် ရက္ခိုင်(AA)တို့မှ စစ်ကောင်စီ၏တပ်စခန်း စုစုပေါင်း(၁၃၆)ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးဖြစ်ကြောင်း MNDAA ထုတ်ပြန်ချက်က ဆိုသည်။

 

ညီနောင်သုံးဖွဲ့သည် ၁၀၂၇ စစ်ဆင်ရေးအတွင်း ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ကြူကုတ်(ပန်ဆိုင်း)၊ သိန္နီနှင့် ကွမ်းလုံ၊ မုံးကိုး၊ နမ့်ခမ်း  မြို့ ၇ မြို့ကို သိမ်းယူနိုင်ခဲ့သည့်အပြင် စစ်ကောင်စီ စခန်း ကြီး၊ ငယ် စုစုပေါင်း ၁၆၀ ကျော် သိမ်းပိုက်ချေမှုန်းနိုင်ခဲ့ပြီဖြစ်ကြောင်း ညီနောင်သုံးဖွဲ့ထုတ်ပြန်ချက်များအရ သိရသည်။