စစ်ကောင်စီတပ်မှ မန်ကျီးစမ်းကျေးရွာကို မီးရှို့ဖျက်ဆီးပြီးနောက် ကျေးရွာရေတွင်းကိုပါ အဆိပ်ခပ်ထားခဲ့ဟုဆို

Published on Mar 16, 2024

ပဲခူးတိုင်း အနောက်ခြမ်း ပေါင်းတည်မြို့နယ် မန်ကျီးစမ်းကျေးရွာကို စစ်ကောင်စီတပ်မှ မတ်လ ၁၄ရက်နေ့ နံနက် ၆နာရီတွင် စစ်ကြောင်းထိုးဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ကျေးရွာရှိ သောက်သုံးရေတွင်းကိုပါ အဆိပ်ခပ်သွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

 

” ရေတွင်းထဲက ဖားတွေငါးတွေသေနေတာ အဆိပ်ခတ်သွားတာပေါ့ နတ်ရေတွင်းက နွားသုံးကောင်ခိုးယူပြီး ပေါက်ခေါင်းနွားဈေးမှာ ရောင်းစားပြီး တစ်ကောင်ကိုတော့ နတ်ရေတွင်းရွာအလယ်မှာ သတ်စားလိုက်တယ်” ဟု ဒေသခံ အမျိုးသားတစ်ဦးမှ ပြောသည်။

 

မန်ကျီးစမ်းကျေးရွာကို မီးရှို့ပြီးနောက် ထွက်ခွာလာသည့် စစ်ကြောင်းကို ၃၆၀၁ PPDFတပ်ရင်း တပ်ခွဲ(၁)မှ နတ်ရေတွင်းကျေးရွာအနီးရှိ ဗိုလ်ရုံတောင်ကြောတန်းတွင် ညနေ ၄နာရီခန့်တွင် တစ်ကြိမ် ညနေ ၆နာရီခန့်တွင် တစ်‌ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံး၍ သုံးဦးဒဏ်ရာရရှိသွားကြောင်း ၃၆၀၁ PPDFတပ်ရင်း တပ်ခွဲ(၁)မှ သိရသည်။

 

” မီးရှိူ့တဲ့စစ်ကြောင်းကို ပစ်ခတ်မိုင်းဆွဲခဲ့တာပါ အိမ်ခြေဘယ်လောက် ဆုံးရှူံးလဲတော့ နယ်မြေမရှင်းလင်းရသေးတော့ မသိသေးဘူး” ဟု ၃၆၀၁ PPDFတပ်ရင်း တပ်ခွဲ(၁) တာဝန်ခံက ပြောသည်။

 

စစ်ကောင်စီတပ်သည် ၎င်းတို့ လက်လွှတ်ဆုံးရှုံးလိုက်ရသည့် စစ်စခန်းများရှိ စားနပ်ရိက္ခာများအား အဆိပ်ခပ်ကာ ထားရှိခဲ့ကြောင်း သတင်းများထွက်ပေါ်နေမှုများလည်း ရှိနေသည်။

 

ဓာတ်ပုံ – ပေးပို့

 

ပုံစာညွှန်း – စစ်ကောင်စီတပ်မှ အဆိပ်ခပ်သွားခဲ့သည်ဟုဆိုသော သောက်သုံးရေတွင်းအား မြင်ရပုံ