စစ်ကိုင်းတွင် ပေါက်ကွဲမှုဖြစ်ပြီး နှစ်ဦး ဒဏ်ရာရ

Author မင်းထက်
Categories
Published on Oct 24, 2023

စစ်ကိုင်းမြို့၊ ဒါးဝယ်ဈေးရပ်ကွက် နေအိမ်တစ်အလုံးရှေ့တွင် ချထားခြင်းသည့် ပန်းခြင်းမှပေါက်ကွဲမှုဖြစ်ပွား၍ ဇနီးမောင်နှံ ၂ ဦးဒဏ်ရာရခဲ့ရာတွင် တစ်ဦးဒဏ်ရာပြင်းထန်ကြောင်း ယင်းဒေသခံများထံမှ သိရသည်။

ယမန်နေ့ အောက်တိုဘာလ ၂၃ ရက် နေ့လယ် ၂ နာရီခန့်က ဒါးဝယ်ဈေးရပ်ကွက်တွင်နေထိုင်သော အသက် ၅၀ ဝန်းကျင် လင်မယား ၂ ဦးသည် မြို့ထဲမှ နေအိမ်သို့ ပြန်လာချိန်တွင် ၎င်းတို့
နေအိမ်ရှေ့တွင် ချထားသော ပန်းခြင်းကို သွားရောက်ဖယ်ရှားခဲ့ရာမှ ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

“ဖြစ်စဉ်ရှိခဲ့တာ မှန်ပါတယ်။ ဘယ်ဘက်ကလုပ်တယ်ဆိုတာ မျိုးတော့မသိရပါဘူး” ဟု စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာ၀န်ရှိသူတစ်ဦးက CJ Platform သို့ ပြောသည်။

ယင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ နှစ်ဦးတွင် အမျိုးသမီးသည် ခြေထောက်ပြတ်ပြီး ဒဏ်ရာစိုးရိမ်ရကြောင်း သိရသည်။

ယခုပေါက်ကွဲမှုဖြစ်ဉ်နှင့်ပတ်သက်၍ စစ်ကောင်စီလော်ဘီ တယ်လီဂရန်ချန်နယ်များတွင် ၎င်းတို့ဇနီးမောင်နှံမှာ ကျောက်အရောင်း၀ယ်လုပ်ကိုင်နေကြသူများ​ဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ဦးထွန်းနိုင်ဝင်းမှာ ယာပါးမှ ခြေထောက်အထိ တစ်ခြမ်းလုံး ပွန်းပဲ့ပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့သလို ဒေါ်ဥမ္မာထွေးမှာလည်း မျက်နှာပေါက်ပြဲ၊ ယာလက်ချောင်းကြေမွ၊ ယာခြေထောက် ပေါင်မှပြတ်ထွက်၊ ဝဲခြေထောက် ခြေသလုံးမှ ကြေမွဒဏ်ရာ (စိုးရိမ်ရ)များ အသီးသီးရရှိခဲ့ကြောင်း ဖော်ပြထားကြသည်။