စက်သုံးဆီ ဈေးနှုန်းများ ဆက်တိုက် မြင့်တက်နေမှုကြောင့် ယာဥ်အသုံးပြုသူများ အခက်တွေ့

Published on Aug 26, 2022

🖋နီနီ

ပြည်တွင်း စက်သုံးဆီ ဈေးနှုန်းများမှာ ဆက်တိုက်မြင့်တက်လာပြီး အကျအရိပ်အယောင်ခဏသာရှိခဲ့ကာ ယနေ့မှာတော့ အောက်တိန်း ၉၅ တစ်လီတာကို  ၂၅၇၀ ကျပ်၊ ပရီမီယမ် ဒီဇယ်တစ်လီတာကို ၃၃၀၅ ကျပ် စသည့်ဖြင့် စျေးနှုန်းများမြင့်တက်လျက်ရှိကြောင်း သိရသည်။ 

ထိုကဲ့သို့ဈေးနှုန်းများဆက်တိုက်မြင့်တက်နေမှုကြောင့် အငှားယာဥ်မောင်းများ၊ အိမ်စီးယာဥ်များ၊ Delivery ယာဥ်များ၊ အဝေးပြေးခရီးသည်ပို့ဆောင်ရေးယာဥ်များ၊ မြို့တွင်းခရီးသည်ပို့ဆောင်ရေးယာဥ်အချို့နှင့် ကုန်တင်ယာဥ်များသည်ပင် အခက်အခဲမျိုးစုံနှင့် ရင်ဆိုင်နေရကြောင်းသိရသည်။ 

” ဆီဈေးက ကျလဲ ခဏပဲ ပြန်တက်တာပဲ၊ အဲ့ထက်ဆိုးတာက ဆီ ခဏခဏပြတ်တာ ကျွန်တော်ဆို ၉၅ ထည့်တာ တစ်ခါတလေ မရှိရင် မြို့ပတ်ရှာရတယ်၊ အခုဆိုလည်း ဈေးက ၂၅၀၀ ကျော်နေပြီ၊ တစ်နေ့လုံး ဆီက ၃သောင်းကျော်လောက်ထည့်နေရတယ် အုံနာခနဲ့ ကားငှားခတွေ ဈေးတက်တော့ လာတွေက အရေးပေါ်လောက်ပဲ စီးကြတော့တာလေ၊ အရင်းဆိုက်ပြီး အရင်းရအောင် မနည်းရှာနေရသလိုပါပဲ ” ဟု အငှားယာဥ်မောင်းတစ်ဦးကပြောသည်။ 

ယနေ့ သြဂုတ် ၂၆ ရက်၏စက်သုံးဆီ ဈေးနှုန်းများမှာ အောက်တိန်း ၉၂ တစ်လီတာကို  ၂၄၉၅ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာကို ၂၅၇၀ ကျပ်၊ ဒီဇယ် တစ်လီတာကို ၃၂၂၅ ကျပ်၊ ပရီမီယမ် ဒီဇယ် တစ်လီတာကို ၃၃၀၅ ကျပ် ဖြစ်ကြောင်း Max ဆီဆိုင်၏ နေ့စဉ် ထုတ်ပြန်သည့် စာရင်းအရသိရသည်။ 

လက်ရှိအခြေအနေတွင် စက်သုံးဆီဈေးနှုန်းများ အဆမတန်မြင့်တက်လာခြင်းကြောင့် စက်သုံးဆီကိုအထူးပြုကာ အသုံးပြုနေရသည့် လုပ်ငန်းများ အခက်အခဲ‌များနှင့် ရင်ဆိုင်လာရပြီး အချို့သော အဝေးပြေးယာဥ်လိုင်းများနှင့် ကုန်တင်ယာဥ်များ မှာ လုပ်ငန်းရပ်နားရသည်အထိ ဖြစ်လာကြောင်း သိရသည်။

“အဝေးပြေးခရီးသွားက အရင်လောက်မရဘူးလေ ကားတစ်စီးလုံးပြည့်ဖို့ဆိုတာဝေးတယ်၊ စနေ တနင်္ဂလို ပိတ်ရက်လေးတွေတော့ လူများတာပေါ့လေ ဒါပေမယ့် ရေရှည်တောင့်မခံ နိုင်ဘူးဗျ၊ အခု ကုန်လည်းမတင်ရတော့ လူ ၁၀ ယောက်လောက်နဲ့ သွားနေရတော့ အကိုက်တော့ဘူးလေ ၊ လုံးဝနားသွားတဲ့ ယာဥ်လိုင်းတွေရှိတယ် လိုင်းကြီးတွေလည်း ထပ်နားကြတော့လိမ့်မယ် မကြာခင်”ဟု အဝေးပြေးခရီးသည်တင်ယာဥ်မောင်းတစ်ဦးကပြောသည်။ 

ပြည်တွင်း ‌စက်သုံးဆီဈေးနှုန်းများ မြင့်တက်နေခြင်းကိုသက်ဆိုင်ရာဌာနများက ထိန်းချုပ်နိုင်ခြင်းမရှိသည့် အပြင် ၎င်းတို့၏ ရည်ညွှန်းကိန်းများ၌ပင် စက်သုံးဆီဈေး မြင့်တက်နေရခြင်းဖြစ်ပေသည်။ ဒါ့အပြင် ဒေါ်လာဈေးမြင့်တက်နေခြင်း၊နိုင်ငံတကာ မှ စက်သုံးဆီနှင့် ရေနံစိမ်းဈေးနှုန်းများ ဆက်တိုက်မြင့်တက်လျက်ရှိနေခြင်းကြောင့်လည်း ယခုလိုပြည်တွင်း၌ စက်သုံးဆီဈေးများဆက်လက်မြင့်တက်နေရခြင်းဖြစ်ကြောင်း စက်သုံးဆီဈေးကွက်အား စောင့်ကြည့်လေ့လာသူများက ဆိုကြသည်။ 

နီနီ