စက်တင်ဘာ ၁၃ရက်မှ ၁၈ရက်အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းမှတင်၍အနောက်တောင်မုတ်သုံလေဆုတ်ခွာနိုင်

Published on Aug 30, 2022

စက်တင်ဘာ ၁၃ရက်မှ ၁၈ရက်အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသမှစတင်၍ အနောက်တောင်မုတ်သုံလေဆုတ်ခွာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ မိုးနှောင်းကာလဇလဗေဒခန့်မှန်းချက်အရသိရသည်။

အနောက်တောင်မုတ်သုံလေသည် စက်တင် ဘာ ၁၃ရက်မှ ၁၈ရက်အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းမှလည်းကောင်း ၁၉ရက်မှ၂၄ရက်အတွင်း အလယ်ပိုင်းဒေသများမှလည်းကောင်း ၂၅ရက်မှ ၃၀ရက်အတွင်း မြစ်ဝကျွန်းပေါ်ဒေသမှလည်းကောင်း အောက်တိုဘာ ၁ရက်မှ ၇ရက်အတွင်း မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှ ဆုတ်ခွာနိုင်ကြောင်း မိုးဇလကခန့်မှန်းထားသည်။

မိုးနှောင်းကာလသည် စက်တင်ဘာ ၁ရက်နေ့မှစပြီး မြန်မာတစ်နိုင်ငံလုံးမှ မုတ်သုံလေဆုတ်ခွာသွားသည့်နေ့ကို မိုးနှောင်းကာလအဖြစ်သတ်မှတ်သည်။

မိုးနှောင်းကာလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်၀န်း(၄)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ (၂)ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကာ အနောက်တောင်မုတ်သုံလေသည် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် အားအနည်းငယ်မှ အားအသင့်အတင့် ရှိနိုင် သည်။

ထို့ပြင် ယင်းကာလအတွင်း တနင်္သာရီတိုင်းဒေသကြီးတွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊  ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ရွာသွန်းမြဲအောက်လျော့နည်းနိုင်ကာ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်းသိရသည်။

မိုးနှောင်းကာလတွင် သတိပြုရမည့်အချက်သည် စက်တင်ဘာနှင့်အောက်တိုဘာလများ၍ ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်ပေါ်က မြန်မာနိုင်ငံသို့ဝင်ရောက်နိုင်သည့်အ​ခြေအနေကိုသတိပြုရမည်ဖြစ်သည်။