ငလျင်ဒဏ်သင့်ပြည်သူတွေကိုကူညီနိုင်ဖို့ လက်မှတ်ထိုးထားတဲ့ဂျာစီတွေလှူဒါန်းပေးခဲ့ကြတဲ့ ရော်နယ်ဒိုနဲ့ ဘိုနုချီ

Author မောင်ရှမ်း
Categories
Published on Feb 08, 2023

တူရကီနိုင်ငံတောင်ပိုင်းနဲ့ ဆီးရီးယားနိုင်ငံမြောက်ပိုင်းတို့ ပြီးခဲ့တဲ့တနင်္လာနေ့က အင်အားပြင်းငလျင်လှုပ်ခတ်သွားခဲ့ပြီးနောက်မှာတော့ သေဆုံးသူဦးရေ ၁၀၀၀၀ လောက်အထိ ရှိလာနိုင်တယ်လို့ နိုင်ငံတကာသတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

တူရကီအစိုးရကတော့ အရေးပေါ်ကယ်ဆယ်ရေးဝန်ထမ်းပေါင်း ၂၄၀၀၀ ကျော်နဲ့ အပျက်အစီးတွေကြားထဲကနေ ပိတ်မိနေဆဲပြည်သူတွေကို အခုချိန်ထိ ကယ်ထုတ်နေရဆဲဖြစ်ပြီး အေးခဲနေတဲ့ ရာသီဥတုအခြေအနေတွေကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ နှောင့်နှေးမှုတွေ ရှိလာမှာကိုလည်း စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။

တူရကီအစိုးရက နိုင်ငံတကာကို အကူအညီတောင်းခံခဲ့ပြီးနောက်မှာတော့ ဗြိတိန်နဲ့ ပြင်သစ်အပါအဝင် အင်အားကြီးနိုင်ငံတွေကလည်း အကူအညီတွေပေးဖို့ ကတိပြုခဲ့ကြပါတယ်။

အခုတော့ မန်ယူကစားသမားဟောင်းရော်နယ်ဒိုနဲ့ ဂျူဗင်တပ်စ်နောက်ခံလူ ဘိုနုချီတို့ဟာ သူတို့နဲ့အတူ ဂျူဗင်တပ်စ်မှာ တွဲဖက်ကစားဖူးတဲ့ တူရကီဘောလုံးသမား ဒီမီရယ်လ်နဲ့ချိတ်ဆက်ကာ ငလျင်ဒဏ်သင့်ပြည်သူတွေကို ကူညီဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဒီမီရယ်လ်က သူ့ရဲ့ တွစ်တာအကောင့်ကနေ ရော်နယ်ဒို၊ ဘိုနုချီတို့နဲ့ စကားပြောဖြစ်ခဲ့ပြီး သူတို့လက်မှတ်ရေးထိုးထားတဲ့ ဂျာစီတွေကို လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါဂျာစီတွေကို လေလံတင်ရောင်းချသွားမှာဖြစ်ပြီး ရရှိလာတဲ့ငွေတွေကို ငလျင်ဘေးဒဏ်သင့်ပြည်သူတွေအတွက် ပေးလှူသွားမှာလို့ သိရှိရပါတယ်။