ချောင်းဦးတွင် ရဲဘော်လေးဦးကို စစ်ကောင်စီ အင်အား ၃၀ ခန့်ဖြင့် လာရောက်ပစ်ခတ်သတ်ဖြတ်၍ ကျဆုံး
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးကားလမ်းပိုင်းတွင် အလှူငွေကောက်နေသော ကာကွယ်ရေးအဖွဲ့တစ်ခုမှ ရဲဘော်များကို စစ်ကောင်စီ တပ်သားများ လာရောက် ပစ်ခတ်တိုက်ခိုက်ခြင်းခံရသည့်အတွက် လေးဦးကျဆုံးကြောင်း ယင်းဒေသခံများထံမှ သိရသည်။
ယမန်နေ့ မတ်လ ၇ ရက်၊ ညနေ ၄ နာရီခန့်က ချောင်းဦးမြို့နယ်၊ ငယှန်ကျေးရွာအနီး မုံရွာ-မန္တလေးကားလမ်းတွင် အလှူငွေကောက်နေသော ရဲဘော်များရှိရာနေရာသို့ အိမ်စီးကားများဖြင့် အသွင်ယူလာသည့် စစ်ကောင်စီအင်အား ၃၀ ကျော်က နှစ်ဖက်ညှပ်တိုက်ခဲ့ခြင်းဖြစ်သည်။
“လမ်းပိုင်းမှာ အလှူငွေကောက်နေတာကြာပြီ။ သူတို့က အမြဲပုံမှန်လိုရှိနေတော့ ဟိုဘက်ကလည်း ချောင်းနေတာကြာပြီ။ ဒါလည်း သူတို့သိတယ်။ ခုဟာက ဘယ်လိုဖြစ်သွားလဲ မသိဘူး။ နတ်ရေကန်ဘက်ကလည်း လာတယ်။ အသွင်ယူပြီး အလစ်ဝင် ညှပ်ပြီး တိုက်ခိုက်ခံရတာ။ ပစ်ခံရတဲ့ တပ်ရင်းတပ်ဖွဲ့ကတော့ LPDF လို့လည်းပြောတယ်။ ပလဖလည်း ကြားတယ်။ ပကဖလား။ အဲဒီထဲက တစ်ခုခုပဲ။ ဒါတော့ သူတို့ သုံးခုထဲက တစ်ခုခုပဲ” ဟု ဒေသတွင်း တော်လှန်ရေးအဖွဲ့များနှင့်နီးစပ်သူ ဒေသခံတစ်ဦးက ပြောသည်။
သေဆုံးသွားသော အဖွဲ့ဝင်လူငယ်များ၏ အလောင်းများသည် ယနေ့ မတ်လ ၈ ရက် နံနက် ၁၀ နာရီခန့်အထိ ပစ်ခတ်ခံရတဲ့နေရာမှာသာ ရှိနေသေးကြောင်း သိရသည်။
ထိုရဲဘော်များသည် ချောင်းဦးမြို့နယ်က မည်သည့်တော်လှန်ရေးတပ်အဖွဲ့ဝင်များဖြစ်ကြောင်း CJ Platform မှ သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။
စစ်ကောင်စီလော်ဘီတယ်လီဂရမ်ချန်နယ်များတွင် ချောင်းဦးမြို့နယ်၊ ငယှန်ကျေးရွာအနီးတွင် PDF များ ဆက်ကြေးကောက်ခံနေသည်ဟု သတင်းရရှိသောကြောင့် ဖြစ်စဉ်နေရာသို့ သွားရောက်ရာ PDF များနှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း PDF ၄ ဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ အပြန်အလှန်ပစ်ခတ်မှုအပြီးတွင် PDF အလောင်း (၄) ခု၊ အမ်-၂၂ သေနတ်(၄)လက်၊ အမ်-၂၂ ကျည်အိမ် ၂ ခု၊ အမ်- ၂၂ ကျည်အိမ် ၈ တောင့်တို့ကို သိမ်းဆည်းရရှိခဲ့သည်ဟူ၍ ရေးသားမျှဝေထားသည်။
ဓာတ်ပုံ – စစ်ကောင်စီတယ်လီဂရမ်ချန်နယ်
ပုံစာညွှန်း – ပစ်သတ်ခြင်းခံခဲ့ရသော ရဲဘော်လေးဦး