ချစ်သူခင်သူတစ်ယောက်အကြောင်း

Author မင်းဘုဏ်းလူ (၅၀၅)
Categories
Published on Sep 18, 2022

ကျနော်နှင့်အသက်လဲသိပ်မကွာ ဝါသနာ(ပွတ်ကြ ရိုက်ကြတာပါ)လဲတူ ဘီယာကြိုက်တာလဲတူတဲ့ လေးစားရ ချစ်ရခင်ရသော သူနှင့်သူ၏ချစ်လှစွာ‌သော ကြင်သူသက်ထား အကြောင်း ပြောပြချင်ပါတယ်။

သူနဲ့ကျနော် စတင်တွေ့ဆုံသိကျွမ်းခွင့်ရခဲ့တာ၂၀၁၄ခုရဲ့‌ နေ့ရက်များမှာ‌ပေါ့။ သူနှင့်ကျနော်က အသက်ကွာလှ ၂နှစ်ပါပဲ။ သူကATEO ကိုယ်က ထွေသင်။ရာထူးကွာသည်။သို့‌သော်ညီရင်းအကိုပမာ ဆက်ဆံတက်သည်။မာန်မရှိ ဟန်မရှိ ရိုးရိုးသားဖြတ်သန်းသည် ။ကြုံတွေ့ဖူးသောအရာရှိများလို မိန်းမ မရှုပ် ဝါသနာအရတော့ ရံဖန်ရံခါ ပိုကာဆွဲတတ်သည်။ခုတော့ မိန်းမလစ်ရင်လစ်သလို ဘီယာခိုးသောက်နေတတ်ပြီဟု သိရသည်။

ကျနော့်တာဝန်ကျတဲ့ရွာ စာပေဟောပြောပွဲ သူလာစဉ်က အဖြစ်အပျက်လေးတစ်ခုကို သတိရမိသည်။ ဒီအရက်တွေ ဘီယာ‌တွေ ငါမသောက်ချင်ဘူး ကိုဘုန်းရာ ထန်းရည်ပဲသောက်မယ်။ ဘာပြောကောင်းမလဲ ဧည့်ဝတ်ကျေပွန်ချင်သောကျနော်ထန်းရည် လေးဂါလံတစ်ပုံး ကြွေးဝယ်တိုက်လိုက်တာ နောက်ရက် ဝမ်းတွေသွားပါရောလား။ ငဘုန်းပေးတဲ့ ဒုက္ခတွေဆိုတာပြောစမှတ်ဖြစ်။ အမြဲပြုံးနေတတ်တဲ့သူ။ ကွမ်းအရမ်းကြိုက်တဲ့သူ။သူမှန်နေတဲ့အရာဆိုရင်တော့ ဘာကိုမှမကြောက် ဘယ်သူ့ကိုမှလဲ ဂရုမစိုက်တတ်တဲ့ တက်တက်ကြွကြွ ထက်ထက်မြတ်မြတ် အရာရှိပေါက်စပေါ့။

နောက်အမှတ်တရဖြစ်‌စေတာက ပညာရေးက အားကစားတာဝန်ခံအနေနဲ့ သူတာဝန်ယူကျင်းပခဲ့တဲ့ မြို့နယ်ကျောင်းပေါင်းစုံ ‌၁၄နှစ်အောက်‌ ဘောလုံးပြိုင်ပွဲ ကျနော့်ကျောင်းလဲ ပြိုင်ပွဲဝင်ခဲ့။ အုပ်စုနဲ့ထွက်ခဲ့ရပေမဲ့ အသန့်ရှင်းဆုံး စိတ်ဓါတ်အကောင်းဆုံးဆု နည်းပြအုပ်ချုပ်တွေရမယ်ဆိုတော့ပျော်လိုက်သည့်ဖြစ်ခြင်း။

နောက် ဗိုလ်လုပွဲပျက်မကန်ဖြစ်ပဲ ဆုမပေးဖြစ်ခဲ့တော့ သူ့ကိုတွေ့တိုင်း အကြွေးတောင်းသလို တောင်းတာကို စိတ်မဆိုးပဲ ပြုံးပြုံးကြီးလုပ်ပြီး နောင်နှစ်ပေးမယ်အမြဲပြောတတ်ခဲ့တာပါ။ နောင်နှစ် ကိုယ့်ကျောင်းက အလယ်တန်းအဆင့်တို့းထွက်။အားကစားပွဲလုပ်ဖို့ပူဆာတော့ မင်းကျောင်းအုပ်အသစ်က ပြိုင်ပွဲတက်ခွင့်မပြုရင် ဘယ်လိုလုပ်မလဲတဲ့။

မှတ်မှတ်ရရပါပဲ ။အာ့နှစ်မှာပဲ သူလဲ ရန်ကုန်တိုင်းထဲက မြို့နယ်တစ်ခုကို DTEOအဖြစ်နဲ့ ရာထူးတိုးသွားတော့ ကိုယ်တွေနဲ့ ခွဲခွာ ဝေးကွာပေါ့။ အာ့လိုနဲ့ ၂၀၁၉အောက်တိုဘာ၅ရက် ကမ္ဘာ့ဆရာများနေ့အခမ်းအနားတက်ရင်း ထွေသင်များ မူပြရရေးဆွေးနွေးပွဲမှာ သူနဲ့ ပြန်လည်ဆုံတွေ့ရပြန်သည်။ရေစက်ကြောင့်ပဲလား။ ပင်လယ်မြို့လေးကို ခင်တွယ်တဲ့ သူ့သံယောဇဉ်ကြောင့်ပဲ လားတော့မသိ။ခက်ခဲကြပ်တည်းတဲ့ ကိုယ့်ကို အကူအညီပေး ထမင်းကျွေး တကယ့် အဖေလို အကိုလို ဆရာသမားပီသစွာပါပဲ။

အာ့ချိန် သူလဲ ဇနီးအလှနဲ့ တူနှစ်ကိုယ်ဂဟေဆက်ပြီးပြီပေါ့။ ၂၀၂၀ထဲမှာ အခြေခံပညာရေးလုပ်သားများသမဂ္ဂရဲ ဦးဆောင်မှုနဲ့ပဲ နေ့စားလပေး အမြဲတမ်းခန့်ထားရေး၊ထွေသင်များမူပြတိုးမြှင့်ခန့်ထားရေးအတွက် ပညာရေးဝန်ကြီးဌာနရဲ့ ရုံးအမှတ်၅နေပြည်တော်ကို ဆရာတပည့်တွေ အတူသွားခွင့် အတူတိုက်ပွဲဝင်ခဲ့ကြသည်ပေါ့။ အာ့မှာမမေ့နိူင်တဲ့အမှတ်တရကတော့ ကိုယ့်ရဲ့အားနည်းချက်ဖြစ်တဲ့စကားပြောတိုင်း သားကသားက လို့သုံးနှုန်းတတ်တဲ့အကျင့်ကို ဖျောက်ပေးခဲ့တာပါပဲ။

ဒီလိုနဲ့၂၀၂၁ခုနှစ် အာဏာရှင်တွေ အာဏာသိမ်းမှုမှာ သူသည် CDMလုပ်ရင်းရဲရဲရင့်ရင့် ဆန္ဒပြတော်လှန်တဲ့ ပညာရေးအရာရှိတစ်ဦးအဖြစ်တက်ကြွစွာ ပါဝင်ခဲ့သည်။ဖေဖေါ်ဝါရီ၁၈ရက်နေ့ ကိုယ်တွေ၅၀၅အထုတ်ခံရချိန် ရန်ကုန်တက်လာပြီး ခိုလှုံဖို့၊ သူနဲ့အတူ ဆန္ဒပြသပိတ်စစ်ကြောင်းတွေမှာ ပါဝင်လှုပ်ရှားဖို့ ဖုန်းဆက်လာခဲ့သည်။ သူ့ရဲ့စီစဉ်ပေးမှုနဲ့ပဲ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ရန်ကုန်ကိုရောက်ရှိလာခဲ့ပြီး သူ့အရိပ်မှာခိုလှုံခဲ့ရပြန်ပါတယ်။ သူ့အကြောင်းပြောရင် သူ့ရဲ့မဒီ ဒေဝီ မဟေသီအကြောင်းပါ ထည့်ပြောမှ ပိုပြည့်စုံပါလိမ့်မယ်။သူ့မအလုပ်အကိုင်တော့ ထည့်မပြောတော့ပါ။

သူမ က ထက်မြက်သူ ၊အမှန်တရားအတွက်စိတ်အားထက်သန်သူ၊ သူမခင်ပွန်းကို နားလည်‌ပေးနိုင်စွမ်းရှိပြီး ချစ်မြတ်နိုးသူ။ မှတ်မှတ်ရရ ရန်ကုန်တိုင်းရုံးရှေ့မှာ အသံဗုံးခွဲပြီး ဖြိုခွင်းခံရလို့ ဆရာမကြီးဒေါ်တင်နွဲ့ရီ ကျဆုံးခဲ့ရတဲ့နေ့။ကိုယ်တွေက သူမကိုစိတ်ပူပြီး သူမသွားရာ တကောက်ကောက်လိုက်နေချိန် သူမက ဒဏ်ရာရတဲ့သူတွေကို ကူဖို့လှုပ်ရှားရင်း ကျနော်တို့ကို သပိတ်ဆက်ထွက်တဲ့ နောက်လိုက်ဖို့ မကြောက်ကြဖို့ အားပေးနေခဲ့သေးတာပါ။သူနဲ့သူမ က ယောင်နောက်ဆံထုံးပါ မဟုတ်။ သူမကစိတ်အားတက်ကြွစွာ သပိတ်တွေသွားတဲ့နောက် သူက တကောက်ကောက်လိုက်ပေးနေရသေ ဆံထုံးနောက်ယောင်ပါအတွဲပါ။

ဒီလိုနဲ့ ၄လပိုင်းထဲမှာ ကိုယ် တောထဲကိုထွက်ဖို့ အဝတ်အစားတွေဝယ်ပေးရင်း အစစအရာရာဂရုစိုက်ဖို့မှာ၊လိုအပ်တာရှိခဲ့ရင်အချိန်မရွေးဖုန်းဆက်ဖို့ပြောရင် အကိုတစ်ယောက်လို ဆုဲးမနေခဲ့သေးတာပါ။ ဒီလိုနဲ့ကိုယ်လဲတောထဲရောက် အဆက်အသွယ်မပြတ် ။လိုအပ်တဲ့အခါတိုင်း မုန့်ဖိုးအမြဲပို့တတ်တဲ့သူ ၂၀၂၁ဇွန်လထဲမှာ CDMများ ကူညီတယ်အကြောင်းပြချက်နဲ့ အဖမ်းခံရထောင်ထဲရောက် ၊ကိုယ်ကလဲ အကြောင်းအမျိုးမျိုးကြောင့် သူနဲ့ရောသူမနဲ့ရော အဆက်အသွယ်တွေပြတ်။ နောက်တော့ လွတ်ငြိမ်းနဲ့ ပြန်လွတ်လာတယ်သတင်းတော့ကြားရ။ခု‌တော့သူမရဲ့ အလုပ်တစ်ခုထဲကရတဲ့ဝင်ငွေနဲ့ သူ့ကို ကျွေးမွေးပြုစုရင်း ဆက်လက်ရုန်းကန်နေကြောင်းကြားသိရ။ အမှန်တရားကိုမြတ်နိုးလွန်းတဲ့ သူ၊ထောင်ထဲကို ရောက်ခဲ့ရပေမဲ့ social media ပေါ်မှာ ပျောက်ကွယ်နေပေမဲ့ဒီအရေးတော်ပုံမှာတတ်နိုင်သမျ လျို့ဝှက်စွာဆက်လှုပ်ရှားနေအုံးမယ်ဆိုတာ အသေအချာပါပဲ။

သူမကလည်း သူ့ရဲ့ ဇနီးမယားကောင်း ပီသစွာဆက်လက် ပါရမီဖြည့်နေအုံးမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါပဲ။ အမှန်တရားကိုချစ်မြတ်နိုးလွန်းတဲ့ သူနဲ့သူမတို့ ဇနီးမောင်နှံ အစစဘေးကင်းစွာ ရှိနေဖို့ဆုတောင်းရင်း….။