ခလရ ၅၉၁ အား ရေးမြို့နယ် ကာကွယ်ရေးအထူးတပ်ဖွဲ့မှ နှစ်ကြိမ်တိုက်ခိုက် စစ်ကောင်စီတပ်သား သုံးဦးသေဆုံး

Author လင်းခိုင်
Categories
Published on Feb 06, 2023

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ စစ်ကောင်စီ၏ ခလရ ၅၉၁ တပ်ရင်းကို ရေးမြို့နယ်ကာကွယ်ရေးအထူးတပ်ဖွဲ့မှ နှစ်ကြိမ် တိုက်ခိုက်ခဲ့မှုကြောင့် စစ်ကောင်စီတပ်သား သုံးဦးသေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ယင်းအဖွဲ့၏ ဦးဆောင်သူမှ CJ Platform သို့ပြောကြားသည်။

အဆိုပါ ခလရ ၅၉၁ တပ်ရင်းကို ဖေဖော်ဝါရီ ၄ ရက်ည ဘက်တွင် တစ်ကြိမ်၊ ဖေဖောဝါရီ ၅ ရက်နေ့လယ် ၁နာရီခွဲခန့်တွင် တစ်ကြိမ် နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“၅၉၁ တပ်ရင်းကို တိုက်ခိုက်တာ သုံးကြိမ်မြောက်ပါ၊ လေးရက်နေ့မှာက ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခဲ့တာ၊ ငါးရက်နေ့မှာကျတော့ မောင်းပြန်တွေနဲ့ ၄၀ မမတွေနဲ့ အထူးစစ်ဆင်ရေးအနေနဲ့ ၀င်ရောက် တိုက်ခိုက်ခဲ့တာဖြစ်တယ်” ဟု ဦးဆောင်သူက ပြောကြားသည်။

နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့မှုတွင် ပထမအကြိမ်၌ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးခဲ့ကာ ၊ ဒုတိယအကြိမ်၌ အရေးပေါ်ကားများ တပ်ရင်းအတွင်းသို့ ၀င်ရောက်သွားချင်းများကို မျက်မြင်တွေ့ရှိခဲ့ကြောင်း ယင်းက ဆက်လက် ပြောကြားသည်။

“သူတို့ဖက်ကလည်း တုန့်ပြန်မှုအားကောင်းကောင်းနဲ့ ပြန်ပစ်တယ်။ ၆၀ မမတွေနဲ့ တရစပ်ရမ်းသမ်းပစ်လို့ လူနေအိမ် ထိခိုက်ထားတာတွေလဲရှိတယ်” ဟု ဦးဆောင်သူက ပြောကြားသည်။

စစ်ကောင်စီ၏ ခလရ တပ်ရင်းသည် ရေးမြို့နယ်တွင် အခြေစိုက်ထားသည်မှာ ၁၅ နှစ်ခန့်ရှိပြီး၊ အာဏာသိမ်းပြီး နောက်ပိုင်းတွင် ယင်းတပ်ရင်းကို ရေးမြို့နယ်အခြေစိုက် တော်လှန်ရေးအဖွဲ့များမှ မကြာခဏ ၀င်ရောက် တိုက်ခိုက်လေ့ရှိသည်။

ဓာတ်ပုံ-ရေးမြို့နယ် ကာကွယ်ရေးအထူးတပ်ဖွဲ့
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #ခလရ၅၉၁ #မွန်ပြည်နယ် #ရေးမြို့