ခမ်းပါတ်ကို ထိုးစစ်ဆင်လာသည့် စစ်ကောင်စီစစ်ကြောင်းကို တပ်ပျက်သွားသည်အထိ တိုက်ခိုက်နိုင်ခဲ့သည်ဟု NUG-MOD ထုတ်ပြန်

Author အဂ္ဂ
Categories
Published on Dec 16, 2023

စစ်ကိုင်းတိုင်း၊ တမူးခရိုင်ရှိ ပြည်သူ့ကာကွယ်ရေး တပ်မတော်နှင့် ပူးပေါင်းတပ်များ ထိန်းချုပ်ထားနိုင်သည့် ခမ်းပါတ်မြို့ကို စစ်ကောင်စီတပ်က အင်အား (၂၀၀) ဝန်းကျင်ဖြင့် စစ်ကြောင်းထိုး တိုက်ခိုက်လာရာ ပြည်သူ့ကာကွယ်ရေးတပ် (PDF) နှင့် ပူးပေါင်းတပ်များက ခုခံတွန်းလှန် တိုက်ခိုက်ခဲ့ကာ ယနေ့ (ဒီဇင်ဘာ ၁၆ ရက်) နံနက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်ပျက်၍ ဆုတ်ခွာသွားခဲ့သည်ဟု အမျိုးသားညိညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန (NUG-MOD) ၏ ထုတ်ပြန်ချက်အရ သိရသည်။

 

အဆိုပါတိုက်ပွဲပြီးနောက်  နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်စဉ် စစ်ကောင်စီတပ်၏ အရာရှိတစ်ဦး အပါအဝင် စစ်ကောင်စီတပ်၏ ရုပ်အလောင်း (၁၀) လောင်းတွေ့ရှိခဲ့ပြီး MA-10 RPG 7 (၁) လက်၊ MG-3 (၁) လက်၊ MA-S1 MK2 (၁) လက် အပါအဝင် လက်နက်မျိုးစုံ (၁၇) လက်ကိုပါ သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

စစ်ကောင်စီစစ်ကြောင်းကို ခုခံတွန်းလှန်ခဲ့သည့် တိုက်ပွဲတွင် အမှတ် (၁) စစ်ဒေသကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ကိုင်းတိုင်း အထူးတပ်ရင်းများ၊ ခရိုင်တပ်ရင်းများ၊ ပကဖနှင့် တော်လှန်ရေးတပ်ဖွဲ့များက ပါတင်တိုက်ခိုက်ခဲ့သည်ဟုလည်း ဆက်လက်ဖော်ပြထားသည်။

 

ခမ်းပါတ်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)  နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက နိုဝင်ဘာ (၇) ရက်နေ့တွင် သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း မြို့ကိုပြန်လည်ထိန်းချုပ်နိုင်ရန် မကြာခဏ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည့်အတွက် ထိတွေ့တိုက်ပွဲများ မကြာခဏ ဖြစ်နေသည်ဟုလည်း သိရသည်။