ကြက်ဥ ဘဲဥများ မြို့နယ်ကျော်သယ်ဆောင်ပါက စစ်ကောင်စီမှ တစ်လုံးတစ်ကျပ်နှုန်း ဝန်ဆောင်ခရငွေဟုဆိုကာ တောင်းခံနေ

Published on Sep 06, 2022

ဧရာဝတီတိုင်းဒေသကြီးအတွင်း ကြက်ဥ ဘဲဥများကို မြို့နယ်ကျော်သယ်ဆောင်ပါက တစ်လုံးတစ်ကျပ်နှုန်း ဝန်ဆောင်ခရငွေအဖြစ် ကောက်ခံမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ ဧရာဝတီတိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ခရိုင်ဦးစီးမှူးများ မြို့နယ်ဦးစီးမှူးများကို ညွှန်ကြားထားသည်။

ကြက်ဥ ဘဲဥများကို မြို့နယ်တစ်ခုမှ အခြားမြို့နယ်တစ်ခုသို့ ရောင်းရန်ရန်အတွက် တင်ပို့ရာတွင် စတင်သယ်ဆောင်မည့် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ ထောက်ခံချက်ယူပြီးမှ သယ်ဆောင်ရမည်ဟု စစ်ကောင်စီက ညွှန်ကြားခြင်း ဖြစ်သည်။

မြို့နယ်ကျော် သယ်ဆောင်မည့် ကြက်ဥဘဲဥတစ်လုံးလျှင် တစ်ကျပ်နှုန်းဖြင့် သက်ဆိုင်ရာမြို့နယ် ငွေစာရင်းကို ပေးသွင်းရမည်ဖြစ်သည်ဟု ညွှန်ကြားစာအရ သိရသည်။

“ဘယ်တိုင်းဒေသကြီး ပြည်နယ်မှာမှ အခုလိုမကောက်ဖူး ဧရာဝတီတစ်ခုပဲအခုလိုလုပ်ဖို့ ညွှန်ကြားတယ် တော်တော်ကိုအဓိပ္ပါယ်မရှိတာ သူတို့ငတ်ပြတ်နေပြီလားမသိဖူး ကုန်သွယ်လုပ်ငန်းခွန်ရှိသမျှ အခွန်အကုန်ဆောင်နေရတာ ဒါကိုအခုလို ထပ်ကောက်တယ်”ဟု ဧရာဝတီတိုင်းအတွင်းရှိ ကြက်ဥဘဲဥလုပ်ငန်းရှင်တစ်ဦးက CJ Platform ကိုပြောသည်။

ထောက်ခံချက် လက်မှတ်ထုတ်ပေးခြင်းနှင့် ဝန်ဆောင်ခ ရငွေရရှိရေးအတွက် ခရိုင်မြို့နယ်ဦးစီးမှူးများက သက်ဆိုင်ရာအဖွဲ့များနှင့် ပူးပေါင်းပြီး ဝန်ဆောင်ခရငွေ ကောက်ခံရန် ညွှန်ကြားထားခြင်း ဖြစ်သည်။
“တစ်လုံးတစ်ကျပ် တောင်းတာတင်မကသေးဘူး ကြက်ဥတစ်ပိသာကို ၂၇ကျပ်ကောက်တယ်။ ကြက်သားတစ်ပိဿာကို ၃ကျပ်ကောက်တယ်။ ဝက်သား၁ပိသာကို ၁၀ကျပ်ကောက်တယ် ။အခြားတိုင်းနဲ့ ပြည်နယ်တွေ မကောက်ဘူး၊ ဧရာဝတီက လုပ်စားနေတာ”ဟု အဆိုပါလုပ်ငန်းရှင်မှ ဆက်လက်ပြောကြားသည်။

လက်ရှိတွင် ဒေါ်လာစျေးတက်ပြီး ကြက်ဘဲအစာစရိတ်များမြင့်တက်မှုကြောင့် ကြက်ဥတစ်လုံးလျှင် နှစ်ရာကျပ်နှင့် ဘဲဥတစ်လုံးလျှင် သုံးရာကျပ်ထိရှိနေသည်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက် အထွေထွေကုန်စျေးနှုန်းများ ဆက်တိုက်မြင့်တက်နေပြီး ပြည်သူများ စားဝတ်နေရေးခက်ခဲနေမှုများကြောင့် လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်အလှူရှင်များမှ ဆန်တစ်ပြည်လျှင် တစ်ရာကျပ်၊ ကြက်ဥတစ်ကတ်လျှင် တစ်ရာကျပ်ဖြင့် အခြေခံလူတန်းစားများ အဟာရပြည့်မှီစားသောက်နိုင်ရန် လှူဒါန်းမှုများ လုပ်ဆောင်နေသည့်အချိန်တွင် စစ်ကောင်စီမှ ယခုကဲ့သို့ ညွှန်ကြား တောင်းခံနေခြင်းလည်းဖြစ်သည်။
#ကြက်ဥသယ်ပိုက်ဆံတောင်း #ဧရာဝတီတိုင်း #မွေးမြူရေးလုပ်ငန်း