ကျောင်းရွာ ၅၉၁ တပ်အား ရေးဘီလူးအဖွဲ့ ဒရုန်းဖြင့် တိုက်ခိုက်၊ စစ်ကောင်စီတပ် အထိအခိုက်ရှိနိုင်

Author လင်းခိုင်
Categories
Published on Jan 23, 2023

ကျောင်းရွာ ၅၉၁ တပ်အား ရေးဘီလူးအဖွဲ့က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ပြီး၊ စစ်ကောင်စီတပ်များ အထိအခိုက်ရှိနိုင်ကြောင်း ယင်းအဖွဲ့ ခေါင်းဆောင်က CJ Platform သို့ပြောကြားသည်။

ယနေ့(ဇန်နဝါရီ ၂၃) ညနေ ၃ နာရီခန့်တွင် မွန်ပြည်နယ်၊ ရေးမြို့ရှိ စစ်ကောင်စီ ၏ ၅၉၁ တပ်ရင်းကို ရေးဘီလူးအဖွဲ့က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ ၃နာရီလောက်မှာ ကျောင်းရွာ ၅၉၁ တပ်ကို ဒရုန်းနဲ့ မစ်ရှင်ပြုလုပ်ခဲ့တယ်။ ၄၀ မမ အသီးကို အသုံးပြုခဲ့တယ်” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောကြားသည်။

ထိုကဲ့သို့ ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ၅၉၁ တပ်ရင်း၏ အဓိကနေရာများသို့ ဗုံးသီးများကျရောက်ခဲ့ကြောင်း၊ ထိခိုက်ကျဆုံးမှုကို အသေးစိတ်မရှိရသေးကြောင်း ယင်းက ဆက်လက်ပြောကြားသည်။

“ဒရုန်းနဲ့က ပထမဆုံး စစ်ဆင်ရေးပေါ့၊ ပထမဆုံးစစ်ဆင်ရေးမှာ လေ့ကျင့်ထားတဲ့အတိုင်း အကောင်းဆုံး ပြုလုပ်နိုင်ခဲ့တယ်။ အသီးကွဲတယ်။ ထိခိုက်မှုတော့ အရေအတွက်မသိဘူး။ အချက်အခြာ ကျကျကို ပစ်သွင်းနိုင်ခဲ့တယ်” ဟု ရေးဘီလူး အဖွဲ့ခေါင်းဆောင်က ဆိုသည်။

ရေးဘီလူးအဖွဲ့သည် ဇန်နဝါရီ ၂၁ ရက်ကလည်း ရေးမြို့နယ် နယ်ထိန်းရဲ ဟိန်းသူရအား ရေးမြို့ပတ်လမ်းတွင် ပစ်ခတ် ရှင်းလင်းခဲ့သေးသည်။

ရေးဘီလူးအဖွဲ့သည် ရေးမြို့နယ်နှင့် အနီးတစ်ဝိုက်တွင် အခြေပြုထားကား ရေးမြို့ပေါ်ထိ စစ်ဆင်ရေးများ၊ စစ်ကောင်စီ တပ်စခန်းများနှင့် ရဲစခန်းများကို ပစ်မှတ်ထားတိုက်ခိုက်နေသည့် တော်လှန်ရေးအဖွဲ့တစ်ခုလည်းဖြစ်သည်။

ထို့ပြင် ကရင်ပြည်နယ်တွင် အခြေပြုထားသည့် Lion စစ်ကြောင်းနှင့် ရေးဘီလူးအဖွဲ့တို့ ပူးပေါင်းခဲ့ပြီး တော်လှန်ရေးအရှိန်မြှင့်တင်ရန် ဆွေးနွေးမှုများကိုလည်း ပြုလုပ်ထားသည်။