ကော့ကရိတ်မြို့အတွင်းရှိ နေအိမ်များကို စစ်ကောင်စီက မီးရှို့နေ

Author လဂွန်းအိမ်
Categories
Published on Mar 30, 2024

ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင်းရှိ နေအိမ်များကို မတ်လ ၂၈ ရက်နေ့မှ စတင်ကာ စစ်ကောင်စီက မီးရှို့ဖျက်ဆီးနေကြောင်း ရှေ့တန်းသတင်းအရင်းအမြစ်ထံမှ သိရသည်။

 

နှစ်ဖက်စစ်ဆိုင်နေသော ကော့ကရိတ်မြို့အတွင်း တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတို့အကြား မကြာခဏဆိုသလို ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေပြီး ကော့ကရိတ်မြို့အတွင်းရှိ စစ်ကောင်စီတပ်များကို တော်လှန်ရေးတပ်များမှ ဝန်းရံပိတ်ဆို့ထားလျက်ရှိသည်။

 

“တစ်ဖက် နဲ့ တစ်ဖက်က နီးနီးလေးပါ တစ်လမ်းကျော်လောက်ပဲကွာတယ် သူတို့ကိုလည်း လှမ်းမြင်နေရသလို သူတို့လည်း ကျွန်တော်တို့ကို မြင်နေရမှာပဲ၊ အခွင့်သာရင်သာသလို သူတို့က ဒရုန်းတွေနဲ့ လာတိုက်ခိုက်တာမျိုးရှိသလို ကျွန်တော်တို့ကလည်း သွားတိုက်ခိုက်တာတွေ ရှိပါတယ်” ဟု ရှေ့တန်းစစ်မျက်နှာပြင်မှ ရဲဘော်တစ်က CJ Platform ကိုပြောသည်။

 

ထိုသို နှစ်ဖက်စစ်ဆိုင်ထားသည်မှာ ၄ လခန့် ကြာမြင့်နေပြီဖြစ်ပြီး တော်လှန်ရေးတပ်များမှ မြို့သိမ်းတိုက်ပွဲဆင်နွဲနိုင်ရန် ကြိုးစားနေချိန်တွင် စစ်ကောင်စီမှ ကော့ကရိတ်မြို့အတွင်းရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးလာခြင်းဖြစ်သည်။

 

ထိုသို့ စစ်ကောင်စီကြောင့် အိမ်ခြေ ၁၅၀ ကျော် ၂၀၀ နီးပါးအထိ မီးလောင်ကျွမ်းပျက်စီးသွားပြီး ပထမနေ့ မီးလောင်ကျွမ်း၍ ငြိမ်းသွားသည်ကို နောက်တစ်နေ့တွင် ထပ်မံရှို့ခဲ့ခြင်းဖြစ်ကြောင်း မီးလောင်မှုဖြစ်စဉ်နေရာများတွင် ပြည်သူများရှိမနေဘဲ စစ်ကောင်စီတပ်သားများသာ ရှိနေတော့ကြောင်း ရှေ့တန်းသတင်းအရင်းအမြစ်မှ ဆိုသည်။

 

” အရင်ရက်‌တွေကတော့ ညဘက်တွေ လာရှို့တာများတယ်၊ ပစ်ကွင်းရှင်းအောင် ရှို့တာလို့ ထင်တယ်၊ မြို့ထဲမှာတော့ သူတစ်ခြမ်းကိုယ်တစ်ခြမ်း နေနေတာပဲ၊ သူတို့နေတဲ့အခြမ်းဘက်မှာကို မီးရှို့နေကြတာ” ဟု ရှေ့တန်းရဲဘော်တစ်ဦးမှ CJ Platform သို့ ပြောသည်။

 

ကော့ကရိတ်မြို့သိမ်းတိုက်ပွဲအဖြစ် ယမန်နှစ် ဒီဇင်ဘာ ၁ ရက်နေ့မှ စတင်ကာ တော်လှန်ရေးတပ်များမှ တိုက်ပွဲဆင်နွဲနေလျက်ရှိပြီး နေ့စဉ်လိုလို ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကာ ကော့ကရိတ်မြို့၏ ၆၀ ရာခိုင်နှုန်းခန့်ကို တော်လှန်ရေးတပ်များမှ ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

Related News

Depend on news