ကုန်သွယ်ရေးနဲ့ ရုရှားအရေး စိုးရိမ်မှုတွေကြားက တရုတ်–အီးယူ ဆက်ဆံရေး ပိုခိုင်မာဖို့ ရှီကျင့်ဖျင် တိုက်တွန်း

တရုတ်သမ္မတ ရှီကျင့်ဖျင်က အီးယူရဲ့ ထိပ်တန်းခေါင်းဆောင်တွေဖြစ်တဲ့ Ursula von der Leyen နဲ့ Antonio Costa တို့ကို မနေ့ ဇူလိုင် ၂၄ ရက်နေ့မှာ ဘေဂျင်းမှာ တွေ့ဆုံပြီး၊ တရုတ်နဲ့ ဥရောပသမဂ္ဂကြားမှာ ပိုမိုနက်ရှိုင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ အပြန်အလှန် ယုံကြည်မှုတွေ တည်ဆောက်ဖို့ တောင်းဆိုခဲ့တယ်လို့ နိုင်ငံတကာ သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
သံတမန်ဆက်ဆံရေး နှစ် ၅၀ ပြည့် အထိမ်းအမှတ်အဖြစ် ရှီက နှစ်ဘက်စလုံးကို ကမ္ဘာ့ဇာတ်ခုံပေါ်က “လူကြီးနှစ်ယောက်” လို့ တင်စားခေါ်ဝေါ်ခဲ့ပြီး၊ ကမ္ဘာ့တည်ငြိမ်ရေးအတွက် ပူးပေါင်းကြိုးပမ်းကြဖို့ တိုက်တွန်းခဲ့ပါသေးတယ်။
ရာသီဥတု ပူးပေါင်းဆောင်ရွက်ရေးလို ဘုံရည်မှန်းချက်တွေကို အလေးထား ပြောဆိုခဲ့ပေမယ့်၊ ဒီတွေ့ဆုံပွဲဟာ ကုန်သွယ်ရေး မညီမျှမှုတွေ၊ တရုတ်လျှပ်စစ်ကားတွေအပေါ် အီးယူရဲ့ အခွန်စည်းကြပ်မှုတွေနဲ့ တရုတ်ရဲ့ မြေရှားသတ္တု တင်ပို့မှု ထိန်းချုပ်ရေးတွေနဲ့ ပတ်သက်တဲ့ တင်းမာမှုတွေကြားမှာ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
Costa က မျှတပြီး ညီတူညီမျှရှိတဲ့ ဆက်ဆံရေးတစ်ခု ရရှိဖို့အတွက် “လက်တွေ့ကျတဲ့ တိုးတက်မှု” တွေ လိုအပ်တယ်လို့ အလေးပေး ပြောခဲ့ပါသေးတယ်။
ဒါ့အပြင် အီးယူက တရုတ်ရဲ့ ရုရှားကို ထောက်ခံမှုနဲ့ လူ့အခွင့်အရေးကိစ္စတွေအပေါ် စိုးရိမ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါသေးတယ်။
ထူးခြားတဲ့ တိုးတက်မှုတွေ ရဖို့ မျှော်လင့်ချက် နည်းနေပေမယ့်၊ လေ့လာသူတွေကတော့ ဒီထိပ်သီးတွေ့ဆုံပွဲက ဆက်ဆံရေးကို ပြန်လည်စတင်ဖို့ အထောက်အကူ ဖြစ်မယ်လို့ မျှော်လင့်နေကြပါတယ်။
ကျွမ်းကျင်သူတွေက နှစ်ဘက်စလုံးအနေနဲ့ ဆက်သွယ်ရေးနည်းဗျူဟာတွေကို ပြန်လည်စဉ်းစားပြီး၊ ရှေ့ဆက်ရမယ့် ပြိုင်ဆိုင်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို လက်တွေ့ကျကျ စီမံခန့်ခွဲနိုင်မယ့် နည်းလမ်းတွေ ရှာဖွေဖို့ လိုအပ်တယ်လို့ ပြောဆိုခဲ့ကြပါတယ်။
Source – South China Morning Post
ဓာတ်ပုံ – Reuters