ကိုးတောင်ဘို့မှာ စစ်ရှောင်အမျိုးသမီးနှစ်ဦးမြွေကိုက်ခံရ

Author ခေတ်နီ
Categories
Published on Feb 03, 2023

 

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ တိုက်နယ်အတွင်း စစ်ဘေးရှောင်အမျိုးသမီးနှစ်ဦး မြွေကိုက်ခံရကြောင်း ဒေသခံ ကျန်းမာရေးဝန်ထမ်းတစ်ဦးထံမှ သိရသည်။

ကိုးတောင်ဘို့ တိုက်နယ်အတွင်း ယမန်နေ့ ဖေဖော်ဝါရီလ ၂ ရက်နှင့် ယနေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့များတွင် အသက် ၅၀ ကျော်အရွယ်နှင့် အသက် ၂၀ကျော် အရွယ်ရှိ စစ်ဘေးရှောင်အမျိုးသမီးနှစ်ဦး မြွေဆိုးကိုက်ခံခဲ့ရတာပဲ ဖြစ်သည်။

ထိုသို့ မြွေကိုက်ခံရမှုကြောင့် အသက်၅၀ ကျော်အရွယ် အမျိုးသမီးကို BPIထုတ် မြွေဆိပ်ဖြေဆေး ၆လုံးနှင့် အိန္ဒိယနိုင်ငံထုတ် မြွေဆိပ်ဖြေဆေး ၄ လုံးထိုးပေးခဲ့ရပြီး အသက်၂၀ ကျော်အရွယ် အမျိုးသမီးကိုလည်း ထိုနည်းတူထိုးပေးထားကာ လက်ရှိမှာတော့ အသက်အန္တာရယ် မစိုးရိမ်ရတော့ကြောင်း သိရသည်။

“ဒီက စစ်ရှောင်တွေက ၂ မျိုးရှိတယ် အမြဲရှောင်နေရတဲ့သူရယ် စစ်ကြောင်းလာမှ ရှောင်တဲ့သူရယ်ပေါ့ အမြဲရှောင်တဲ့သူတွေက သူတို့က မွေးထားတဲ့ တိရိစ္ဆာန်လေးတွေပါ သယ်လာကြတော့ သွားကြည့်ရင်း အမြဲပိုးထိလေ့ရှိတယ်၊ အခုပိုးထိတဲ့နှစ်ယောက်ကတော့ ၈၀ရာခိုင်နှုန်းလောက် စိတ်ချရပြီ သူတို့ပိုးထိတဲ့နေရာနဲ့ ကျနော်တို့ ရှိတဲ့နေရာကလဲ နီးတော့ အမြန်ကုနိုင်ခဲ့တာလဲ ပါတယ်”ဟု စစ်ရှောင်များအား ကျန်းမာရေး စောင့်ရှောက်ပေးနေသည့် ဒေသခံ ကျန်းမာရေးဝန်ထမ်းတစ်ဦးဖြစ်သူ ကိုဂျောင်ဒီအွန်မှ ပြောသည်။

ကိုးတောင်ဘို့တိုက်နယ်အတွင်း စစ်တပ်က အာဏာသိမ်းပြီးအချိန်မှ စတင်ကာ ယနေ့အထိ မြွေကိုက်ခံရသူ ၄၇ဦးထိ ရှိနေပြီး အသက်မပြည့်သေးသူ အမျိုးသမီးတစ်ဦး အပါအဝင် အမျိုးသားနှစ်ဦး အသက်ဆုံးပါးခဲ့ရသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #စစ်ကိုင်းတိုင်း #ကန့်ဘလူမြို့နယ် #စစ်ဘေးရှောင် #မြွေဆိပ်ဖြေဆေး