ကိုယ့်သားသမီးမပါရင် တိတ်တိတ်နေ

Author မင်းထက်၊ လင်းနွေဦး
Categories
Published on Jan 20, 2024

ဗိုလ်ကြီးကူညီပါဦး ရွာမှာ ပြည်သူ့စစ်လုပ်ဖို့ မဲနှိုက်နေတာ အသိကလေး ပါသွားလို့…။

 

နတ်တလင်းမြို့နယ်အတွင်းမှာ နေထိုင်ပြီးတော့ စစ်ကောင်စီနဲ့ နီးစပ်တဲ့ အမျိုးသမီးတစ်ဦးက သူနဲ့ ရင်းနှီးတဲ့ စစ်ကောင်စီတပ် ဗိုလ်ကြီး မြင့်မောင်မောင် ဆိုသူတစ်ဦးကို အကူညီလှမ်းတောင်းခဲ့တဲ့ ဖုန်းထဲက စကားသံတစ်ခုပါ။

 

ဒီလို ပြည်သူ့စစ်လုပ်ဖို့ မဲနှိုက်ပြီး စုဆောင်းနေတဲ့ နေရာကတော့ မြို့ချောင်းကျေးရွာအုပ်စု  ၊ စျေးတန်းရပ် ( ၁ ) ရပ်ကွက်ဆိုတဲ့ နေရာမှာပါပဲ။ သူတို့အပြောအခေါ်အရ ဗိုလ်ကြီး မြင့်မောင်မောင်ဆိုသူ ပြန်ပြောခဲ့တာက “အစ်မတို့ သားသမီးပါသွားလို့လား ကိုယ့်သားသမီးမပါရင် တိတ်တိတ်နေ”လို့ ဆိုပါတယ်။

 

သို့သော်လည်း ဗိုလ်ကြီး မြင့်မောင်မောင်ဆိုသူက ရွာနဲ့ အနီးဆုံး စစ်တပ်ကို မေးမြန်းပြီးတော့ ဒီလို မဲနှိုက်ပြီး ပြည်သူ့စစ်လုပ်ဖို့ စုဆောင်းတာကို ဆက်မလုပ်ဖို့ တားမြစ်ပေးမယ်လို့ ဆိုခဲ့ပါတယ်။

 

သို့သော်လည်း အပြောဟာ အပြောပါပဲ အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်နဲ့ အပေါင်းပါတွေကတော့ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

” ဒီကနေ့မှာ ( ဇန်န၀ါရီလ ၁၈) စစ်မှုထမ်းဟောင်းအမျိုးသမီး ရဲ့ သားလေးက ပါတော့ သူ့အမေကငိုတာပေါ့ ၊ ဒီတော့ ရပ်ကွက် လာအာပေးကြတယ်၊ အကူညီတောင်းတော့ ဗိုလ်ချုပ် ခင်မောင်မြင့်သား ဗိုလ်ကြီးမြင့်မောင်မောင်ကို ဖုန်းဆက်လိုက်တယ် ၊ အခုဖြစ်စဥ်တွေကို ပြောပြတော့ အဲ့တာမျိုးတွေ မလုပ်ရဘူးနော် ဒါမှားနေပြီလို့ပြောတယ်”လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

 

စစ်သည်အင်အား နည်းပါးလာတဲ့ စစ်ကောင်စီဟာ ပဲခူးတိုင်းအတွင်းမှာ ဒေသခံပြည်သူတွေကို ပြည်သူ့စစ်အဖြစ် အင်အားစုဆောင်းနေပြီးတော့ သူတို့နဲ့ မပူးပေါင်းတဲ့ ပြည်သူတွေကို ညှင်းပန်းနှိပ်စက်တာတွေလည်း လုပ်ဆောင်နေပါတယ်။

 

ဇန်နဝါရီလ ၁၆ ရက်နေ့က နတ်တလင်းမြို့နယ် ၊ မြို့ချောင်းကျေးရွာအုပ်စု  ၊ စျေးတန်းရပ် ( ၁ ) ရပ်ကွက်မှာ အသက် ၁၈ နှစ်မှ  ၅၃ နှစ်အထိ အရပ်သားတွေကို ပြည်သူစစ်အဖွဲ့၀င်ဖို့ အိမ်ထောင်စုတစ်စုမှာ တစ်ယောက်ကျ ကိုယ်တိုင် မဲနှိုက် ရွေးချယ်ခိုင်းခဲ့ပါတယ်။

 

ပထမအကြိမ် မဲနှိုက်ရာမှာတော့  စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးရဲ့ ဆွေမျိုးသားချင်းတွေပါ မဲပေါက်ခဲ့တာမို့ ဇန်နဝါရီလ  ၁၇ ရက်နေ့မှာ ဒုတိယအကြိမ် ပြန်လည်ရွေးချယ်မယ်လို့ ကြေညာခဲ့ပြီး အရပ်သားပြည်သူတွေ မခေါ်ယူတော့ဘဲ အုပ်ချုပ်ရေးမှူးနဲ့ အပေါင်းပါတွေသာ မဲနှိုက်ရွေးချယ်ခဲ့တာပါ။

 

“ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေ အုပ်ကြီးတွေရဲ့ ညီကိုမောင်နှမတွေပါတော့ ၁၇ ရက်နေ့မှာ  မဲပြန်နှိုက်တယ်။ သူတို့ဘာသာသူတို့ ဘယ်သူပါတယ် ဘယ်သူပေါက်တယ် ကြေညာတာ။ တစ်ယောက်မှ မသွားဘဲ သူတို့ကြီးပဲ လုပ်တာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

 

ဒီလိုမဲနှိုက်ရွေးချယ်တာကို တစ်ရပ်ကွက်ကို ဆယ်ယောက်နှုန်းနဲ့ မဲဖောက်ခဲ့တာပါ။ မဲပေါက်သူတွေကတော့ ရွာအနီး ရထားလမ်းမှာ တစ်ဖာလုံကို တစ်ယောက်နှုန်းနဲ့ ကင်းစောင့်ရပြီးတော့ တစ်လကို ငွေကျပ် ၆သိန်းရမယ်လို့တောင် မဲဆွယ်လိုက်ပါသေးတယ်။ ဒီ ၆သိန်းဟာ စစ်ကောင်စီက ပေးမှာမဟုတ်ဘဲ ဒေသခံပြည်သူတွေက အိမ်ထောင်စုတစ်စုကို တစ်သိန်းနှစ်သောင်းကျပ်နဲ့ စုထည့်ပေးရမှာပါ။ သူတို့ တွက်ချက်ပြတာဟာ မရိုးရှင်းပေမယ့် မဲပေါက်တဲ့ သူတွေကို လစာပေးဖို့ ရပ်ကွက်တစ်ခုကို ကျပ်သိန်း ၆၀ လစဉ် ပေးရမယ်လို့ ဆိုပါတယ်။

 

“ဒုတိယအကြိမ် သူတို့ဘာသာနှိုက်ပြီးကြေညာတဲ့ ကလေးတွေက မကျေနပ်တော့ ၊ တုတ်ဆွဲရိုက်မယ် ပြောတော့ သူတို့က တပ်ကို ဖုန်းဆက်ခေါ် တော့ တပ်ကရောက်ချလာပြီး ၊ ရိုက်မယ်ပြောတဲ့ ကလေး ၂ ယောက်ကို အုပ်ကြီးနဲ့စစ်သားတွေက ရိုက်တယ် သွေးထွက်သံယိုတွေဖြစ်တယ်”လို့လည်း ဒေသခံတစ်ဦးက ပြောပါတယ်။

ရွေးချယ်မှုအပေါ်ကို မကျေနပ်လို့ ကန့်ကွက်တဲ့ ပြည်သူတွေကိုလည်း အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်က စစ်ကောင်စီတပ်သား (၆) ဦးနဲ့အတူတူ ရောက်ရှိလာပြီး သူတို့ကို အာခံပြောဆိုရမလားလို့ မေးမြန်းကာ ရိုက်နှက် နှိပ်စက်သွားတယ်လို့ နတ်တလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက သတင်းစကားပြောပါတယ်။

 

“ဘယ်‌ေ-ာက်အကောင်၊ ‌ေ-ာက်ကောင်မတွေ လူပါးဝပြီး ပြောတာလဲ ထွက်ခဲ့ကြစမ်း နင်တို့ကို ‌သတ်ပစ်မယ်” ဆိုပြီး ဦးထွန်းထွန်းနိုင်က ခြိမ်းခြောက်ပြောဆိုတာလို့လည်း ဒေသခံတစ်ဦးက ထပ်မံ စကားဆိုပါတယ်။

 

ဒီလိုအချိန်မှာ စစ်ကောင်စီရဲ့ ဗိုလ်ကြီးကို အားကိုးမိတဲ့ အမျိုးသမီးလည်း မျက်နှာငယ်နဲ့ပါပဲ။ သူကတော့ သူ့ဗိုလ်ကြီးပြောသလို သူ့သားသမီးမပါလို့ တိတ်တိတ်နေလိုက်သလား ဗိုလ်ကြီးလည်း မကယ်နိုင်မှန်း သိသွားလို့ တိတ်နေလိုက်ရလား မသေချာပါဘူး။

Related News

Depend on news