ကမ္ဘာတစ်ဘက်ခြမ်းမှ ဥပေက္ခာပြုခံရသည့် ကလေးငယ်များ

Author မောင်ဒဂုံ
Categories
Published on Sep 21, 2022

“မောင်ဘုန်းတေဇ

G- I
သင်္ချာ” ဟု ဖတ်စာအုပ်လေးပေါ်၌ အမည်ရေးထိုးထားသည်။

သွေးစွန်းပေနေသည့် ပထမတန်း သင်္ချာ ဖတ်စာအုပ်၏ ညာဖက်ထိပ်၌ ကျည်ဆန်ထိထားသဖြင့် ဖွာလန်ကြဲလျက် ရှိသည်။ စာအုပ်ပိုင်ရှင် ကလေးငယ်ကတော့ ယဥ်ကျေးသည့် လူ့အဖွဲ့အစည်း၏ ပြင်ပမှ လက်နက်ကိုင် လူတစ်စု၏ အကြမ်းဖက် လုပ်ရက်ကြောင့် သေဆုံးခဲ့ရပြီ ဖြစ်သည်။

အသက် ၇နှစ် အရွယ်သာ ရှိသေးသည့် မောင်ဘုန်းတေဇသည် စက်တင်ဘာ ၁၆ရက်က သူ၏ အတန်းဖော်များနှင့်အတူ လက်ယက်ကုန်းကျေးရွာ မဟာ ဓမ္မရံသီ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်း၌ စာသင်ကြားနေခဲ့သည်။ကျောင်း၌ ဆရာ၊ ဆရာမ ၂၀ ဝန်းကျင်နှင့် မောင်ဘုန်းတေဇကဲ့သို့ အသက် ၆နှစ် ဝန်းကျင် ခုနှစ်ခန့်မှ အသက် ၁၄နှစ် ဝန်းကျင်ရှိ ကလေးများ ရှိနေခဲ့သည်။ ကျေးရွာထဲတွင်လည်း ဒေသခံများက ပုံမှန် လုပ်နေကြ အလုပ်များကို လုပ်ကိုင်လျက် ရှိနေခဲ့သည်။ ကြမ္မာဆိုးက မွန်းတည့်ချိန် တွင် ဝေဟင်မှ ရောက်ရှိလာခဲ့သည်။

စစ်ဖက်သုံး တိုက်ခိုက်ရေး ရဟတ်ယာဥ်များက လက်ယက်ကုန်းကျေးရွာ ကောင်းကင်ယံထက်၌ ကမ္ဘာပျက်ကပ်ကို သယ်ဆောင်လာသည့် နတ်ဆိုးများအလားပင်။သရဲတစ္ဆေများ ပူးကပ်နေသည့် အလား စစ်ကောင်စီ တပ်သားများကလည်း ရွာအတွင်း တရကြမ်း ဝင်ရောက်ရန် တာဆူနေပြီး ကျေးရွာ ပတ်ပတ်လည် မှ တွေ့သမျှ အရာမှန်သမျှကို ပစ်ခတ်ခဲ့လေသည်။စစ်ကောင်စီတပ်များ ပစ်ခတ်သဖြင့် ငါးဖမ်းနေသည့် အသက် ၁၃နှစ်အရွယ် မောင်စောမင်းဦး သေဆုံးခဲ့ရသလို ကျေးရွာအတွင်းမှ အသက် ၁၆ နှစ်အရွယ် ဆယ်ကျော်သက် တစ်ဦး အပါအဝင် ၅ ဦး သေဆုံးခဲ့ရသည်။

ရဟတ်ယာဥ်များကလည်း မဟာဓမ္မရံသီ ဘုန်ကြီးကျောင်းနှင့် စာသင်ကျောင်းသို့ ဆက်တိုက်ပစ်ခတ်နေခဲ့သည်။ အသက် ၇နှစ်အရွယ် မောင်ဘုန်းတေဇနှင့် မ သုရတီလှိုင်၊ အသက် ၁၄နှစ်အရွယ် ကိုဖိုးသား တို့ အပါအဝင် ကလေးငယ် အနည်းဆုံး ၆ ဦးထက်မနည်း ပစ်ခတ်မှုများကြောင့် သေဆုံးခဲ့ရသည်။

စစ်ကောင်စီ ထောက်ခံသူများ လွှင့်သည့် ကောလဟာလ သတင်းများက ဒေသကာကွယ်ရေး တပ်များက ကလေးများကို လူသားဒိုင်း လုပ်သည်ဟု သတင်းမှားများ လွှင့်ကြသလို စစ်ကောင်စီပြောခွင့်ရကိုယ်တိုင်ကလည်း ထိုမုသားကို အသက်သွင်းပြောဆိုခဲ့သည်။လက်ယက်ကုန်း ကျေးရွာမှ ဒေသခံများ၏ အခိုင်အမာပြောဆိုမှုအရ ထိုနေ့က မဟာဓမ္မရံသီ ဘုန်ကြီးကျောင်းနှင့် စာသင်ကျောင်း၌ မည်သည့် ဒေသကာကွယ်ရေး တပ်ဖွဲ့များ ရှိမနေခဲ့ခြင်း ပင်။

စစ်ကောင်စီနှင့် ပတ်သတ်ပြီး ဖန်တရာ တေနေပြီ ဖြစ်သည့် နိုင်ငံတကာ စစ်ပွဲ စည်းကမ်းများကို ချိုးဖောက် အကြမ်းဖက်မှုများအကြောင်းက ယခင် ဖြစ်စဥ်များ အကြောင်းပင် ပြော၍ မကုန်ကြသေးပေ။ ဂျနီဗာကွန်ဗင်းရှင်းစာချုပ်ပါ စစ်ပွဲဆိုင်ရာ တားမြစ်ချက်များ၌ အရပ်ဘက် အဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း မပြုရန် ပါရှိသည်။ အရပ်ဘက် အဆောက်အအုံများဟု ဆိုရာ၌ ကျောင်းများ၊ ဆေးရုံများ၊ အရပ်သား နေအိမ်များ၊ သန့်စင်သောရေများကို ပေးဝေနေသည့် ရေပေးဝေရေး အဆောက်အအုံများနှင့် လျှပ်စစ်ဓာတ်အားပေး လိုင်းများ ပါဝင်သည်။

ထို့ပြင် တိုက်ပွဲတွင် ပါဝင်ခြင်း မရှိသည့် အရပ်သားများကို တိုက်ခိုက်ခြင်း မပြုရ။ ထိုသူများသည် ပစ်မှတ် မဟုတ်ပါ။ မည်သည့် စကားလုံးများကိုပင် သုံးနှုန်းနေပါစေ သတင်းစကားသည် တူညီပြီး အရပ်သားများကို ပစ်မှတ်ထားခြင်းသည် ဥပဒေနှင့် ဆန့်ကျင်ပါသည်ဟုလည်း ပါရှိသည်။လက်ယက်ကုန်း ကျေးရွာ ဖြစ်စဥ်ကို ကြည့်လျင် စစ်ကောင်စီသည် စစ်ပွဲ ဥပဒေကို ချိုးဖောက်ပြီး စာသင်ကျောင်းနှင့် အရပ်သား နေအိမ် အဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

သက်သေအနေဖြင့် ကျိုးပဲ့နေသည့် စာသင်ခန်းအတွင်းမှ ခုံ အပိုင်းအစများ၊ ကလေးငယ်များ၏ သွေးကွက်လေးများ၊ သွေးစွန်းနေသည့် ကျောင်းသုံးဖတ်စာအုပ်များ၊ ဖိနပ်ပင် မစီးနိုင် အသက်လုထွက်ပြေးခဲ့ရသဖြင့် ကျန်ရစ်ခဲ့သည့် ဖိနပ်လေးများ က ဓာတ်ပုံများထဲ၌ အခိုင်အမာ မြင်တွေ့ရသည်။ပစ်ခတ်ထားသည့် ကျည်ဆန်ခွံများစွာကလည်း မည်သူက ပစ်ခတ်သည်ဆိုခြင်း အတွက် အခိုင်အမာ သက်သေများပင် ဖြစ်သည်။

နောက်ထပ် စစ်ပွဲ ဥပဒေ ချိုးဖောက်မှုအဖြစ် စစ်ကောင်စီ တပ်များသည် အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ အရပ်သား ဆိုသည့်ထဲတွင် ဒေသကာကွယ်ရေး တပ်များနှင့် သိသိသာသာပင် ကွဲပြားသည့် အသက် ၇နှစ်အရွယ်မှ ၁၄နှစ်ကြား ကလေးငယ်များကို ပစ်ခတ်ခဲ့ခြင်းလည်း ဖြစ်သည်။

ထိုသို့ နိုင်ငံတကာ စစ်ပွဲ ဥပဒေများကို ချိုးဖောက်ပြီး ရက်စက်စွာ အရပ်သား ကလေးငယ်များကို ရဟတ်ယာဥ် ဖြင့် ပစ်ခတ် သတ်ခဲ့သည့် စစ်ကောင်စီ တပ်များသည် ပစ်ခတ်မှုများ အပြီး နောက်ထပ် စစ်ပွဲ ဥပဒေတစ်ရပ်ကို ချိုးဖောက်ခဲ့ပြန်သည်။

ဂျနီဗာ သဘောတူစာချုပ်များအရ ပဋိပက္ခဖြစ်နေသည့် အဖွဲ့များသည် တိုက်ပွဲများ၌ ကျဆုံးသွားခဲ့ရသူများကို ပြန်လည် ရှာဖွေပြီး သက်ဆိုင်သူများထံ ဂုဏ်သိက္ခာရှိစွာ ပြန်လည် ပေးအပ်ရာတွင် ကူညီဆောင်ရွက် ပေးရမည်ဟု ပါရှိထားသည်။ထို့ပြင် ဖျားနာနေသူများနှင့် ဒဏ်ရာရရှိထားသူများ သည် မည်သည့် ဘက်မှ ဖြစ်ပါစေ ပြုစုစောင့်ရှောက်မှု ပေးရမည် ဖြစ်သည်။သို့သော် စစ်ကောင်စီတပ်များသည် လက်ယက်ကုန်းကျေးရွာ၌ ကလေးများ စာသင်နေသည့် စာသင်ကျောင်းနှင့် အရပ်သားများ နေထိုင်သည့် ကျေးရွာထဲသို့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်။

၄င်းတို့ ပစ်ခတ်အပြီး သေဆုံးခဲ့ရသည့် ကျောင်းသားလေး ၆ဦး၏ ရုပ်အလောင်းများကိုလည်း ယူဆောင်သွားခဲ့သည်။ ဒဏ်ရာရထားသည့် ဆရာ၊ ဆရာမနှင့် ကျောင်းသား ၂၀ ဦး ခန့်ကိုလည်း ဖမ်းခေါ်သွားခဲ့သည်။စစ်ကောင်စီ တပ်များ ဖမ်းခေါ်သွားသည့်ထဲတွင် ပါသွားသည့် ကျောင်းသားလေးနှစ်ဦးသည် ထပ်မံ၍ အသတ်ခံရသည်ဟူသည့် သတင်းများလည်း ဆက်တိုက်ထွက်ပေါ် နေခဲ့သည်။သေဆုံးခဲ့ရသည့် ကျောင်းသားလေးများ၏ မိဘများသည် စစ်ကောင်စီ တပ်များ၏ လုပ််ရပ်ကြောင့် ၄င်းတို့၏ ရင်သွေးများကို မည်သည့်အခါမျှ ပြန်လည်တွေ့မြင်ခွင့် မရတော့ပေ။ရက်ရက်စက်စက် ရဟတ်ယာဥ်ဖြင့် ပစ်ခတ်ထား၍ သေဆုံးနေသည့် ကလေးငယ်များ၏ သွေးပျက်ဖွယ် မြင်ကွင်းများက မည်မျှ ကြောက်စရာ ကောင်းနေမည်နည်း……။

လက်ယက်ကုန်းကျေးရွာ ဖြစ်စဥ်တစ်ခု၌ ပင် စစ်ကောင်စီတပ်များသည် နိုင်ငံတကာ စစ်ပွဲ ဥပဒေများ အားလုံးနီးပါးကို ချိုးဖောက်ထားသည်ကို တွေ့ရသည်။လက်ယက်ကုန်းကျေးရွာ ဒေသခံများသည် ဆိုးရွားလှသည့် အကြမ်းဖက်မှု ဖြစ်စဥ်ကြီးကို ကြုံတွေ့ခဲ့ရပြီးနောက် အလွန်အမင်း ထိတ်လန့်နေကြသည်။ပျောက်နေသည့် ရင်သွေးများကိုလည်း မျှော်လင့်ချက် မှိန်မှိန်ပြပြကြားမှ အားတင်း ရှာဖွေနေကြရသည်။ တစ်နေရာ တစ်နေရာ ကူးသန်းသွားလာလျင်ပင် မျက်လုံးထဲ ရဟတ်ယာဥ်များက ခြောက်လန့်နေကြစဲပင်။

စစ်ဘေးရှောင်အရေး တက်ကြွစွာ ဖြေကြားပေးတတ်သူများပင် အဖြစ်ဆိုးကြီး အကြောင်း ပြန်ပြောပြရန် ခက်ခဲလျက် ရှိနေသည်။ ၄င်းတို့ ကြုံတွေ့ခဲ့ရသည် ပြန်ပြောပြရန်အတွက်ပင် ရက်စက်လွန်းလှပေသည်။

စစ်ကောင်စီ တပ်များ၏ အဆင်ခြင်မဲ့ ပစ်ခတ်မှုများကြောင့် ကလေးငယ်များ သေဆုံးရမှု ဖြစ်စဥ်များက တော်လှန်ရေးကာလအတွင်း အများအပြား ရှိနေခဲ့သည်။

စက်တင်ဘာ ၁၆ရက်က လက်ယက်ကုန်းကျေးရွာတစ်ခုတည်း၌ ကလေးငယ်များ သေဆုံးခဲ့ရခြင်း မဟုတ်ပေ။
ထိုနေ့ နံနက် ၇နာရီကျော်က ကရင်နီပြည်၊ မိုးဗြဲမြို့၊ မွေတော်ဘုရားကျောင်းထဲရှိ စစ်ဘေးရှောင်များ ခုံလှုံရာ ဘုန်းကြီးကျောင်းထဲသို့ စစ်ကောင်စီတပ်များ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များ ကျရောက်ပေါက် ကွဲခဲ့သည်။အသက် ၁၀နှစ်အောက် ကလေးငယ်နှစ်ဦး ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည်။ ၄င်း ဖြစ်စဥ်တွင်လည်း စစ်ကောင်စီတပ်များသည် အရပ်သားများ ခုံလှုံနေသည့် နေရာသို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ခြင်းဟု ယူဆမှုများစွာ ရှိနေခဲ့သည်။

ထို့ကြောင့် စက်တင်ဘာ ၁၆ရက် တစ်ရက်တည်းတွင်ပင် စစ်ကောင်စီတပ်များ၏ စစ်ရာဇဝတ်မှု ကျူးလွန် ကြမ်းကြုတ်မှုများကြောင့် ကလေးငယ် ဆယ်ဦးသည့် သေဆုံးခဲ့ရသည့် သွေးစွန်းသော နေ့ရက် တစ်ရက် ဖြစ်သွားခဲ့သည်။

သို့သော် စစ်ကောင်စီ ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများအတွက် မည်သည့် အရာကမျှ ထိရောက်စွာ တားဆီးထားနိုင်ခြင်းတော့ မရှိပေ။ ကမ္ဘာကြီးက မြန်မာပြည်မှ ကလေးငယ်များနှင့် ပြည်သူများ ကြုံတွေ့နေရသည့် အကြမ်းဖက်မှုများအတွက် မသိမသာ မျက်နှာလွှဲလျက် ရှိနေခဲ့သည်။

စက်တင်ဘာ၈ ရက်မှ ၁၆ရက်အတွင်း မြန်မာပြည်၌ စစ်ကောင်စီတပ်များ၏ အဆင်အခြင်မဲ့ တိုက်ခိုက်မှုများကြောင့် ကလေးငယ် ၁၅ဦး ထက်မနည်း သေဆုံးခဲ့ရသည်။ သို့သော် ကမ္ဘာကြီးက ကလေးငယ်အားလုံးအတွက်ပင် ဝမ်းနည်းကြောင်း မဖော်ပြပေးခဲ့ကြပေ။

ဒီပဲယင်း ဖြစ်စဥ် အပြီး လေးရက်အကြာ၌ UNICEF က ဝတ်ကြေတန်းကြေ ဝမ်းနည်းကြောင်း စာတစ်စောင်နှင့် Save The Children အဖွဲ့၏ စာသည်သာ စက်တင်ဘာ ၁၆ရက် အကြမ်းဖက်မှုအတွက် အစောဆုံး ဂရုပြုမိခြင်းကို ပြသခြင်း ဖြစ်ခဲ့သည်။၄င်းတို့ ပြောသည့် ဝမ်းနည်းကြောင်းစာထဲ၌ မိုးဗြဲတိုက်ပွဲအကြား သေဆုံးခဲ့ရသည့် ကလေးငယ် ၃ဦး မပါဝင်သလို ရေလယ်ကျွန်း ဒေသ ဇီးကုန်းကျွန်းကျေးရွာမှ ရက်ရက်စက်စက် မီးရှို့ အသတ်ခံရသည့် ကလေးငယ် အကြောင်းလည်း မပါဝင်ပေ။စစ်ကောင်စီက ကြမ်းကြမ်းတမ်းတမ်း ရက်ရက်စက်စက် လုပ်ရပ်များ ကျူးလွန်တိုင်း အပြိုင်အဆိုင် ကန့်ကွက် ဝမ်းနည်းကြောင်း ထုတ်ပြန်တတ်သည့် နိုင်ငံကြီးများပင် ဒီပဲယင်း ဖြစ်စဥ်၌ မည်သို့မျှပင် တုန့်ပြန်လာခြင်း မရှိသေးပေ။(စက်တင်ဘာ ၂၀ရက်ထိ)

စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များက စစ်အာဏာသိမ်းပြီး ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၉ရက် မမြသွဲ့သွဲ့ခိုင်၏ ဦးခေါင်းကို ရည်ရွယ်ချက် ရှိရှိ ပစ်ခတ်ခဲ့ချိန်မှစ၍ ယနေ့အချိန်ထိ ဆက်တိုက် ဆိုးရွားစွာ ကျူးလွန်နေစဲ ဖြစ်သည်။

တစ်နိုင်ငံလုံးမှ ဘာသာရေး အဆောက်အအုံများ အပါအဝင် အရပ်သား ပြည်သူများ၏ နေအိမ် သုံးသောင်းခွဲကျော်ကို စစ်ကောင်စီတပ်များက မီးရှို့ဖျက်ဆီးထားပြီး ဖြစ်သည်။ အရပ်သား ၂၂၀၀ကျော်ကိုလည်း အကြောင်းမဲ့ သတ်ဖြတ်ခဲ့ပြီးလည်း ဖြစ်သည်။

စစ်ကောင်စီ၏ အရပ်သားများကို အကြမ်းဖက် သတ်ဖြတ်မှုများတွင် ပြီးခဲ့သည့် နှစ် ခရစ္စမတ်ကာလက ဖြစ်ခဲ့သည့် ဖရူဆိုမြို့ အရပ်သားများ အစုလိုက်အပြုံလိုက် မီးရှို့သတ်ခြင်းမျိုးလည်း ပါဝင်သလို နောက်ဆုံး ဖြစ်ခဲ့သည့် ဒီပဲယင်း လက်ယက်ကုန်းရွာ စာသင်ကျောင်း ပစ်ခတ်ခံရခြင်းများလည်း ပါဝင်သည်။

စစ်ကောင်စီတပ်များ၏ အကြမ်းဖက်မှုများကြောင့် လက်နက်ကိုင် တော်လှန်ရေးသည် ပေါ်ပေါက်လာရခြင်း ဖြစ်သည်ကို တွေ့ရသည်။ အာဏာလက်ဝယ်ရရှိရေး အကြမ်းဖက်မှု မည်မျှပင် ကျူးလွန်စေရပါစေ စစ်ခေါင်းဆောင်သည် နောက်ဆုတ်မည့် ဟန်မရှိပေ။

ထို့အတူ ကမ္ဘာကြီးသည်လည်း မတရားမှုကို ရှုတ်ချရုံမျိုး ပြုလုပ်ရန်ပင် ယခုတစ်ခေါက်တော့ မစုဆည်းနိုင်ခဲ့ကြတော့ပေ။

ကမ္ဘာတစ်ဖက်ခြမ်း က နေမဝင်အင်ပါယာပြည့်ရှင် ဘုရင်မကြီး၏ စျာပနပွဲ၌ ကမ္ဘာကြီးက ငိုကြွေးနေကြချိန်၌ ကမ္ဘာတစ်ဘက်ခြမ်း မှ ကလေးငယ်များက နိုင်ငံကို ကာကွယ်မည်ဟု သစ္စာဆိုထားကြသူများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။မည်သူ တစ်ဦး တစ်ယောက်ကမျှ ဘုရင်မကြီး၏ စျာပနပွဲထက် ပို၍ ဂရုပြုမိခြင်း မရှိကြပေ။ယူကရိန်းစစ်ပွဲအကြောင်း၊ ရုရှား သမ္မတအကြောင်း၊ ထိုင်ဝမ်ကျွန်းအကြောင်း၊ ဘုရင်မကြီး အကြောင်း စသဖြင့် စသဖြင့် ကမ္ဘာကြီးက လူသားများ ဆန်ပြနေကြစဲပင်။

သို့သော် မြန်မာနိုင်ငံ၏ ကံ ကြမ္မာသည်ကား စစ်ခေါင်းဆောင် ကြမ်းကြုတ်ရက်စက်သမျှ ခါးဆည်းခံနေကြရစဲ၊ အတုအယောင် လူသားဆန်မှုများကို ဥပေက္ခာပြုရင်း မတရားမှုကို အလံမလဲစတမ်း ခုခံနေကြရစဲပင် ဖြစ်သည်။