ကန့်ဘလူတွင် စစ်တပ်က ကာကွယ်ရေးတပ်သား ၂ ဦးကို သတ်ဖြတ်ပြီး အရပ်သား ၂ ဦးကိုလည်း ဖမ်းဆီးထား

Author ခေတ်နီ
Categories
Published on Feb 18, 2023

 

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းက ဒေသ ကာကွယ်ရေးတပ်သား၂ဦးကို ဖမ်းဆီး သတ်ဖြတ်ပြီး အရပ်သား၂ဦးကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးသွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ကန့်ဘလူမြို့နယ်တောင်ခြမ်းရှိ သိန်ရင်ဆည်အနီးဒေသကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှ စတင်ကာ စစ်ကောင်စီတပ်၏ အင်အား ၁၀၀ ခန့်ပါ ခမရ ၃၆၈နှင့် ပျူစောထီး ပူးပေါင်းစစ်ကြောင်းမှ စစ်ကြောင်း ထိုးနေခဲ့တာပဲ ဖြစ်သည်။

ထိုသို့ စစ်ကြောင်းထိုးမှုအတွင်း ကန့်ဘလူမြို့နယ် တောင်ခြမ်းရှိ ကိုင်းရိုးရွာအနီးတွင် စစ်ကောင်စီတပ်မှ ဖမ်းဆီးကာ မီးရှို့သတ်ဖြတ်ခဲ့သည့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး၏ ရုပ်အလောင်းကို ယမန်နေ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ဒေသခံများက တွေ့ရှိခဲ့တာပဲဖြစ်သည်။

“စစ်တပ်ရဲ့ စစ်ကြောင်းကို ကင်းထောက်နေတဲ့အချိန်မှာ စစ်ကြောင်းနဲ့တိုးပြီး ဖမ်းပြီးသတ်ခံရတာပဲ အဲ့နှစ်ယောက်က ဘယ်တပ်ကလဲဆိုတော့ သိန်ရင်ဆည်အနီးက ကာကွယ်ရေးတပ်ကပဲ အခုလက်ရှိထိတော့ အဲ့ဒီစစ်ကြောင်းက ဇီးကုန်းဖက်ကို ထိုးနေတယ်၊ နောက်တကြောင်းက ဗျူဟာလမ်းဖက်ကို ထိုးနေတယ်”ဟု ဒေသတွင်း သတင်းရင်းမြစ်တစ်ဦးဖြစ်သည့် ကိုအနန္တ (အမည်လွှဲ)မှ ပြောသည်။

အဆိုပါ စစ်ကြောင်းသည် အင်းလယ်ကြီးရွာအတွင် ၃ ရက်ကြာ တပ်စွဲပြီးနောက် ယမန်နေ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မနက်ပိုင်းတွင် အင်းလယ်ကြီးရွာမှ ထွက်ခွာကာ ရှမ်းတပ်ကျေးရွာဘက်သို့ ဆက်လက် စစ်ကြောင်းထိုးခဲ့ကာ လက်ရှိမှာတော့ ဇီးကုန်းတိုက်နယ်ဘက်သို့ စစ်ကြောင်းထိုးလျက် ရှိနေကြောင်း သိရသည်။

ထို့အပြင် အဆိုပါ စစ်ကြောင်းသည် အင်းလယ်ကြီးရွာအား ဝင်ရောက်တပ်စွဲနေစဥ်အတွင်းမှာ
အင်းလယ်ကြီးရွာမှ အသက် ၂၀ ဝန်းကျင်အရွယ် ယောကျ်ားလေးတစ်ဦးနှင့် မိန်းကလေး တစ်ဦးတို့ကိုလည်း ဓါးစားခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ထို့အပြင် စစ်ကောင်စီတပ် နောက်ထပ်စစ်ကြောင်းတစ်ခုဖြစ်သည့် ခမရ ၃၆၉ တပ် သည်လည်း ရွှေဘို -မြစ်ကြီး ဗျူဟာလမ်းပိုင်းကို စစ်ကြောင်းထိုးနေတာကြောင့် အဆိုပါ ဒေသတဝိုက်ရှိ ကျေးရွာ ၁၆ ရွာမှ ဒေသခံ ၂၀၀၀၀ဝန်းကျင်ခန့်သည် ဘေးလွှတ်ရာနေရာများကို တိမ်းရှောင်နေရကြောင်း သိရသည်။

“အဲ့ဒေသတွေက ရွာကြီးတွေများတယ် အိမ်ခြေက ၅၀၀ နဲ့ ၁၀၀၀လောက်တွေ ချည်းပဲ အခုကတော့ အကုန်လုံးပြေးနေရတာ ဆည်တွေဖက်က စစ်ကြောင်းရောဆိုတော့ “ဟု ကိုအနန္တမှ ဆက်ပြောသည်။

စစ်ကောင်စီတပ်သည် အဆိုပါဒေသများကို စစ်ကြောင်းမထိုးခင် သိန်ရင်ဆည်အနီးရှိ ကျေးရွာများအား ကန့်ဘလူမြို့ အမှတ် ၆၀၀၆ တင့်ကားတပ်ထဲမှ နေ၍ ၁၂၀ မမ လက်နက်ကြီးများဖြင့် ၃ ရက်ဆက်တိုက် ပစ်ခတ်ခဲ့တာကြောင့် အင်းလယ်ကြီးရွာ ဒေသခံတစ်ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရရှိခဲ့ပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာလည်း ကန့်ဘလူမြို့နယ်တောင်ခြမ်း ထန်းကုန်းတိုက်နယ် ညောင်ဇင်ရွာမှ ပြည်သူတစ်ဦးသည်လည်း လယ်တောသို့ လှည်းဖြင့်သွားချိန် ပျူစောထီးအဖွဲ့များ ထောင်ထားသည့် မိုင်းထိမှန်ကာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

#CjPlatform #စစ်ကိုင်းတိုင်း #ကန့်ဘလူမြို့နယ်