ကနီမြို့ပြန်ပေးလိုက်ရပြီးနောက် လက်ရှိစစ်ရေးအခြေအနေ ယာယီသမ္မတနှင့် ဝန်ကြီးချုပ်တို့ထံ MoD သွားရောက်တင်ပြ

Author ကိုထားဝယ်
Categories
Published on Mar 15, 2024

 

ကနီမြို့ကို စစ်ကောင်စီထံသို့ ရက်ပိုင်းအတွင်းပြန်လည်လက်လွှတ်လိုက်ရပြီးနောက် ယနေ့(မတ်လ ၁၅ ရက်)တွင် အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၏ ကာကွယ်ရေးဝန်ကြီးဌာန(MoD)က လက်ရှိစစ်ရေးအခြေအနေများကို ယာယီသမ္မတနှင့် ပြည်ထောင်စုဝန်ကြီးချုပ်တို့ထံ သွားရောက်တင်ပြကြောင်း ထုတ်ပြန်လိုက်သည်။

 

MoD ၏ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ယာယီသမ္မတ ဒူဝါလရှီးလသို့လည်းကောင်း၊ ဒုဝန်ကြီး ဦးနိုင်ကောင်းရွက်က ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းထံသို့လည်းကောင်း အသီးသီးသွားရောက်တွေ့ဆုံပြီးနောက် လက်ရှိစစ်ရေးအခြေအနေများကို တင်ပြဆွေးနွေးခဲ့ကြသည်ဟု ယင်းထုတ်ပြန်ချက်အရ သိရသည်။

 

MoD ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)အနေဖြင့် လတ်တလော တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ၊ မဟာမိတ်အဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး စစ်ကောင်စီတပ်များကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တိုက်ထုတ်နေသည်ဟု ဆိုသည်။

 

လတ်တလော ထိုးစစ်ဆင်နေသည့် ကရင်ပြည်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကချင်ပြည်က ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကရင်နီပြည်က ကရင်နီအမျိုးသားကာကွယ်ရေးတပ်မတော်(KNDF)တို့နှင့်အတူ PDF များ ပူးပေါင်းတိုက်ခိုက်နေသည့်အပြင် အခြားသော တိုင်းရင်းသားဒေသများတွင်လည်း စစ်ကောင်စီတပ်များကို တိုက်ခိုက်နေကြောင်း MoD က ဆိုသည်။

ပြည်သူတွေကို နေ့စဉ်သတ်ဖြတ်နေသည့် စစ်ကောင်စီတပ်များကို အမြစ်ပြတ်ချေမှုန်းရေးအတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော်က မဟာဗျူဟာမြောက်လုပ်ဆောင်နေသည့်အကြောင်းအရာများကိုလည်း MoD က ယာယီသမ္မတနှင့် ဝန်ကြီးချုပ်တို့ထံ တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ယခုကဲ့သို့ MoD အနေဖြင့် NUG ထိပ်ပိုင်းခေါင်းဆောင်များကို စစ်ရေးအခြေအနေများမတင်ပြမီ MoD လက်အောက်ခံ PDF တပ်ဖွဲ့များ သိမ်းပိုက်ထားသည့် စစ်ကိုင်းတိုင်း၊ ကနီမြို့ကို စစ်ကောင်စီထံသို့ ပြီးခဲ့သည့်ရက်ပိုင်း မတ်လ ၁၂ ရက်နေ့က ပြန်လည်လက်လွှတ်ခဲ့ရသည်။

 

မတ်လ ၂ ရက်နေ့မှစတင်၍ PDF များက ကနီမြို့သိမ်းတိုက်ပွဲ စတင်ဆင်နွှဲခဲ့ပြီး မတ်လ ၇ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။ ထို့နောက် စစ်ကောင်စီတပ်သားများ၏ စစ်ကူဖြည့် ပြန်လည်ထိုးစစ်ဆင်မှုများကြောင့် ၅ ရက်အကြာ မတ်လ ၁၂ ရက်နေ့တွင် ပြန်လည်လက်လွှတ်ခဲ့ရသည်။

 

ထိုတိုက်ပွဲများအတွင်း တော်လှန်ရေးရဲဘော် ထိခိုက်ကျဆုံးမှုများရှိခဲ့ပြီး စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုလည်း များပြားခဲ့သည်။

 

ဓာတ်ပုံ – NUG ကာကွယ်ရေးဝန်ကြီးဌာန(MoD)