ကနီမြို့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၄၇ဦးသေဆုံးကာ ပူပေါင်းတပ်ဖွဲ့မှ ၁၁ဦးကျဆုံးခဲ့သည်ဟုဆို  (သတင်းတို)

Author မင်းထက်
Categories
Published on Mar 16, 2024

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့တွင် မတ် ၂ရက်နေ့မှ ၁၂နေ့ထိကြာ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့မှ ၄၇ဦးသေဆုံးကာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ၁၁)ဦး ကျဆုံးခဲ့ကြောင်း အမှတ်(၁) စစ်ဒေသမှ ယနေ့ မတ် ၁၆ရက်နေ့တွင် ထုတ်ပြန်သည်။

 

ကနီမြို့ရှိ ရဲစခန်း၊ ထွေအုပ်ရုံး၊ ဘုရားကုန်း၊ ဆေးရုံ၊ စာသင်ကျောင်းတို့တွင် တပ်စွဲထားသည့်  ခြေလျင်တပ်ရင်း (ခလရ) အမှတ် ၈၇၊ ၈၉၊ ၂၂၂ နှင့် အမှတ် ၃၁၃ ခြေမြန်တပ်ရင်း ပူးပေါင်းအင်အား ၁၀၀ ကျော်၊ အင်မထီးရွာမှ လေကြောင်းဖြင့် အင်အား တပ်ကူပေးပို့ခဲ့သည် ထပ်တိုးအင်အား (၁၂၀) ခန့်၊ ရေဦးမြို့မှ စစ်ကူလာရောက်သည့် ဘီလူးစစ်ကြောင်း အင်အား (၈၀) ခန့်နှင့် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

 

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က လေကြောင်းမှ Mi-35 နှင့် Jet Fighter တို့ဖြင့် လေကြောင်းတိုက်ခိုက်မှုပေါင်း (၅၄) ကြိမ် တိုက်ခိုက်ခဲ့ပြီး Y-12 ဖြင့် ဗုံးသီးအလုံး (၁၀၀) ကျော် ကြဲချတိုက်ခိုက်ခဲ့သည်။

 

ယင်း ၁၀ ရက်တာကာလအတွင်း  စစ်ကောင်စီတပ်ဖွဲ့များထံက လက်နက်မျိုးစုံ (၁၁) လက်၊ ဗုံးသီးမျိုးစုံ (၅၀) ကျော်၊ ကျည်မျိုးစုံ (၁၃၀၀) ကျော်၊ မီးကျည် (၂၀) ခန့်၊ ရှေ့ထွက်မိုင်း (၃) ခု၊ ကျည်အိမ် (၂၀) ကျော်နှင့် Jammer (၂)  ခု သိမ်းဆည်းရမိကြောင်း သိရသည်။

 

ကနီမြို့တိုက်ပွဲတွင် တော်လှန်ရေး ရဲဘော် (၁၁) ဦးလည်း ကျဆုံးခဲ့ရပြီး ကနီမြို့အား အောင်မြင်စွာ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်ကောင်စီမှ စစ်ကူအင်အား အများအပြား တပ်ကူပေးပို့ခြင်းနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် မတ်လ (၁၂) ရက်တွင် ကနီမြို့မှ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း အမှတ် ၁ စစ်ဒေသ၏ ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။

 

ကနီမြို့သိမ်းတိုက်ပွဲ စစ်ဆင်ရေးကို ယင်းမာပင်ခရိုင် ကွပ်ကဲရေး၊ ယင်းမာပင်ခရိုင် တပ်ရင်း (၁၊ ၂၊ ၆၊ ၉၊ ၁၇၊ ၁၈၊ ၂၁၊ ၂၂၊ ၂၃၊ ၂၅၊ ၂၇၊ ၃၀၊ ၃၂)၊ LPDF၊ ဆားလင်းကြီးစစ်ကြောင်း၊ Alpha စစ်ကြောင်း၊ ဒရုန်းတပ်ဖွဲ့များနှင့် ကနီမြို့နယ် ပအဖ၊ ပကဖ တို့ကအတူ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။