ပဲခူးမြို့ကြီး ဘာတွေဖြစ်သွားလဲ

Author CJ Platform
Categories
Published on Oct 13, 2023

“တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ မကြံဖူးဘူး၊ ရေက တစ်ရက်အတွင်း တရိတ်ရိတ်နဲ့ တက်လာတာ နောက်တစ်နေ့ကျတော့ အကုန်မြုတ်နေပြီလေ ဒီဘက်ကတာကိုကျော်ပြီး ကျုံးဘက်ကိုစီးကျလို့ တာကျိုးမှာဆိုးလို့ သဲအိပ်ခံပြီး ဖြေးဖြေးချင်းစီးအောင်လုပ်ခဲ့ရတာ အဲ့ဒါတောင်ဖြတ်သွားတဲ့ ဆိုင်ကယ်တစ်စီး ရေစီးနဲ့ပါသွားသေးတယ်။ ရှိတဲ့ကားတွေဘာတွေ မြို့ထဲပို့ထားပေမယ့် အကုန်မြုတ်တာပဲ။ ဆည်ရေဖောက်ချလို့ အခုလိုတွေဖြစ်တာ တာကျိူတာဘာညာမရှိဘူး ဆည်ကိုဘာကြောင့်ဖောက်ချလဲဆိုတာတော့ မသိဘူး ဆည်တစ်လုံးထဲ လွှတ်ချတာမဖြစ်နိုင်ဘူး”ဟု ပဲခူးမြို့ ဒေသခံ အသက်(၆၀) အရွယ် အမျိုးသားတစ်ဦးက နေအိမ်ကို သန့်ရှင်းရေး လုပ်ဆောင်နေရင်းနဲ့ ပြောပါတယ်။


ဒီကနေ့ကတော့ အောက်တိုဘာလ ၁၃ရက်နေ့ဖြစ်ပြီး ပဲခူးမြို့တွင်း ရေစတင်ဝင်ရောက်ခဲ့တာ အောက်တိုဘာလ ၈ရက်နေ့ပါပဲ။ အဆက်မပြတ်ရွာသွန်းတဲ့ မိုးနဲ့အတူ ပဲခူးမြို့အတွင်းကို ရေတွေ စတင်ဝင်ရောက်လာခဲ့တာပေါ့။

ပဲခူးမြို့ကိုသွားတဲ့ လမ်းတလျှောက်မှာတော့ မကြာခဏမြင်တွေ့နေရမှာက ရေနစ်မြုပ်မှုကြောင့် မောင်းနှင်မရတော့ဘဲ ပြင်ဆင်ဖို့အတွက် ဆွဲယူသွားရတဲ့ ကားများစွာပါပဲ။ မြို့အဝင်တံတားအနားမှာတော့ ကားလမ်းမပေါ်ကို ရေကျော်နေပါသေးတယ်။ နေအိမ်အချို့ဟာတော့ အိမ်ခေါင်မိုးအောက်နားလောက်ထိ ရေလှိုင်းတွေ ရိုက်ခတ်ခဲ့တဲ့ သက်သေအဖြစ် အမှိုက်များစွာ တွယ်ညှိနေတာကိုလည်း တွေ့ရမှာပါ။

“ဟဲ့ ခွေးလေးနှစ်ကောင် ကြည့်စမ်း၊ ကားတိုက်သွားတာ မဖြစ်နိုင်ဘူး၊ ရေနစ်ပြီး သေသွားတာထင်တယ်”လို့ ခရီးဖော်က ဆိုပါတယ်။

ဖြစ်နိုင်ပါတယ် အနီးကပ်မကြည့်လိုက်ရပေမယ့် ဒီသေဆုံးမှုပုံစံဟာ ပြင်ပဒဏ်ရာတွေကြောင့်လို့ မှတ်ယူလို့ မရနိုင်ပါဘူး။

ချောင်းနဲ့နီးတဲ့ အနိမ့်ပိုင်း ရပ်ကွက်တွေမှာတော့ ရေနစ်မြုပ်နေဆဲဖြစ်ပြီး ရေဘေးကယ်ဆယ်ရေးစခန်း ၂၉ခုကျော်ဟာလည်း ဆက်လက်ဖွင့်ထားဆဲပါပဲ။

“အချို့က ပြန်သွားကြပြီ၊ အိမ်တွေ သန့်ရှင်းရေး ပြန်လုပ်နေကြတယ်၊ တစ်ဝက်လောက်ကို ပြန်သွားတာ ကျန်သူတွေကတော့ ပြန်မရသေးဘူးပေါ့ ရေကျချိန်ကို စောင့်နေတာ”လို့ ထောက်ပံ့ရေးပစ္စည်းတွေကို လက်ခံယူရင်းနဲ့ ရေဘေးကယ်ဆယ်ရေးစခန်းက တာဝန်ရှိသူလို့ ထင်ရတဲ့ အမျိုးသားတစ်ဦးရဲ့ ပြောနေတာကိုလည်း ကြားလိုက်ရပါသေးတယ်။

ရေပြန်လည်ကျဆင်းပြီးနောက်မှာ ပြည်သူတွေရဲ့ နေအိမ်တွေမှာရှိတဲ့ တီဗီ၊ရေခဲသေတ္တာအစရှိတဲ့ ပစ္စည်းတွေကိုတော့ ရေကဝါးမြိုသွားခဲ့ပါပြီ။ အတော်များများဟာ ပြန်လည် ပြင်ဆင်နိုင်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးပေါ့။

ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနက ရေသန့်ထုတ်တဲ့ ကားတစ်စီးနားမှာတော့ စစ်ကောင်စီတပ်သားတွေဝိုင်းရံနေပါတယ်။ ရေဘေးသင့်ပြည်သူတွေကို သောက်သုံးရေ မျှဝေနေတာပါ။ စကားစကြည့်တော့ ဒီကားဟာ ဒီနေ့မှ မြင်တွေ့ရတဲ့ ကားပါတဲ့။ သာဓုခေါ်ခါနီးမှ ရေစက်ခွက်ပြေးကိုင်နေကြ အကွက်တွေကို ထူးထွေ ပြောမနေတော့ပါဘူး။

နေရာတော်တော်များများမှာတော့ လျှပ်စစ်မီးပြန်လည်ရရှိနေပြီး ရေနစ်မြုပ်နေဆဲ နေရာတွေကိုတော့ လျှပ်စစ်မီးဖြတ်တောက်ထားဆဲဖြစ်ပါတယ်။

ရေဘေးကူညီဖို့ တဖွဲဖွဲနဲ့လာရောက်နေတဲ့ ပြည်သူတွေ၊ ပရဟိတအသင်းတွေများစွာကိုလည်း ပဲခူးမြို့အတွင်းမှာ မြင်ရပါတယ်။

နေအိမ်တွေသန့်ရှင်းရေးလုပ်ဖို့ကတော့ ရက်အတော်ကြာဦးမယ့် အနေအထားပါပဲ။ ဒါဟာ နှစ်ပေါင်း ၆၀ကျော်အတွင်း မကြုံဖူးတဲ့ ပဲခူးရေဘေးပါပဲ။ ဟင်္သာမောင်နှံ ပုံပြင်တွေဟာ တကယ်ပဲ ဖြစ်လာခဲ့သလားပေါ့။

ပဲခူးမြို့က အပြန်ခရီးဟာလည်း ရေလွှမ်းမိုးတဲ့ ကားလမ်းမတွေကို ဖြတ်သန်းခဲ့ရပါတယ်။ လှည်းကူးလည်း ရေမြုပ်နေပြီလေ။ အာဏာသိမ်း စစ်ကောင်စီ လက်ထက်မှာ ပြည်သူတွေအတွက်တော့ မြွေပူရာကင်းမှောက်တာပါပဲ။

Related News

Depend on news