တိုင်းရင်းသားဒေသတွေကို ဖြတ်လေးဖြတ် လုပ်ဆောင်နေတဲ့ စစ်ကောင်စီက ကုန်စည်စီးဆင်းမှု အခက်အခဲမရှိအောင် လုပ်ရမယ်လို့ဆို

Author CJ Platform
Categories
Published on Jul 18, 2025

တိုက်ပွဲတွေဖြစ်ပွားနေတဲ့ တိုင်းရင်းသားဒေသတွေနဲ့ တော်လှန်ရေးအင်အားစုတွေ စိုးမိုးနယ်မြေကို ဖြတ်လေးဖြတ် လုပ်ဆောင်ထားတဲ့ စစ်ကောင်စီက အခြေခံစားသောက်ကုန်တွေ စျေးမတက်ဖို့ ကုန်စည်စီးဆင်းမှု အခက်အခဲမရှိအောင် လုပ်ဆောင်ရမယ်လို့ စစ်ကောင်စီ ဒုတိယဝန်ကြီးချုပ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားလိုက်ပါတယ်။

 

နေပြည်တော်မှာ ဇူလိုင် ၁၇ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စု ကုန်စျေးနှုန်း တည်ငြိမ်ရေးကော်မတီ အစည်းအဝေးမှာ ဦးဝင်းရှိန်က ပြောကြားလိုက်တာပါ။

 

“ဈေးကွက်အတွင်း အခြေခံ စားသောက်ကုန်များ ပြတ်လပ်မှု မရှိစေရေး၊ ဈေးနှုန်းမြင့်တက်မှု မဖြစ်ပေါ်စေရေး၊ ဒေသတစ်ခုမှ တစ်ခုသို့ ကုန်စည်စီးဆင်းမှုတွင် အခက်အခဲများမရှိစေရေးအတွက် ကော်မတီဝင်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒေသ အလိုက်သက်ဆိုင်ရာ တာဝန်ရှိသူ များ အား အားလုံးက ကြိုတင်စီမံ၍ ပူးပေါင်း ဖြေရှင်းဆောင်ရွက်သွား ရမည်”လို့ ဦးဝင်းရှိန်က ပြောပါတယ်။

 

စစ်ကောင်စီဟာ ကုန်စျေးနှုန်းကျဆင်းရေးအတွက်ဆိုပြီး စိုက်ပျိုးသီးနှံထုတ်ကုန်တွေကို စျေးနှုန်းကျဆင်းရေးအတွက်သာ ဖိအားပေး လုပ်ဆောင်နေပေမဲ့ စက်သုံးဆီစျေးနှုန်း၊ ပိုးသတ်ဆေးနဲ့ စိုက်ပျိုးရေး သွင်းအားစုစျေးနှုန်းတွေကို ကျဆင်းအောင် မလုပ်ဆောင်ပေးနိုင်တောကြောင့် စိုက်ပျိုးတောင်သူတွေမှာ အခက်ကြုံနေရပါတယ်။

 

“ဈေးကျအောင်လုပ်ပေးတာကောင်းပေမယ့် စိုက်တဲ့သူတွေ အဆင်ပြေအောင်တော့ မလုပ်ဘူး။ တစ်ဖက်မှာသာ နာမည်ရအောင်လုပ်နေတာ၊ ကျောမွဲလယ်သမားတွေ ဘဝကတော့ တွေးသာကြည့်ပါဗျာ” လို့ ဧရာဝတီတိုင်းက လယ်သမားတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ဒါအပြင် သွင်းအားစုစရိတ် မကာမိအောင် စပါးဈေးနှုန်းကျဆင်းတာကြောင့် ယခုနှစ်မှာ စပါးစိုက်ပျိုးသူလည်း နည်းပါးလာပြီး၊ အခြားစိုက်ပျိုးသီးနှံတွေလည်း သွင်းအားစုစရိတ်နဲ့ ထွက်ကုန်ဈေး မကိုက်တာကြောင့် လယ်သမားတော်တော်များများ ခက်ခက်ခဲခဲ ရုန်းကန်နေရတယ်လို့ သိရပါတယ်။

 

စစ်ခေါင်းဆောင်က အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ မြင့်တက်မှုဟာ ပုံသေဝင်ငွေရရှိတဲ့ လခစားဝန်ထမ်းတွေနဲ့ အခြေခံလူတန်းစားတွေအပေါ် အကျိုးသက်ရောက်မှု ကြီးမားတာကြောင့် အခြေခံစားကုန်တွေကို အထွက်နှုန်း တိုးထုတ်ဖို့နဲ့ ဈေးနှုန်းသင့်တင့်ဖို့ မှာထားတာကြောင့် ကြိုတင်လုပ်ဆောင်ဖို့ လိုတယ်လို့ ဒုဝန်ကြီးချုပ်ဖြစ်သူ ဦးဝင်းရှိန်က ဆက်ပြောပါတယ်။

 

“စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ အတိုးနှုန်းသက်သာသည့် ချေးငွေများနှင့် ကူညီပံ့ပိုးပေးလျက်ရှိကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် စုစုပေါင်း စိုက်ဧက ငါးသန်းကျော်အတွက် စိုက်ပျိုးစရိတ် ချေးငွေ ကျပ် ၆၈၈ ဘီလီယံ ထုတ်ချေးရန် လျာထားဆောင်ရွက်လျက်ရှိတယ်” လို့ စစ်ခေါင်းဆောင်ခန့် ဒုဝန်ကြီးချုပ်က ဆိုပါတယ်။

 

စစ်ကောင်စီဟာ အတိုးနှုန်းသက်သာ ချေးငွေတွေ ထုတ်ပေးမယ်ဆိုပေမဲ့ NLD အစိုးရလက်ထက် ကိုဗစ်ကာလအတွင်း ဆိုင်းငံ့ထားခဲ့တဲ့ စိုက်ပျိုးရေးချေးငွေတွေကို ပြန်လည်ပေးဆပ်ဖို့ ဖိအားပေးခြိမ်းခြောက်ကောက်ခံနေတာကြောင့် တောင်သူတွေဟာ လုပ်ကိုင်နေတဲ့ လယ်တွေကို ပေါင်ပြီး ပြန်ဆပ်ခဲ့ရတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – pro_SAC