တရုတ်နဲ့ ဘင်္ဂလားဒေ့ရှ်ကို ဆန်တင်ပို့ရောင်းချနိုင်ရေး လုပ်ဆောင်နေပေမယ့် စပါးစျေးဆက်ကျနေ

တရုတ်နဲ့ဘင်္ဂလားဒေ့ရှ်ကို ဆန်တင်ပို့ရောင်းချနိုင်ရေး ဦးစားပေးလုပ်ဆောင်မယ့်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားပေမယ့် စပါးစျေးနှုန်းဆက်လက် ကျဆင်းနေဆဲဖြစ်တယ်လို့ စပါးစိုက်တောင်သူတွေဆီက သိရပါတယ်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ စက်တင်ဘာ ၁၄ရက်နေ့ ထုတ်ပြန်ချက်မှာ ပြည်ပကို တစ်လလျှင် ဆန်တန်ချိန် (၂) သိန်း ပုံမှန်တင်ပို့နေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ တရုတ်နိုင်ငံကို တင်ပို့ရောင်းချနိုင်ဖို့ ဦးစားပေးဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ဆန်စက်ပိုင်ရှင်တွေနဲ့ ဆန်ကုန်သည်တွေကိုလည်း တောင်သူတွေဆီက စပါးတိုးမြှင့်ဝယ်ယူပေးပါလို့ ဆန်စပါးအသင်းချုပ်က တိုက်တွန်းထားပါသေးတယ်။
“ဘယ်စက်ပိုင်မှ အရဲစွန့်ပြီး မဝယ်ရဲဘူး ဆန်စပါးအသင်းချုပ်က အတွင်းရေးမှူး ဦးနေလင်းဇင်ရဲ့ ဆန်စက်တွေ မြောင်းမြမှာရှိတယ် သူ့စက်တောင်မှမဝယ်တာ ဘယ်စက်ပိုင်က အရဲစွန့်ပြီးဝယ်မှာလဲ”လို့ ဧရာဝတီတိုင်းအတွင်းရှိ ဆန်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
မိုးစပါးသစ်တွေ စတင်ရိတ်သိမ်းပြီးနောက် ဆင်းသုခ တင်းတစ်ရာကို ၁၂သိန်းဝန်းကျင်၊ ဆာဖိုးသာ တင်းတစ်ရာကို ၁၀သိန်းဝန်းကျင်၊ နယူးဧရာတင်းတစ်ရာကို ၁၁သိန်းဝန်းကျင်သာ စျေးနှုန်းရရှိနေပြီး ဝယ်ယူသူနည်းပါးကာ သွင်းအားစု ကုန်ကျစရိတ်အောက်ကိုသာ စပါးစျေးနှုန်းက ရရှိနေတာကြောင့် တောင်သူတွေမှာ အရှုံးနဲ့ ရင်ဆိုင်နေရပါတယ်။
“အရင်လို ကုန်သွယ်မှု မကောင်းတော့တာကတပိုင်း၊ မင်းအောင်လှိုင်လက်ထက်မှာ ပို့ကုန်ရငွေတွေကို ကန့်သတ်လိုက်တာမှာလည်း နိုင်ငံခြားပို့ဖို့ဆို ကုန်သည်တွေက မကိုက်တော့ မပို့ချင်တော့ဘူး၊ အခုလို စျေးအရမ်းကျနေချိန်မှာ ဆန်ကိုပဲ တင်ပို့ဖို့ကြိုးစားနေတာထက် တစ်ကြိမ်တစ်ခါလောက် စပါးတင်ပို့ခွင့် ပေးတယ်ဆိုရင် လှောင်ကျန်တွေ ကုန်သွားနိုင်တယ်”လို့ ဧရာဝတီတိုင်းရှိ ဆန်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
စပါးစျေးနှုန်းတွေဟာ ၂၀၂၃ခုနှစ် မိုးစပါးစိုက်ရာသီကတည်းက ဆက်တိုက်ကျဆင်းလာခဲ့ပြီးနောက် လက်ရှိမှာ သွင်းအားစုစျေးနှုန်းအောက်ကို ရောက်ရှိနေခဲ့ပြီး တောင်သူတွေအချို့ဟာ လယ်မြေတွေကို စွန့်ခွာလာတဲ့အထိ ဖြစ်ပေါ်နေခဲ့ပါတယ်။