ရွေးကောက်ပွဲကိစ္စနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို တွန်းအားပေးဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို လာရောက်

မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်ဟာ မြန်မာနိုင်ငံက အာဏာသိမ်းစစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဒီကနေ့ အောက်တိုဘာ ၉ ရက်နေ့ မနက်ပိုင်းမှာ နေပြည်တော်ကို တစ်ရက်ကြာခရီးစဉ်အဖြစ် ထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။ ဝန်ကြီးနဲ့အတူ အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် စရီ အော့သ်မန် ဟာရှင်မ်လည်း လိုက်ပါသွားပါတယ်။
ဝန်ကြီး ဟာဆန်ရဲ့ Facebook စာမျက်နှာမှာတော့ မြန်မာနိုင်ငံ စစ်ကော်မရှင်ရဲ့ ဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဝန်ကြီးချုပ်နဲ့ အမျိုးသားစီမံကိန်းဝန်ကြီးဖြစ်သူ ဦးညိုစောတို့နဲ့ တွေ့ဆုံဆွေးနွေးဖို့ သွားရောက်ခြင်းဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဦးသန်းဆွေနှင့်လည်း တွေ့ဆုံသွားမယ်လို့ ရေးသားထားပါတယ်။
ဒီခရီးစဉ်ဟာ လာမယ့် ရွေးကောက်ပွဲကိစ္စနဲ့ ရပ်တန့်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ပြန်လည်တွန်းအားပေးဖို့ ရည်ရွယ်တယ်လို့ မလေးရှားအစိုးရက ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ ပြည်တွင်းစစ်မီးတောက်လောင်နေတဲ့ မြန်မာနိုင်ငံမှာ လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ အထွေထွေရွေးကောက်ပွဲ ပထမအဆင့်ကို စတင်ကျင်းပမယ်လို့ စစ်ကော်မရှင်က ကြေညာထားပေမယ့်၊ နိုင်ငံတကာက ဝေဖန်သူတွေကတော့ ဒါဟာ စစ်တပ်က သူတို့ရဲ့ ကိုယ်စားလှယ်တွေကနေတစ်ဆင့် အာဏာတည်မြဲရေးအတွက် လုပ်ဆောင်တဲ့ အတုအယောင်ရွေးကောက်ပွဲတစ်ခုအဖြစ် ရှုမြင်နေကြပါတယ်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မိုဟာမက် ဟာဆန်ဟာ စစ်ကော်မရှင်ကို “အပစ်အခတ်ရပ်စဲရေး၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ အတားအဆီးမရှိ ဝင်ရောက်ခွင့်ပြုရေးနဲ့ သက်ဆိုင်သူအားလုံး ပါဝင်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ရေး” ဆိုတဲ့ အချက်တွေပါဝင်တဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ဖို့ တိုက်တွန်းသွားမှာဖြစ်ပါတယ်။
ဒီခရီးစဉ်ဟာ “ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေကို ထိခိုက်စေပြီး အခြေအနေကို ပိုမိုဆိုးရွားစေခဲ့တဲ့” မကြာသေးမီက အပစ်အခတ်ရပ်စဲရေး ချိုးဖောက်မှုတွေကြောင့် အရေးတကြီး လာရောက်ရတာဖြစ်တယ်လို့ ဝန်ကြီးက ပြောကြားခဲ့ပါတယ်။ ဒါဟာ ဗုဒ္ဓဟူးနေ့က စစ်ကိုင်းတိုင်းအတွင်း အရပ်သားတွေကို စစ်ကော်မရှင်က တိုက်ခိုက်ခဲ့တာကြောင့် လူ ၄၀ ဝန်းကျင် သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်နဲ့လည်း တိုက်ဆိုင်နေပါတယ်။
မူလက အခြားသော အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေပါ လိုက်ပါပြီး စက်တင်ဘာလ ၁၉ ရက်နေ့မှာ ပြုလုပ်ဖို့ စီစဉ်ခဲ့ပေမယ့် ရွှေ့ဆိုင်းခဲ့တာပါ။ အခုအခါမှာတော့ ဒီခရီးစဉ်ကို အရေးတကြီး ပြန်လည်စတင်လိုက်တာဖြစ်ပေမယ့် အခြားသော နိုင်ငံခြားရေးဝန်ကြီးတွေပါ လာရောက်ခြင်း ရှိမရှိကိုတော့ မသိရသေးပါဘူး။
ဓာတ်ပုံ – Dato’ Seri Utama Haji Mohamad Bin Haji Hasan