YBS 61 ယာဉ်ပေါ်တွင် ခရီးသည်များကို သံတုတ်ဖြင့်ရိုက်နှက် ဖုန်းလုသူများ ဖမ်းဆီးရမိ

Author အောင်နိူင်သူ
Categories
Published on Nov 09, 2022

YBS 61 ယာဥ်ပေါ်တွင် ယမန်နေ့ညနေပိုင်းက ခရီးသည်များကို သံတုတ်ဖြင့် ရိုက်နှက်၍ ဖုန်းလုယူသူများကို ယနေ့နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့သည်ဟု YBS ယာဥ်မောင်းများထံမှ သိရသည်။

ယမန်နေ့ ညနေ ၄နာရီခန့်က မရမ်းကုန်းမြို့နယ် သမိုင်းစျေးဘူတာရုံလမ်း အနီးတွင် အမည်မသိအမျိုးသား ၇ ဦးမှ YBS 61 ကားပေါ်တက်လာကာ သံတုတ်များဖြင့် ခရီးသည်များအား ရိုက်နှက်ပြီး ဖုန်းများလုယူခဲ့သူများကို ဖမ်းဆီးရမိခဲ့တာဖြစ်သည်ဟု YBS ယညဥ်မောင်းတစ်ဦးက CJ Platform ကိုပြောသည်။

“ဒီနေ့ မနက်မိတယ်လို့ ကြားတယ် ယာဥ်မောင်းအပါအဝင်၈ ဦးမိတယ်လို့ ပြောတယ် မရမ်းကုန်းရဲစခန်းမှာ စစ်နေတယ်”ဟု ပြောသည်။

လုယက်သူများသည် ပရိုဘောက်ကားဖြင့် YBS 61 ခရီးသည်တင်ယာဥ်နောက်မှ ကပ်လိုက်လာကာ မီးပွိုင့်မိနေစဥ်ကားပေါ်တက်၍ ခရီးသည်များကို သံတုတ်များဖြင့်ရိုက်နှက်ကာ လုယက်ခဲ့၍ အမျိုးသမီးတစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက CJ Platform ကိုပြောသည်။

“လူတွေရော ကားပါမိထားပါတယ် ဒီနေ့မနက်ပဲ မိတာ အခုရဲစခန်းမှာ ချုပ်ထားတယ်”ဟု ရှင်းပြသည်။

ပြစ်မှုကျူးလွန်သူဟု စွပ်စွဲခံရသူ ကိုအောင်မျိုးသန့်၊ ကိုဖြိုးမောင်၊ ကိုလှိုင်ဖြိုးမောင်၊ ကိုမျိုးမင်းအောင် ၊ကိုထွန်းထွန်းဦး၊ ကိုအောင်ကျော်ဆန်း၊ကိုဝင်းထူးနှင့် ကိုမင်းသိန်းနိူင်တို့ကို ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုတဲ့ ပရိုဘောက်စ်ကား GG/5704 ကားနှင့်အတူ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး မရမ်းကုန်းမြို့မရဲစခန်းမှ စစ်ဆေးနေသည်ဟုရဲတပ်ဖွဲ့နှင့် နီးစပ်သူတွေဆီက သိရသည်။

ရန်ကုန်တိုင်း မြို့နယ်အချို့တွင် ပြီးခဲ့သည့်လတွေက YBS ခရီးသည်တင်ယာဥ်များပေါ်တွင် အုပ်စုဖွဲ့ဓားပြတိုက် လုယက်မှုများ မကြာခဏဖြစ်ပွားခဲ့သည်။

ဓာတ်ပုံ- CJ

Telegram Link: https://t.me/cjplatform

YouTube Link: https://www.youtube.com/@cjplatform

Twitter Link: https://twitter.com/CjPlatform