WHO က သေဆုံးမှုတွေ မြင့်တက်လာမှုကို သတိပေးနေခိုက်မှာပဲ ဂါဇာဒေသရဲ့ အကြီးဆုံးဆေးရုံနှစ်ရုံဟာ ခွဲစိတ်ကုသပေးမှုအားလုံး ရပ်ဆိုင်းလိုက်ရ

Author အဂ္ဂ
Categories
Published on Nov 14, 2023

ဂါဇာက အကြီးဆုံးဆေးရုံနှစ်ခုဟာ လူနာတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေသေဆုံးမှု မြင့်တက်လာနေတယ်လို့ အစီရင်ခံစာတွေ ထွက်ပေါ်နေတဲ့ ကြားထဲမှာပဲ အစ္စရေးရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့ ဆေးဝါးနဲ့ လောင်စာတွေ ပြတ်လပ်တော့မှာဖြစ်တဲ့အတွက် လူနာအသစ်တွေ လက်ခံကုသပေးမှုကို ရပ်ဆိုင်းလိုက်ပါတယ်။

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က လူသေဆုံးမှု မြင့်တက်လာတာကို တားဆီးနိုင်ဖို့ ချက်ချင်း အပစ်အခတ်ရပ်စဲကြဖို့ကို တောင်းဆိုနေတဲ့ အခိုက်မှာ ဂါဇာဒေသရဲ့ အကြီးဆုံးနဲ့ ဒုတိယ အကြီးဆေးရုံ‌တွေဖြစ်တဲ့ Al-Shifa (အယ်လ်ရှီဖာ) နဲ့ Al-Quds (အယ်လ်ကွတ်) ဆေးရုံတွေဟာ ခွဲစိတ်ကုသ‌ပေးမှုတွေအားလုံး ရပ်ဆိုင်းထားပါတယ်ဆိုပြီး တနင်္ဂနွေနေ့ (နိုဝင်ဘာ ၁၂ ရက်) တုန်းက အသီးသီးပြောခဲ့တာပါ။

 

Al-Shifa ဆေးရုံက အာရုံကြောခွဲစိတ်ဆရာဝန်တစ်ဦးဖြစ်တဲ့ ‌ဒေါက်တာ Nidal Abu Hadorus (နီဒယ်အဘူဟားဒိုရပ်စ်) က လူနာတွေနဲ့ ဆေးရုံဝန်ထမ်းတွေဟာ လျှပ်စစ်မီး၊ ရေနဲ့ ဆေးရုံထဲကထွက်ဖို့  လုံခြုံတဲ့လမ်းကြောင်းတွေ မရှိတဲ့ ကပ်ဘေးကြုံနေရတဲ့ အခြေအနေဖြစ်နေပြီလို့ ဆိုပါတယ်။

 

“ဒီအခြေအနေကို ကြာကြာတောင့်ခံနိုင်မှာ မဟုတ်ပါဘူး၊ လူနာတွေနဲ့ ဝန်ထမ်းတွေကို ကယ်ဆယ်နိုင်ဖို့ ကြားဝင်ဆောင်ရွက်ပေးမှုတွေ ချက်ချင်းလုပ်ပေးဖို့ လိုအပ်နေပါပြီ” လို့ Abu Hadorus က Al Jazeera (အယ်ဂျာဇီးရား) သတင်းဌာနကိုပြောပါတယ်။

 

ဂါဇာမြောက်ပိုင်းမှာရှိတဲ့ Kamal Adwan  (ကာမယ်အက်ဒ်ဝမ်) ဆေးရုံကလည်း ဆေးရုံရဲ့ ပင်မမီးအားပေးစက်က လောင်စာဆီကုန်သွားတာကြောင့် ခွဲစိတ်ကုသမှုအားလုံး ရပ်ဆိုင်းထားရတယ်လို့ ဆေးရုံရဲ့ညွှန်ကြားရေးမှူးဖြစ်သူ  Ahmed al-Kahlot (အာမက်အယ်လ်ခါ့လောက်) က Al Jazeera ကိုပြောပါတယ်။

 

WHO ရဲ့ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Tedros Adhanom Ghebreyesus (တက်ဒို့အဒ်ဟမ်နွန် ဂယ်ဘရီယေ့ဆပ်) ကတော့ Al-Shifa ဆေးရုံရဲ့အခြေအနေဟာ “သေရေးရှင်ရေးဖြစ်ပြီး အလွန်ဘေးသင့်နိုင်တဲ့အခြေအနေ” ဖြစ်တယ်လို့ ပြောပါတယ်။

 

“ဘေးကင်းရာနေရာဖြစ်သင့်တဲ့ ဆေးရုံတွေဟာ သေခြင်းတရား၊ ပျက်စီးခြင်းနဲ့ စိတ်ပျက်အားငယ်စရာအဖြစ်ကို ပြောင်းလဲသွားနေတဲ့အခါမှာ ကမ္ဘာကြီးက နှုတ်ဆိတ်မနေနိုင်တော့ပါဘူး။ Al-Shifa ဆေးရုံဟာလည်း ဆေးရုံတစ်ရုံလို လုပ်ငန်းတွေ လုပ်ဆောင်နိုင်ခြင်းမရှိတော့ပါဘူး” လို့ Tedorus Adhanom Ghebreyesus က လူမှုကွန်ရက် X မှာတင်ခဲ့ပါတယ်။

 

ပြီးခဲ့တဲ့ သောကြာနေ့ (နိုဝင်ဘာ ၁၀ ရက်) က အစ္စရေးတို့ရဲ့ ဆေးရုံနယ်မြေအနီးအနားကို ဗုံးကြဲတိုက်ခိုက်ခဲ့မှုနဲ့ ရုန်းရင်းဆန်ခတ် အခြေအနေအတွင်းမှာ  Al-Shifa ဆေးရုံက သူနာပြုသုံးဦး သေဆုံးခဲ့ရတယ်လို့  အစ္စရေးတို့ သိမ်းပိုက်ခံထားရတဲ့ ပါလက်စတိုင်းနယ်မြေအတွင်းက ကုလသမဂ္ဂ ကယ်ဆယ်ရေးအေဂျင်စီကနေပြီး တနင်္လာနေ့ (နိုဝင်ဘာ ၁၃)က  ၎င်းတို့ရဲ့ နောက်ဆုံးသတင်းထုတ်ပြန်ချက်မှာ ပြောကြားခဲ့ပါတယ်။

 

လမစေ့သေးဘဲမွေးလာတဲ့ ကလေးငယ်နှစ်ဦးအပါအဝင် လူနာ (၁၂) ဦးဟာ လျှပ်စစ်မီး စတင်ပြတ်တောက်ကတည်းက သေဆုံးခဲ့ပြီး နှလုံးသွေးကြောဆိုင်ရာရောဂါတွေ ကုသတဲ့ အဆောက်အဦနဲ့ သားဖွားခန်းတွေ အပါအဝင် အရေးကြီးတဲ့ အခြေခံအဆောက်အဦတွေဟာလည်း ဆိုးဆိုးရွားရွား ပျက်စီးသွားခဲ့တယ်လို့ UN အေဂျင်စီရဲ့ ပြောကြားချက်အရ သိရပါတယ်။

 

ဂါဇာကျန်းမာရေးဝန်ကြီးဌာနကတော့ လမစေ့ဘဲ မွေးလာတဲ့ ကလေးငယ်သုံးဦး သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

 

WHO ကတော့ လူနာ (၆၀၀-၆၅၀)၊ ကျန်းမာရေးလုပ်သား (၂၀၀-၅၀၀) နဲ့ နေရပ်စွန့်ခွာထွက်ပြေးလာရသူ (၁၅၀၀) ဝန်းကျင်ဟာ ဘေးကင်းရာကို ထွက်ခွာလာနိုင်ခြင်းမရှိဘဲ ဆေးရုံထဲမှာ ပိတ်မိကျန်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

 

ဟားမက်စ်တွေ ထိန်းချုပ်ထားတဲ့ ကျန်းမာရေးဝန်ကြီးဌာနကတော့ အဲ့ဒီလူနာတွေထဲမှာ လမစေ့ဘဲ မွေးလာတဲ့ကလေးတွေကို ထည့်သွင်းပြုစုရတဲ့ စက်ပစ္စည်းတွေ မရှိတာကြောင့် သေဆုံးနိုင်တဲ့ ကလေးငယ် (၃၆) ဦးလည်း ပါတယ်လို့ ဆိုပါတယ်။

 

အစ္စရေး တာဝန်ရှိသူတွေက ဟားမက်စ်တွေရဲ့ ကွပ်ကဲမှု ဗဟိုဌာနတည်ရှိနေတယ်လို့ အခိုင်အမာဆိုနေတဲ့  Al-Shifa ဆေးရုံအပါအဝင် ဂါဇာကမ်းမြောင် မြောက်ပိုင်းမှာရှိတဲ့ ဆေးဘက်ဆိုင်ရာ အဆောက်အဦတွေကို  အစ္စရေးစစ်တပ်ဟာ ဝိုင်းရံပိတ်ဆို့ထားတာလည်း ဖြစ်ပါတယ်။

 

ဟားမက်စ်တွေနဲ့ ဆေးရုံတာဝန်ရှိသူတွေကတော့ ဆေးရုံနယ်မြေထဲမှာ ဘာစစ်ဘက်ဆိုင်ရာ အဆောက်အဦမှ ဖုံးကွယ်ထားတာမျိုး မရှိဘူးလို့ ငြင်းဆိုထားပါတယ်။

 

ပါလက်စတိုင်းတာဝန်ရှိသူတွေနဲ့  ဆေးရုံအထဲကလူတွေကတော့ အစ္စရေးစစ်တပ်ဟာ ဆေးရုံနယ်မြေကို  စစ်လက်နက်တွေ လက်ဖြောင့်သေနတ်သမားတွေနဲ့ တိုက်ရိုက်ပစ်မှတ်ထားနေတယ်လို့ ဆိုပါတယ်။

 

ကျန်းမာရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် Munir al-Boursh (မူနီယာအယ်ဘိုရပ်ရ်)  က လက်ဖြောင့်သေနတ်သမားများတွေဟာ  ဆေးရုံနယ်မြေအတွင်းက ဘယ်လှုပ်ရှားမှုမျိုးကိုမဆို ပစ်ခတ်နေတယ်လို့ ပြောပါတယ်။

 

“အိမ်တွေထဲမှာ ဒဏ်ရာရနေသူတွေ ရှိနေပေမယ့် သူတို့ဆီကို ကျွန်တော်တို့သွားလို့မရဘူး၊ ကျွန်တော်တို့ရဲ့ ခေါင်းတွေကို ပြတင်းပေါက်အပြင်ဘက်ကိုထွက်လို့ မရဘူး” လို့ သူက Al Jazeera ကိုပြောခဲ့ပါတယ်။

 

အစ္စရေးစစ်တပ်ကတော့ သူတို့တွေဟာ မွေးကင်းစ ကလေးငယ်တွေ ရွှေ့ပြောင်းပေးဖို့ကမ်းလှမ်းခဲ့ကြောင်းနဲ့ လောင်စာဆီ လီတာ ၃၀၀ (ဂါလံ ၈၀) ကို ဆေးရုံဝင်ပေါက်မှာ ထားပေးခဲ့တယ်ဆိုတာရယ်၊ ကွန်တိန်နာတွေသယ်ပြီး မြေပေါ်ချနေတဲ့ အစ္စရေးစစ်သားတွေရဲ့ ရုပ်သံဖိုင်ရယ်ကိုထုတ်ပြခဲ့ပြီး သူတို့ရဲ့ကြိုးပမ်းမှုတွေကို ဟားမက်စ်တွေဘက်က တားဆီးပိတ်ဆို့နေတယ်ဆိုတဲ့အကြောင်းကို တနင်္ဂနွေနေ့ (နိုဝင်ဘာ ၁၂ ရက်) မှာ ပြောခဲ့ပါတယ်။

 

ဟားမက်စ်တွေကတော့ လောင်စာဆီကို လက်ခံခဲ့ခြင်းမရှိကြောင်းနဲ့ ဆေးရုံဟာ ကျန်းမာရေးဝန်ကြီးဌာနရဲ့ လုပ်ပိုင်ခွင့်အောက်မှာသာ ရှိနေတယ်ဆိုပြီး ပြန်လည်ငြင်းဆိုခဲ့ပါတယ်။

 

Al-Shifa ဆေးရုံရဲ့ ညွှန်ကြားရေးမှူးဖြစ်သူ Muhammad Abu Salmiya (မိုဟာမက်အဘူဆယ်မီရာ) ကလည်း အစ္စရေးတို့ရဲ့ ထုတ်ပြန်ချက်ဟာ “ဝါဒဖြန့်မှု” သာဖြစ်တယ်လို့ ငြင်းဆိုခဲ့ပါတယ်။

 

“အစ္စရေးတွေဟာ ကမ္ဘာကြီးကို သူတို့တွေဟာ ကလေးတွေကို သတ်မနေပါဘူးလို့ ပြချင်နေတာပါ။  မိနစ်သုံးဆယ်လောက်သာ အသုံးခံမယ့် လောင်စာဆီ လီတာ ၃၀၀ လေးနဲ့ သူတို့ရဲ့ ပုံရိပ်ကို ဖုံးဖိဖာထေးဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်” လို့ Abu Salmiya က Al Jazeera ကိုပြောပါတယ်။

 

အောက်တိုဘာ (၇) ရက်နေ့မှာ အစ္စရေးတောင်ပိုင်းကို ဟားမက်စ်တွေ တိုက်ခိုက်ခဲ့မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ လုပ်ဆောင်ခဲ့တဲ့ အစ္စရေးတို့ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့ မြေပြင်ထိုးစစ်တွေကြောင့် တိုက်ပွဲဖြစ်ပွားရာနယ်မြေတွင်းက ဂါဇာဒေသရဲ့ ဆေးရုံ (၃၅) ခုရဲ့ ထက်ဝက်ကျော်ဟာ ဆက်လက် လည်ပတ်နိုင်ခြင်း မရှိတော့ပါဘူး။

 

ဟားမက်စ်တွေကို အပြတ်ချေမှုန်းမယ်ဆိုတဲ့ အစ္စရေးတို့ရဲ့ တိုက်ပွဲကြောင့် အနည်းဆုံး ပါလက်စတိုင်းလူမျိုး (၁၁,၀၇၈) ဦး သေဆုံးခဲ့ရပြီးဖြစ်တယ်လို့ ဂါဇာကျန်းမာရေးဝန်ကြီးဌာန အ‌ဆိုအရ သိရပါတယ်။

 

ဂါဇာဒေသတွင်းက ဆေးရုံတွေမှာ ဆက်သွယ်ရေးပြတ်တောက်ပြီး  ဝန်ဆောင်မှုတွေ ပျက်ပြားကုန်တာကြောင့် သောကြာနေ့ (နိုဝင်ဘာ ၁၀ ရက်) ကတည်းက သေဆုံးမှုစာရင်းရဲ့ နောက်ဆုံးအခြေအနေကိုတော့ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ထပ်မံဖြည့်စွက်နိုင်ခြင်းမရှိသေးပါဘူး။

 

Reference – Gaza’s two biggest hospitals cease operations as WHO warns of rising deaths /Al Jazeera English

ပုံစာညွှန်း – ဂါဇာရှိ Al-Shifa ဆေးရုံ

(Bashar Talab/AFP)