လွယ်ခေါ်ကျေးရွာအနီး တိုက်ပွဲအတွင်း စစ်အုပ်စုဘက်က ထိခိုက်မှုများနေပြီး စစ်မှုထမ်းတပ်သားသစ်တွေ သေဆုံးမှုပိုများ

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ လွယ်ခေါ်ရွာအနီးမှာ စစ်အုပ်စုနဲ့ တအာင်းတပ်မတော် (TNLA) ပူးပေါင်းတပ်တို့အကြား တိုက်ပွဲပြင်းထန်ပြီး စစ်မှုထမ်းတပ်သားသစ် စုဆောင်းခံရသူတွေ သေဆုံးမှုများနေတယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော် (DPLA) ထံက သိရပါတယ်။
အခု အောက်တိုဘာ ဒုတိယပတ်အတွင်း သီပေါမြို့ကို ဦးတည်တဲ့ စစ်အုပ်စုစစ်ကြောင်းနဲ့ TNLA၊ DPLA ပူးပေါင်းတပ်တို့ မန္တလေး-မူဆယ်ကားလမ်းတစ်လျှောက်မှာ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး စစ်အုပ်စုက စစ်မှုထမ်းတပ်သားသစ်အများအပြားကို အသုံးပြု စစ်ကြောင်းထိုးနေတယ်လို့လည်း DPLA သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
“အခု စစ်ကောင်စီစစ်ကြောင်းတွေမှာ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားပါဝင်ပြီးတော့ အရမ်းရဲတင်းပြီး ရှေ့ကို ထိုးတက်လာတာမျိုးတွေ တွေ့ရတယ်။ မူးယစ်ဆေး ထိုးကျွေးပြီး ရှေ့ကို အရမ်းတက်ခိုင်းတာမျိုးတွေ ရှိတယ်လို့ ယူဆရတယ်” လို့ DPLA သတင်းပြန်ကြားရေးတာဝန်ခံက CJ Platform ကို ပြောပါတယ်။
စစ်အုပ်စု စစ်ကြောင်းထိုးနေချိန် ရှေ့တန်းကနေ တက်လာသူတွေဟာ အကာအကွယ်မပါဘဲ ရှေ့ကို ဇွတ်တက်တာမျိုးတွေကြောင့် အထိအခိုက်အကျအဆုံး အရမ်းများနေတာဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။ စစ်အုပ်စုဘက်က လေကြောင်း၊ လက်နက်ကြီး၊ သာလွန်လူအင်အားတွေနဲ့ စစ်ကြောင်းထိုးနေပေမဲ့ အတတ်နိုင်ဆုံး ခုခံကာကွယ်သွားမယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် တိုက်ပွဲဖြစ်ပွားရာ အနီးဝန်းကျင်ကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေလည်း လုပ်ဆောင်နေတာကြောင့် ဒေသခံပြည်သူအများအပြား နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရတယ်လို့လည်း သိရပါတယ်။
ကျောက်မဲနဲ့ သီပေါမြို့ လမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်နေချိန် စစ်အုပ်စုက သီပေါမြို့ပေါ် ရပ်ကွက်တွေနဲ့ ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေလည်း လုပ်ဆောင်နေတာကြောင့် အောက်တိုဘာ ၁ရက်နေ့ကနေ ၁၀ရက်နေ့အတွင်း ဒေသခံပြည်သူ ၂ ဦး သေဆုံးခဲ့ကာ ၆ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ဟိုတယ်တစ်လုံးအပါအဝင် ဒေသခံနေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ပါတယ်။
၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA သိမ်းယူထိန်းချုပ်ခဲ့တဲ့ မြို့တွေကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်ဆောင်နေပြီး စစ်မှုထမ်းတပ်သားသစ် အင်အားအများအပြားနဲ့ မြေပြင်စစ်ကြောင်းထိုးမှုတွေလည်း လုပ်ဆောင်နေတာကြောင့် နောင်ချိုမြို့နဲ့ ကျောက်မဲမြို့တို့ကို TNLA က ပြန်လည်လက်လွှတ်ထားခဲ့ရပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်