ကြံ့ခိုင်ရေးပါတီဝင် ကိုးကန့်သူဌေး မြီရှောက်ချန်းရဲ့ မိသားစုဝင်တွေကို တရုတ်က သေဒဏ်ပေး

Author CJ Platform
Categories
Published on Sep 29, 2025

တရုတ်နိုင်ငံ၊ ဝမ်ကျိုးပြည်သူ့တရားရုံးကနေ မြန်မာနိုင်ငံ၊ ကိုးကန့်ဒေသမှာ အခြေစိုက်ပြီး အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ တည်ထောင်ခဲ့တဲ့ ကိုးကန့်သူဌေး မြီရှောက်ချန်းရဲ့ သား မြီကော်ဖျင်၊ မြေးဖြစ်သူ မြီကြိမ်းကြိမ်းနဲ့ လက်နက်ကိုင်ခေါင်းဆောင် ကျိုးဝေချန်းတို့အပါအဝင် ၁၁ ဦးကို သေဒဏ်၊ နောက်ထပ် ၅ ဦးကို ၂ နှစ် ဆိုင်းငံ့သေဒဏ်၊ ၁၁ ဦးကို ထောင်ဒဏ်တစ်သက်နဲ့ ကျန် ၁၂ ဦးကို ထောင်ဒဏ် ၅ နှစ်ကနေ ၂၄ နှစ်အထိ အသီးသီး ချမှတ်လိုက်ပါတယ်။

 

၂၀၁၅ ခုနှစ်ကတည်းက မြီမိသားစုဟာ သူတို့ရဲ့ ဩဇာအာဏာကိုသုံးပြီး ကိုးကန့်ဒေသမှာ ‘စက်မှုဇုန်’ လို့ အမည်တပ်ထားတဲ့ ရာဇဝတ်နယ်မြေတွေ တည်ထောင်ခဲ့ပါတယ်။ သူတို့ဟာ ‘ရင်းနှီးမြှုပ်နှံသူ’ လို့ခေါ်တဲ့ ဝူဟုန်မင်လို ငွေရှင်တွေနဲ့ ပေါင်းပြီး လက်နက်ကိုင် အကာအကွယ်ပေးကာ ဆိုက်ဘာငွေလိမ်လည်မှု၊ လောင်းကစား၊ မူးယစ်ဆေးဝါးနဲ့ ပြည့်တန်ဆာလုပ်ငန်းတွေကို လုပ်ကိုင်ခဲ့ပြီး တရားမဝင်ငွေကြေး တရုတ်ယွမ် ဘီလီယံ ၁၀ ကျော် ရှာဖွေခဲ့ပါတယ်လို့ တရားရုံးက ဆိုပါတယ်။

 

သူတို့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် လူ ၁၀ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့မှာ ငွေလိမ်ဂိုဏ်းသားတွေကို တရုတ်ပြည်ဘက် မလွှဲရအောင် ကြိုးစားရင်း လူတွေကို ပစ်ခတ်ခဲ့လို့ နောက်ထပ် ၄ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရခဲ့ပါတယ်။

 

ဒီရာဇဝတ်ဂိုဏ်းကို ဦးဆောင်ခဲ့တာကတော့ ကိုးကန့်ဒေသမှာ ဩဇာအာဏာရှိတဲ့ မြီမိသားစု ဖြစ်ပါတယ်။ ခေါင်းဆောင် မြီရှောက်ချန်းဟာ ကြံ့ခိုင်ရေးပါတီဝင်၊ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးဖြစ်ပြီး၊ သူ့ရဲ့သား မြီကော်ဖျင်က ကိုးကန့်နယ်ခြားစောင့်တပ်ရဲ့ ခေါင်းဆောင်တစ်ဦးပါ။ သူတို့ဟာ ဒီနိုင်ငံရေးနဲ့ စစ်ရေးအာဏာကို အသုံးချပြီး သူတို့ရဲ့ ရာဇဝတ်လုပ်ငန်းတွေကို အကာအကွယ်ပေးခဲ့ကြတာ ဖြစ်ပါတယ်။

 

မြီရှောက်ချန်းကတော့ အဖမ်းခံရပြီးနောက် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ပြီး၊ သူ့ရဲ့ သား၊ သမီးနဲ့ မြေးဖြစ်သူတို့ကိုတော့ တရုတ်အာဏာပိုင်တွေလက်ထဲ မြန်မာစစ်တပ်က လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။ နောက်ထပ်သားဖြစ်သူ မြီကိုအန်းရဲ့ အမှုကိုတော့ သီးခြားကိုင်တွယ်နေတယ်လို့ တရားရုံးက ထုတ်ပြန်ထားပါတယ်။

 

ဓာတ်ပုံ – CCTV