ပျက်စီးသွားတဲ့ ကျောင်းနဲ့ ဆေးရုံတွေ ပြန်လည်ထူထောင်ရေးအတွက် စစ်ကော်မရှင်က အာဆီယံကို အကူအညီတောင်းခံ

Author CJ Platform
Categories
Published on Oct 15, 2025

ပြီးခဲ့တဲ့ ၅ နှစ်အတွင်း သဘာဝဘေးအန္တရာယ်တွေကြောင့် ပျက်စီးသွားခဲ့ရတဲ့ စာသင်ကျောင်းတွေနဲ့ ကျန်းမာရေးစင်တာတွေကို ပြန်လည်တည်ဆောက်နိုင်ဖို့အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ အကူအညီကို လိုအပ်နေတယ်လို့ စစ်ကော်မရှင်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့မှာ ကျင်းပတဲ့ ၄၇ ကြိမ်မြောက် အာဆီယံ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးမှာ စစ်ကော်မရှင်လက်အောက်ခံ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါ်လဲ့လဲ့အေးက အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

“ကျွန်မတို့ရဲ့ စာသင်ကျောင်းတွေနဲ့ ကျန်းမာရေးစင်တာတွေကို ပြန်လည်တည်ဆောက်ဖို့ အာဆီယံအဖွဲ့ဝင်တွေနဲ့ တခြားနိုင်ငံတွေရဲ့ အကူအညီကို လိုအပ်ပါတယ်” လို့ သူက မလေးရှားနိုင်ငံ သတင်းဌာန Bernama ကို ပြောခဲ့ပါတယ်။

မတ်လက လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် လူ ၃,၇၀၀ နီးပါး သေဆုံးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ဘီလျံ ၇,၉၀၀ ကျော်ရှိတယ်လို့ စစ်ကော်မရှင်ရဲ့ စာရင်းတွေအရ သိရပါတယ်။

 

ငလျင်ဖြစ်ပွားခဲ့တာ ၆ လကျော် ကြာမြင့်ခဲ့ပေမယ့် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေက နှေးကွေးနေဆဲဖြစ်ပါတယ်။ ငလျင်ပြီးနောက် စစ်ကော်မရှင်ဟာ နိုင်ငံတကာနဲ့ ပြည်တွင်းပြည်ပ အလှူငွေ အမေရိကန်ဒေါ်လာ ၅၅ဒဿမ၈ သန်း ရရှိထားပါတယ်။ ငလျင်အလှူငွေတွေအပါအဝင် သဘာဝဘေးရန်ပုံငွေကနေ ငွေကျပ် ၈၁ ဘီလျံကျော်ကို ပြန်လည်ထူထောင်ရေးအတွက် အသုံးပြုထားပြီးနောက် ငွေကျပ် ဘီလျံ ၉၀၀ ကျော်လည်း အသုံးပြုဖို့ ရှိတယ်လို့ စစ်ကော်မရှင်က ထုတ်ပြန်ပါတယ်။

 

ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ကိုယ်ထူကိုယ်ထ လုပ်ဆောင်နေကြရပါတယ်။ ငလျင်ဒဏ် အဓိကခံခဲ့ရတဲ့ စစ်ကိုင်းမြို့မှာဆိုရင် အကူအညီပေးရေးလုပ်ငန်းတွေလည်း ရပ်ဆိုင်းထားလိုက်ပါပြီ။

 

“ခုကတော့ ဘာအထောက်အပံ့မှ မလုပ်တော့ပါဘူး။ အိမ်ပြိုတာတွေကြောင့် နှစ် ၇၀၀ ကွင်းထဲ နေကြရသူတွေတောင် မရှိကြတော့ဘူးလေ။ ကိုယ့်ဘာသာ ပြန်ဆောက်ရတာလေ” လို့ ငလျင်ဒဏ်သင့်ခဲ့ရတဲ့ စစ်ကိုင်းမြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

စစ်ကော်မရှင်ဟာ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေ ပြန်လည်ထူထောင်ဖို့ နိုင်ငံတကာကို အကူအညီတောင်းခံနေပေမယ့် တစ်ဖက်မှာတော့ စာသင်ကျောင်းနဲ့ ဆေးရုံတွေကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်နေပါတယ်။

 

၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းပြီးကတည်းကနေ ၂၀၂၅ ဩဂုတ်လအထိ စာသင်ကျောင်းပေါင်း ၂၅၉ ကျောင်းနဲ့ ဆေးရုံနဲ့ ဆေးခန်းပေါင်း ၉၃ ခုထက်မနည်း လေကြောင်းတိုက်ခိုက်ခံရတယ်လို့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့ရဲ့ အစီရင်ခံစာတွေအရ သိရပါတယ်။

 

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က အိုးတိမ်တွင်းရွာ လေကြောင်းတိုက်ခိုက်ခံရပြီး ကျောင်းသားကလေးငယ်တွေနဲ့ ဆရာတွေ အများအပြား သေဆုံးခဲ့ရပြီးနောက်မှာ ကြားကာလ စာသင်ကျောင်းတွေ အများအပြား ပိတ်ထားလိုက်ရပါတယ်။ မကြာသေးခင်ကလည်း မင်းတပ်နဲ့ ဟားခါးဒေသတွေမှာ စာသင်ကျောင်းတွေကို ပစ်မှတ်ထား ဗုံးကြဲလာလို့ ကြားကာလ စာသင်ကျောင်းတွေကို ပိတ်ခဲ့ရပါတယ်။

 

ဓာတ်ပုံ – အာဆီယံ

 

Related News

Depend on news